သဘာဝကပေး အစာနှင့်ဆေး၊ ဒန့်ကျွဲ

မိုးကျလက်ဖက်၊ သီလရှင်လက်ဖက်၊ ပြည်နိဗ္ဗိန္နလက်ဖက်ဟု အမည်နာမမျိုးစုံခေါ်ဝေါ်ကြသည့်အရွက်မှာ ဒန့်ကျွဲပင်မှ ရရှိပြီး ယင်းကို ပြုပြင်စီမံကာစားသုံးကြခြင်းဖြစ်၏။ ဒန့်ကျွဲပင်၏ အင်္ဂလိပ်အမည်မှာ coffee pod, sickle senna, sickle pod ဟု ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒအမည်မှာ Senna tora (L.) Roxb. ဟု ခေါ်ဆိုပြီး မျိုးရင်း Fabaceae တွင်ပါဝင်၏။ ဒန့်ကျွဲပင်သည် အာဖဂန် နစ္စတန်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ တရုတ်၊ ပါကစ္စတန်၊ မြန်မာ၊ နီပေါလ်နှင့် ဘူတန်နိုင်ငံတို့တွင်ကျယ်ကျယ်ပြန့်ပြန့်ရှင်သန်ဖြစ်ထွန်း၏။နီပေါလ်နိုင်ငံတွင် ဟိမဝန္တာတောင်တန်း တစ်လျောက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၀၀ မီတာတွင် ပေါက် ရောက် ဖြစ်ထွန်း၏။ ထိုမှတစ်ဆင့် အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံ အနောက်ဘက်နှင့် အပူပိုင်းရာသီဥ တုရှိသည့်ဒေများရှိ သစ်တောများနှင့် တိုင်းရင်းသား မျိုးနွယ်စုများနေထိုင်ရာဒေသတို့သို့ ပျံ့နှံ့ပေါက် ရောက်ဖြစ်ထွန်း၏။
ဒန့်ကျွဲပင်သည် တစ်နှစ်ခံ မြေကပ်ပင် အပင်ပု အမျိုးအစားဖြစ်ပြီး အပင်အမြင့် တစ်ပေခန့်သာရှိ၏။ မိုးဦးကျ ကာလ အပင်ပေါက်လေးများပေါက်ပြီး အပင်အမြင့် တစ်ထွာသာသာခန့်ရှိသည့်အချိန်တွင် အညွန့်နုလေးများကို ဆွတ်ခူး နိုင်ပြီ ဖြစ်၏။ အရွက်လေးများမှာ စုံလိုက်ထွက်တတ်ပြီး ရွက်ရိုးတံတစ်ခုတွင် အရွက်လေးများ ၃ စုံမှ ၄ စုံအထိ ထွက်တတ်၏။ အညွန့်နုလေးများ ခူးဆွတ်လိုက်သည့်နေရာမှ နောက် ထပ် အတက်သစ်လေးများထွက်ပြီး အညွန့်နှင့် ရွက်နုများ ဝေဖြာလာ၏။ ဒန့်ကျွဲပင်မှာ အပင်ငယ်ငယ်နှင့် ပန်း ပွင့်၊ အသီးသီးသည့်အတွက် ရှေးလူ ကြီးများက အရွယ်မရောက်သေးသူများ အိမ်ထောင်သားမွေးပြုကြသည့်အခါ ထိုအပင်နှင့် ခိုင်းနှိုင်းကာ “ဒန့်ကျွဲပင် ပုခက်ဆင်” ဟူသည့်စကားမျိုးဆိုထားခဲ့ကြ၏။ ဒန့်ကျွဲပင် ၏ အဖူးနှင့်ပန်းပွင့်မှာ အဝါရောင်ရှိပြီး အသီးမှာ အတောင့်ရှည် ပုံ သဏ္ဍာန်ဖြစ်ပြီး သီးတောင့်တစ်ခုတွင် အစေ့ငယ် ၃၀ မှ ၅၀ အထိ ပါဝင်၏။
ဒန့်ကျွဲအညွန့်ရွက်နုလေးများကို ဆူးဆွတ်ပြီးသည့်အခါ ရေနွေးပွက်ပွက်ဆူတွင် ခဏတာရေနွေးဖျောပြီးမှ လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကာ အရည်များကို ကုန်အောင် ညှစ်ထုတ်ပစ်ပါ။ ပြီးလျှင် ဖက်ရွက်လေးများဖြင့် ထုပ်ထားပြီး နှီးများဖြင့် သေချာစည်းနှောင်ထားပြီးလျှင် စဥ့်အိုးထဲတွင် ရက်ကြာကြာ ရေစိမ်ထားရ၏။ စားသုံးခါနီးမှ ယင်းလက်ဖက်ထုပ်လေးများကို ဆယ်ယူ၊ ရေစစ်ကာ နှစ်သက်ရာ အဆာပလာလေးများထည့်ကာ သုပ်စားကြ၏။ မိုးကျ လက်ဖက်ထုပ်လေးများကို သီလရှင်ဆရာလေးများကအစပြုပြီး ပြုလုပ်ခဲ့သည့်အတွက် သီလရှင်လက်ဖက်ဟုလည်း တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်၏။
