သဘာဝကပေး အစာနှင့်ဆေး ၊ ဟင်းနုနွယ်

ဟင်းနုနွယ်ပင်၏အင်္ဂလိပ်အမည်မှာ Green amaranth ဟု လူသိများပြီး Slender amaranth, Pigweed နှင့် Tropical green amaranth ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Amaranthus viridis ခေါ်ဆိုပြီး မျိုးရင်း Amaranthaceae တွင်ပါဝင်၏။ ဟင်းနုနွယ်ပင်သည် အမေရိကတိုက်တွင်သဘာဝအတိုင်း ပေါက်ရောက်ဖြစ်ထွန်းခဲ့၏။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ မှ ၈၀၀၀ အတွင်း ပီရူးနိုင်ငံတွင် ဟင်းနုနွယ်ရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် စတင် စိုက်ပျိုးလာခဲ့ကြ၏။ အလယ်ပိုင်းနှင့် တောင်အမေရိကရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ အဓိကစားနပ်ရိက္ခာနှင့် အလှဆင်အပင်အဖြစ် ဟင်းနုနွယ်ပင်ကို စိုက် ပျိုးခဲ့ကြ၏။ မက္ကဆီကိုနိုင်ငံရှိ ရှေး ဟောင်းလူသားမျိုးနွယ်ဖြစ်သည့် Aztecs လူမျိုးတို့သည် ဟင်းနုနွယ်ပင်ကို မြင့်မြတ်သည်ဟု ယူဆကြပြီး ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းများတွင် အသုံးပြုခဲ့ကြ၏။
ယနေ့ခေတ်တွင်မူ ဟင်းနုနွယ်ပင်ကို တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အနောက်အာဖရိကနှင့် ကာရေဘီယံ တို့အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် သီးပင်စားပင်အဖြစ် စိုက်ပျိုးလာကြ၏။ မောလ်ဒိုက်ဗ်တွင် ဟင်းနုနွယ်ရွက် များကို ဟင်းလျာများချက်ပြုတ်ပြင်ဆင်ပြီး ရာစုနှစ်များစွာကြာအောင် စားသုံးခဲ့ကြ၏။ အနောက်အာဖရိကတွင် ဟင်းနုနွယ်ရွက်ကို ဆေးဖက်ဆိုင်ရာနှင့် စိတ်နှလုံးဝိညာဉ်ရေးဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုကြ၏။ မြန်မာနိုင်ငံတစ်နံတစ်လျားတွင်လည်း ဟင်းနုနွယ်ပင်ကို စိုက် ခင်းများပြုလုပ်စိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြ၏။ အချို့သောနေရာများတွင် ဟင်းနုနွယ်စေ့များကို ငှက်ကလေးများမှတစ်ဆင့် သို့မဟုတ် နောက်ချေး မြေသြဇာမှတစ်ဆင့် သယ်ဆောင်လာကြပြီး အပင်ပေါက်လေးများ ပေါက်လာတတ်ကြ၏။
ဟင်းနုနွယ်ပင်သည် အပင်အမြင့် ၅၀ မှ ၈၀ စင်တီမီတာအထိ ရှင်သန်ကြီးထွားနိုင်ပြီး စိမ်းစိုသော ပင်စည်တွင် အကိုင်းအခက်အလက်များ ဝေဝေဆာဆာဖြင့် ပေါက်ရောက်တတ် ၏။ ဘဲဥပုံသဏ္ဍာန် အစိမ်းရင့်ရောင် အရွက်များသည် အရှည် ၅ မှ ၁၀ စင်တီမီတာရှိပြီး အစွန်း နှစ်ဖက်ဆီသို့ ကျဉ်းမြောင်းသွား၏။
ကမ္ဘာပေါ်တွင်ဟင်းနုနွယ်မျိုးစိတ်ပေါင်း ၅၀ကျော်ခန့်ရှိပြီး ယင်းတို့တွင် တစ်နှစ်ခံပင်ရှိသကဲ့သို့ နှစ်ရှည်ပင်များလည်း ပါဝင်ကြ၏။ အချို့သော ဟင်းနုနွယ်ပင်များကို ဟင်း သီးဟင်းရွက်အဖြစ် စားသုံးကြသကဲ့သို့ အလှစိုက်အပင်များအဖြစ် လည်းကောင်း၊အာဟာရဓာတ်ကြွယ် ဝသောအစေ့အဆန်အဖြစ်လည်း ကောင်း စားသုံးကြ၏။ ဟင်းနုနွယ်ပင်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခြင်း၊ ဆေးအဖြစ်အသုံးပြုခြင်းနှင့် ဆေးဝါးများဖော်စပ်ထုတ် လုပ်ရာတွင် အသုံးပြုကြ၏။
