သဘာဝကပေး အစာနှင့်ဆေး ၊ စောင်းလျား

ငယ်ငယ်စဥ်ကလေးဘဝက ကျောင်းမှအိမ်သို့အပြန်လမ်းရှိ ကြီးတော်အိမ်ရှေ့တွင်ရှိသော စောင်းလျားပင်ကြီး အောက်သို့ ပြေးဝင်ပြီး ပခုံးမှာလွယ်ထားသော စာအုပ်အပြည့်နှင့် လွယ်အိတ်ကြီးကို ချ၊ မြေကြီးပေါ် ကြွေကျနေသော စောင်းလျားသီးမှည့်လေးကို ကောက်၊ ကျောင်စိမ်းဂါဝန်အင်္ကျီလေးနှင့်သန့်ရှင်းရေးလုပ် ပြီး စားလိုက်တာပဲ။ ချဥ်ပြုံးပြုံးအရသာနှင့် အရည်ရွှမ်းသော စောင်းလျား သီးလေးစားမိလိုက်လျှင်ပင် အမောတွေပြေသွား၏။ ပြီးလျှင် အိမ်မှာ သုပ်စားဖို့ အသီးကြွေလေးတွေကို ကောက်၊ လွယ်အိတ်လွယ်ပြီး ကြီး တော်ကြီးကို အော်နှုတ်ဆက်ပြီး အိမ်ပြန်တော့တာ ... အခုတော့လည်း စောင်းလျားပင်နှင့်အတူ အမှတ်ရစရာ ငယ်ဘဝလေးကို တမ်းတလွမ်းရပြန်ပြီ။
စောင်းလျားပင်၏ အင်္ဂလိပ်အမည်ကို Star Fruit ဟု ခေါ်ဆိုကြသကဲ့သို့ Five Corner Fruit ဟုလည်းခေါ်ကြ၏။ ရုက္ခဗေဒအမည်မှာ Averrhoa carambola ဟုလည်း ခေါ်ဆိုကာ မျိုးရင်း Oxalidaceae တွင်ပါဝင်၏။ စောင်းလျားပင်သည် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် အရှေ့တောင် တရုတ်ဒေသများမှ သဘာဝအလျောက် စတင်ဖြစ်ထွန်းပေါက်ရောက်၏။ ထို့နောက် သြစတြေးလျကုန်သည်များက အိန္ဒိယတိုက်ငယ်နှင့် သီရိလင်္ကာနိုင်ငံတို့ဆီသို့ အခြားသော အရှေ့တောင်အာရှဒေသထွက် သစ်သီးများနှင့်အတူ မိတ်ဆက်သယ်ဆောင်ခြင်းဖြင့် ပျံ့နှံ့လာခဲ့၏။ ယခုနောက်ပိုင်းတွင် စောင်းလျားသီးကို ကမ္ဘာပေါ်ရှိ အပူပိုင်းနှင့် သမနွေးပိုင်းဒေသရှိ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ထိုင်ဝမ်နှင့် အမေရိကန်ပြည် ထောင်စု တောင်ပိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးလာကြ၏။
စောင်းလျားပင်သည် ကြီးထွားမှုနှေးသော အမြဲစိမ်းအပင်ငယ်မျိုးဖြစ်ပြီး အကိုင်းအခက်များစွာဖြင့် ချုံပင်မျိုး ဖြစ်၏။ အရွက်များသည် ရွက်ခြားထွက်ပြီး ပန်းပွင့်များမှာ သေးငယ်ပြီး ပန်းခရမ်းရောင်ရှိကာ စီစီရီရီပွင့်တတ်၏။ အသီးစိမ်းမှာ အစိမ်းနုရောင်ဖြစ်ပြီး မှည့်လာသည့်အခါ ပယင်းဝါရောင်အဖြစ် ပြောင်းလဲသွား၏။ အသီးတွင် ထောင့်ငါးထောင့်ပါရှိပြီး ကန့်လန်လှီးလိုက်ပါက ကြယ်ပုံသဏ္ဌာန်ထွက်ပေါ်လာသည့်အတွက် Star Fruit ဟု တင်စား ခေါ်ဝေါ် ခြင်းဖြစ်၏။
စောင်းလျားပင်၏ အရွက်နု၊ ပန်းပွင့်နှင့် အသီးတို့ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီးအဖြစ် စားသုံးတတ်ကြ၏။