ဒန့်ကျွဲပင်တွင် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နှင့် ကာဘိုဟိုဒရိုက်တို့အပြင် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ် အတွက် အဓိကလိုအပ်သည့် ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ သွပ်ဓာတ်၊ မဂ္ဂနိစ်၊ ကိုဘော့လ်တ်နှင့် ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်၏။ ဒန့်ကျွဲပင်၏ အညွန့်ရွက်နုလေးများကို ဟင်းသီး ဟင်းရွက်အဖြစ် ချက်ပြုတ်စားသုံးကြပြီး အစေ့ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ကာ ကော်ဖီအစားထိုးပြီး သောက်သုံးကြ၏။
- အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တိုင်းရင်းရိုးရာဆေးအဖြစ် ဒန့်ကျွဲပင်၏ အရွက်၊ အညွန့်၊ ပန်းပွင့်၊ ပင်စည်၊ အမြစ် အစရှိသည့် အပင်အစိတ်အပိုင်းများကိုဆေးဖက် ဝင်အဖြစ် အသုံးပြုကြ၏။
- ဒန့်ကျွဲအစေ့နှင့် အရွက်များကို အရေပြားရောဂါများအတွက် ဆေးအဖြစ် အသုံးပြုကြ၏။
- ဝမ်းချုပ်သူများအတွက်လည်း ဒန့် ကျွဲရွက်ကို ဝမ်းပျေ့ာစေရန်အတွက် စားသုံးကြ၏။
- ကိုရီးယားနိုင်ငံတွင် အမြင်အာရုံအားကောင်းစေရန်နှင့် မျက်လုံးကျန်းမာရေးအတွက် ခါးသက်သော အရသာနှင့် ကော်ဖီရနံ့သင်းပျံ့နေသည့် ဒန့်ကျွဲစေ့လှော်ကို ရေနွေး ကြမ်းပြုလုပ်ကာ သောက်သုံးကြ၏။
- ဒန့်ကျွဲပင်တွင် ကပ်ပါးကောင်များကို သေစေနိုင်စွမ်း၊ ပိုးမွှားများကို သေစေနိုင်စွမ်းရှိ၏။
- အရေပြား ရောဂါများဖြစ်သည့် အနာကြီးရောဂါ၊ ပွေး၊ ဝဲ၊ နှင်းခူ၊ ရေယုန်အစရှိသည့် ယားနာများ၊ ကြွက်နို့၊ ကြမ်းထော်သော အနီပိမ့်များ ထသည့် အရေပြားရောဂါများအတွက် ဒန့်ကျွဲပင်ကို ဆေးအဖြစ် အသုံးပြုကြ၏။
- အရေပြားယားနာခြင်းဖြစ်ပါက ဒန့်ကျွဲရွက်၊ ရွက်ရိုးတံနှင့် အမြစ်တို့ကို သတ္တုရည်ပြုလုပ်ပြီး အသုံးပြုခြင်းဖြင့် ဝေဒနာကို သက်သာစေ၏။
- ဒန့်ကျွဲရွက်ကို ပုံမှန် စားသုံးပေးခြင်းဖြင့် အစာအိမ်နှင့် အူလမ်း ကြောင်း ကျန်းမာရေးကို အထောက် အကူပြုခြင်း၊ နှာစေးချောင်းဆိုး ရာ သီတုပ်ကွေးကို ပျောက်စေခြင်း၊ သွေးသန့်စေခြင်း၊ မျိုးဆက်ပွားကျန်း မာရေးကို အားကောင်း စေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။
- ဒန့်ကျွဲပင်အစိတ်အပိုင်းများကို မြွေကိုက်လျှင်လည်း မြွေဆိပ်ဖြေဆေး၊ အဆိပ်ရှိသောသတ္တဝါများအ အကိုက်ခံရပါက အဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြ၏။