ဟင်းနုနွယ်ပင်များသည် သက် တမ်းတိုသောအပင်များဖြစ်ပြီး လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလွယ်သော အပင်မျိုးဖြစ်ကြ၏။ ပန်းခိုင်လေးများကိုအပင်၏ထိပ်ပိုင်း ပင်စည် နှင့်အရွက်များကြားထောင့်တွင် ထွက်လေ့ရှိပြီး အပွင့်ငယ်လေးများ စုပြုံပြီးပွင့်တတ်ကြ၏။ အသီးတောင့် လေးများမှာ အစိမ်းရောင်မှသည် ရင့်လာသောအခါ အညိုရောင်သို့ ပြောင်း လဲသွား၏။ အသီးအတွင်းတွင် ချော မွတ်တောက်ပြောင်သော အနက်ရောင်အစေ့လေးများ ပါဝင်၏။
ဟင်းနုနွယ်ပင်ကို ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းဝေဒနာ၊ ဆီးနှင့်ပတ်သက်သောဝေဒနာများ၊ အပူလောင်နာများ၊ ပြည်တည်နာများ၊ လိပ်ခေါင်းရောဂါနှင့် မျက်လုံးထဲပိုးဝင်ခြင်းဝေဒနာများအတွက် ဆေးဝါးအဖြစ် အသုံးပြုကြ၏။
ဟင်းနုနွယ်ပင်တွင် ပရိုတင်း၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ သတ္တုဓာတ်များအဖြစ် ဖော့စ်ဖရပ်စ်၊ အိုင်းယွန်း၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဇင့်ခ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်တို့အပြင် ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီနှင့် ဗီတာမင်အီးတို့ ကြွယ်ဝစွာပါဝင်၏။
ဟင်းနုနွယ်ရွက်တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အစာ ခြေစနစ်၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ ကိုယ်အလေးချိန် ကိုထိန်းညှိပေးနိုင်ခြင်း၊ အသားအရေ ကို ကြည်လင်စေခြင်း၊ ဆံကေသာကျန်းမာစေခြင်းတို့အတွက် အထောက်အကူကောင်းများကို ပေးစွမ်းနိုင်၏။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့် ဟင်းနုနွယ်ရွက်ကို စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ဆန့်ကျင်ပေးနိုင်စွမ်း၊ သွေးဖိအားကို မျှခြေဖြစ်စေရန် ထိန်းပေးနိုင်စွမ်း၊ သွေးအားကောင်း စေခြင်း၊ သွေးကင် ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေခြင်း သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို မျှခြေဖြစ်စေရန် ထိန်းပေးထားနိုင်ခြင်းကြောင့် ဆီးချို ရောဂါ ဖြစ်ပွားမှုမရှိစေရန် ဟန့်တားပေးနိုင်စွမ်းတို့ကို ရရှိနိုင်၏။
ဗီတာမင်စီ၊ အီးနှင့် ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်သည့် ဟင်းနုနွယ်ရွက်သည် ဓာတ်မတည့်ခြင်း ဖြစ်ပွားတတ်သည့် အရေပြားယား ယံခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ နှာရည်ယိုစီးခြင်း အစရှိသည့် ဝေဒနာ များကို သက်သာစေနိုင်စွမ်းရှိ၏။
ဟင်းနုနွယ်ရွက်တွင် ကယ်လ်စီယမ်နှင့် ဗီတာမင်ကေတို့ ပါဝင်ခြင်းကြောင့် အရိုးပွခြင်း၊ အရိုးကြွတ်ဆပ်ခြင်း၊ အရိုးကျိုးခြင်းတို့မှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။