စောင်းလျားစေ့ကိုအခြောက်ခံ၊ အမှုန့်ကြိတ်ပြီးနောက် ဆေးဝါးအဖြစ် ဖော်စပ်အသုံးပြုကြ၏။ စောင်းလျားသီးသည် ကယ်လိုရီပါဝင်မှုနည်းပါးသေားအသီးမျိုးဖြစ်ပြီး ဗီတာမင်စီအရင်းအမြစ်ကောင်းဖြစ်၏။ အသီးအလေးချိန် ၁၀၀ ဂရမ်နီးပါးရှိသော စောင်းလျားသီးတွင် အစာစွမ်းအင် ၂၈ ကယ်လိုရီ၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ အမျှင် ဓာတ်၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ဗီတာမင်စီ၊ ကော့ပါးနှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါဝင်၏။
ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းမှ သက်သာစေခြင်း - စောင်းလျား သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိပြီး ကြမ်း ထော်သည့်အနီပိမ့်များ ထွက်တတ်သည့် အရေပြားရောဂါများနှင့် အရေ ပြားနီပြီး ရောင်အမ်းနာကျင်ခြင်း အစရှိသည့် ဝေဒနာများကို သက်သာစေနိုင်စွမ်းရှိ၏။ ထို့အပြင် အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အတွက် ဘေး ဥပဒ်ဖြစ်စေသော free radicals များထွက်ခြင်းမှလည်း ဟန့်တားပေးနိုင်စွမ်းရှိ၏။
ကိုယ်အလေးချိန်လျော့ကျစေခြင်း - စောင်းလျားသီးတွင်ပါဝင်သည့်အမျှင်ဓာတ်သည့် ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဥ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းကြောင့် ဆာလောင်မွတ်သိပ်မှုကို ခံနိုင်ရည်ရှိပြီး အစာစားသည့်ပမာဏကိုလည်း လျော့နည်းစေနိုင်သည့်အတွက် ခန္ဓာကိုယ် အလေးချိန်လျော့ချလိုသူများအတွက် သင့်လျော် လှပေ၏။
ကိုယ်ခံစွမ်းအားကောင်းမွန်စေခြင်း - ဗီတာမင်စီသည် ကိုယ်ခံစွမ်းအားကို ကြံ့ခိုင်စေနိုင်သည့်ဂုဏ် သတ္တိရှိခြင်းကြောင့် စောင်းလျားသီးကို စားသုံးပေး ခြင်းဖြင့် ခန္ဓာကိုယ်တွင်းဝင်ရောက်လာမည့်ရောဂါပိုးမွှား များကို တိုက်ထုတ်ပေးနိုင်သည့် သွေး ဖြူဥများ ဖြစ်ထွန်းမှုကို အထောက် အကူပြုစေပြီး ကျန်းမာကြံ့ခိုင်သောကိုယ်ခံစွမ်းအားစနစ်ကို ပိုင်ဆိုင်စေ ၏။
နှလုံးကျန်းမာရေးကို အထောက် အကူပြုစေခြင်း - နှလုံးကျန်းမာရေးအတွက် အဓိကသော့ချက်သည် သွေးဖိအား ပုံမှန်အနေအထားရှိရန် လိုအပ်၏။ စောင်းလျားသီးတွင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေရန် အထောက်အကူပြုသည့်အပြင် ရုတ်တရက်နှလုံးဖောက်ခြင်းနှင့်လေဖြတ်ခြင်းဝေဒနာတို့ကို သက်သာ စေနိုင်စွမ်းရှိ၏။
ဆီးချိုရောဂါကို ထိန်းပေးနိုင်ခြင်း - စောင်းလျားသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးအတွင်းရှိ သကြားဓာတ်ပါဝင်မှု ပမာဏ ပုံမှန်ဖြစ်စေရန် အထောက်အကူပြုစေပြီး ဆီးချို ရောဂါဖြစ်ခြင်းမှ ထိန်းပေးနိုင်၏။
ကိုလက်စထရောကို ကျစေခြင်း - စောင်းလျားသီးသည် သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောပမာဏကို ကျဆင်းစေရန် အထောက် အကူပြုနိုင်ခြင်းကြောင့် နှလုံးသွေး ကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေ နိုင်၏။