ကိုယ်ဝန်ဆောင်မိခင်များအတွက် မိခင်လောင်းဘဝ ကိုယ်ဝန်ဆောင် ပထမကာလကတည်းကပင် ဟင်းနုနွယ်ရွက်ကို ပမာဏတစ်ရပ် သတ် မှတ်ပြီး ပုံမှန်စားသုံးပေးခြင်းဖြင့် မိခင်ရော ကလေးအတွက်ပါ သွေး အားကောင်း စေခြင်း၊ အမောခံနိုင်ခြင်း၊ ရင်သွေးငယ်အတွက် ကိုယ်လက်အင်္ဂါပြည့်စုံစေခြင်း၊ အရိုးအဆစ်ကောင်းစေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။
ကလေးငယ်များအတွက် အာဟာရ ပြင်ဆင်ရာတွင်ငယ်ရွယ်စဥ်ကတည်း က ဟင်းနုနွယ်ရွက်ကို ပုံမှန်ထည့်သွင်း စားသုံးစေခြင်းဖြင့် အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်သော ကိုယ် ခန္ဓာအချိုးအစားကို ရရှိစေနိုင်၏။
ဟင်းနုနွယ်ရွက်တွင် ပါဝင်သည့် ပရိုတင်းဓာတ်မှာ ပြောင်းနှင့် ဆန်တို့ထက် နှစ်ဆ ပါဝင်ခြင်းကြောင့် အာဟာရ ရရှိမှု ပိုမိုမြင့်မားစေ၏။
ဟင်းနုနွယ်ပင်၏ အရွက်အညွန့်၊ ရိုးတံနုလေးများကို ဟင်းလျာများချက်ပြုတ်ပြင်ဆင်စားသုံးလေ့ရှိတတ်ကြ၏။ ဟင်းနုနွယ်ရိုးတံတွင် အမျှင်လွှာပါဝင်သည့်အတွက် ချက် ပြုတ်ခြင်းမပြုမီ အမျှင်များကို ဖယ် ရှားပြီး ချက်ပြုတ်မှသာ နူးညံ့သော အရသာကို ရရှိနိုင်၏။ မြန်မာနိုင်ငံအနှံ့နေရာဒေသအစုံတွင် ပေါက် ရောက်သည့် အပင်မျိုးဖြစ်သည့် အတွက် ဒေသစုံ၊ နယ်ပယ်စုံမှ ချက်ပြုတ်နည်းစုံလင်စွာဖြင့် ဟင်းနုနွယ်ပင်ကို ပြင်ဆင်ချက်ပြုတ်စားသုံးတတ်ကြ၏။
ရေနွေးဖျောထားသည့် ဟင်းနုနွယ်အရွက်နှင့် ရိုးတံများကို မထူမပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ဟင်းနုနွယ်ရွက်သုပ်လေး ရပါပြီ။
ဟင်းနုနွယ်ရွက်နှင့် ရိုးတံနုလေးများကို သန့်စင်ပြီးနောက် ဒယ်အိုးပူပူတွင် ဆီအနည်းငယ်ထည့်၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့် ဆီသတ်ပြီး ကြော်စားနိုင်၏။ ရိုးရှင်းလှပေမယ့် သံဓာတ်ကြွယ်ဝလှပြီး ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ သွေးအားနည်းသူ များအတွက် အာဟာရတန်ဖိုးမြင့်မားလှ၏။
ဟင်းနုနွယ်ရိုးတံလေးများကို နူးပြီးအလုံးမပျက်ပြုတ်ထားသော ကုလားပဲဆံပြုတ်နှင့်အတူရောပြီး မန်ကျည်း အနှစ်အုပ်ကာ ချဥ်ရည်ဟင်းအဖြစ် ချက်ပြုတ်စားသုံးနိုင်၏။ သွေးအားနည်းသူများ၊ သွေးပေါင်ကျသူများအတွက် သဘာဝသွေးအား တိုးဆေးကောင်း ဟင်းတစ်မယ်ဖြစ် ၏။
ကြက်ရိုးပြုတ်ရည်၊ ငါးမီးအုံးဟင်းခါး၊ ငါးကျည်းကျပ်တိုက်ဟင်းခါး တို့တွင်လည်း ဟင်းနုနွယ်ရွက်ကို ခပ်ကာ ဟင်းချိုအဖြစ်လည်း ချက်သောက်နိုင်၏။
ဟင်းနုနွယ်အရွက်ကို အမှုန့်ပြုလုပ်ပြီး ပေါင်မုန့်ဖုတ်ခြင်း၊ ခေါက်ဆွဲပြုလုပ်ခြင်း၊ ရွက်စိမ်းဖျော်ရည်တို့လည်း ပြုလုပ်နိုင်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ဟင်းနုနွယ်ပင်မှရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူး ကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်