ကင်ဆာရောဂါကို ဟန့်တားနိုင်ခြင်း - စောင်းလျားသီးမှထုတ်ယူရရှိသည့်အဆီအနှစ်သည် ကင်ဆာရောဂါကို ဆန့်ကျင်နိုင်စွမ်းရှိသည်ဟု လေ့လာမှုများအရ ဖော်ပြထား၏။
အစာခြေစနစ်ကို အားကောင်းစေခြင်း - အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့် စောင်းလျားသီးသည် အစာခြေ ဖျက်ခြင်းကို အားကောင်းစေသည့်အပြင် အစာခြေ လမ်းကြောင်းတစ်လျောက်ရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း ကြောင့် ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ ကြွက်တက် ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း အစရှိသည့် ဝေဒနာများမှ သက်သာ စေနိုင်စွမ်းရှိ၏။
စောင်းလျားအရွက်နုနှင့် အပွင့်တို့မှာ အနည်းငယ်ချဥ်သော အရသာ ရှိပြီး အစိမ်းအတိုင်း တို့စရာအဖြစ် စားသုံးနိုင်သကဲ့သို့ အသုပ်၊ ချဥ်ရည်ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ် စားသုံးနိုင်၏။
စောင်းလျားသီးအမှည့်၏ အခွံမှာ တောက်ပြောင်သော ပယင်းဝါရောင်ရှိပြီး အသီး၏အခွံကိုနှင့် အစေ့ကိုပါ စားသုံးနိုင်၏။ အသီးအရသာမှာ အနည်းငယ် ချိုချဉ်ဖြစ်သည့်အတွက် သဘာဝအတိုင်းသစ်သီးအဖြစ် စားသုံးနိုင်သကဲ့သို့ ဟင်းလျာများ အဖြစ်လည်း ပြင်ဆင်ချက်ပြုတ်ပြီး စားသုံးနိုင်၏။
စောင်းလျားသီးမှည့်ကို မထူမပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ မီးဖုတ်ထားသော ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ ငရုတ်သီးအလှော်ထောင်းတို့နှင့် သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ချိုချဥ်ငံစပ်အရသာဖြင့် စောင်းလျားသီးသုပ်လေးရပါပြီ။ ဗူးသီးဟင်းခါးပူပူလေး၊ ထမင်းဖြူလေးနှင့် တွဲဖက်ပြီး စားသုံးလျှင်ဖြင့် အလွန်ပင်ထမင်းမြိန်လှ၏။
စောင်းလျားသီးကို လက်ဖက်နှင့်နှပ်ပြီးစားသုံးကြသကဲ့သို့ အခြားသော အသီးများနှင့် ရောပြီးလျှင် သီးစုံအချဥ်ပေါင်း လည်းလုပ်စားကြ၏။ စောင်းလျားသီးကို သကြား၊ ထန်းလျက် တို့နှင့်ယိုထိုးပြီးလည်း စားသုံးကြ၏။
စောင်းလျားသီးနှင့် ငါးပြေမကို ဟင်းချက်စားလျှင် ဆီးချိုရောဂါကို ထိန်းပေးနိုင်သည်ဟု ဆိုကြ၏။
စောင်းလျားသီးကို ပါးပါးလှီး၊ သကြားရည်တစ်ရက်ကြာစိမ်နှပ်ပြီး တစ်ရက်အကြာတွင် အသီးဖတ် ဆယ် စားလျှင် အလွန်အရသာရှိလှ၏။ ရက်အနည်းငယ်ကြာကြာထားလိုက်ပါက စောင်းလျားသီးဝိုင်အဖြစ် ဆေးဖက်ဝင် သောက်သုံးနိုင်၏။
သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် စောင်းလျားပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူ ညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ အတွက် ဂေဟစနစ်ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ထိန်း သိမ်းနိုင်စေမည် ဖြစ်၏။
ကြေးမုံငယ်