- ဒန့်ကျွဲစေ့ရေနွေးကြမ်းကို ပုံမှန်သောက်သုံးခြင်းဖြင့် သွေးဖိအားပမာဏကို မျှခြေ ဖြစ်စေခြင်း၊ သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောများကို ကျစေခြင်း၊ သွေးပျစ်ခြင်းကို ထိန်းညှိပေးခြင်း၊ ကိုယ်လက်ရောင်ရမ်း နာကို သက်သာနိုင်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်ကျန်းမာစေခြင်းအစရှိသည့် ကျန်း မာရေးအကျိုးကျေးဇူး ကောင်းများကို ရရှိစေနိုင်၏။
- ဒန့်ကျွဲစေ့မှ ထုတ်ယူရရှိသည့် အဆီအနှစ်ကို အဆစ်မြစ်ယောင်နာ ကျင်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ဖောယောင်ခြင်းတို့အတွက် အကိုက် အခဲပျောက်ဆေးအဖြစ် အသုံးပြုကြ ၏။
- သီရိလင်္ကာနိုင်ငံတွင် ဒန့်ကျွဲပန်းပွင့်ကို အစားအစာများထဲတွင် ထည့်သွင်းစားသုံးကြ၏။ ဒန့်ကျွဲပင် ၏ အစိတ်အပိုင်းများကို တိရစ္ဆာန်အစားအစာများ ထုတ်လုပ်သည့်လုပ်ငန်းတွင် ထည့်သွင်းအသုံးပြုကြ၏။ သဘာဝစိုက်ခင်းများတွင်လည်း သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုကြ၏။
- ဒန့်ကျွဲပင်၏အညွန့်အရွက်နုလေးများကို ရာသီစာ ဟင်းသီးဟင်းရွက်အဖြစ်လည်း ပြင်ဆင်ချက်ပြုတ် စားသောက် တတ်ကြ၏။
မိုးကျလက်ဖက်ထုပ်မှ နှီးများကို ဖြတ်တောက်ပြီး ဖက်ရွက်ကို ဖွင့်လိုက်လျှင် စိမ်းဖန့်ဖန့် ဝါတာတာ မိုးကျ လက်ဖက်လေးများကို တွေ့နိုင်၏။ အနံ့အနည်းငယ်ရှိသော်လည်း ကြိုက်တတ်သူများအတွက် အဆင် ပြေလှ၏။ လက်ဖက်တစ်ထုပ်တွင် ပါဝင်သည့် ပမာဏများလျှင် တစ်ဝက်ကို ဖယ်ပြီး ဗူးသန့်သန့်ထဲထည့်ကာ ဆီမြုပ်အောင် စိမ်ထားပါက နောက်တစ်ကြိမ်စားရန် အသင့်ဖြစ်စေ၏။
မိုးကျလက်ဖက်ကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်း ငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ပဲဆီမွှေးမွှေးလေး ဆမ်း၊ သံပရာရည် နိုင်နိုင်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်ပြီး ထမင်းမြိန်စေသည့် မိုးကျလက်ဖက်သုပ်လေး ရပါပြီ။
ဒန့်ကျွဲစေ့ကို လှော်ပြီးနောက် ရေနွေးကြမ်းတွင် လက်ဖက်ခြောက်ခပ်သကဲ့သို့ထည့်ကာ အသုံးပြုတတ်ကြ၏။ လှော်ပြီးသည့် ဒန့်ကျွဲစေ့ သည် ကော်ဖီရနံ့သင်းပျံ့မွှေး၏။ ရေ နွေးပွက်ပွက်ဆူပြီးလျှင် ရေနွေးခရားအိုးထဲသို့ ဒန့်ကျွဲစေ့လှော် အနည်း ငယ်ထည့်၊ရေနွေးပွက်ပွက်ဆူလောင်းထည့်ပြီးနောက် အဖုံးပိတ် ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါက ကော်ဖီရနံ့ သင်းပျံ့မွှေးသည့် ဒန့်ကျွဲစေ့ရေနွေးကြမ်းလေးရ၏။ ဖန်ခါးဓာတ်ကဲကဲကြိုက်လျှင် ဒန့်ကျွဲစေ့လှော် ပိုထည့်နိုင်၏။
ဒန့်ကျွဲအညွန့်အရွက်နုလေးများကို ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ပြီး ကြော်စားလျှင်လည်း ကောင်း၏။
ကြက်သွန်ဖြူ၊ ငရုတ်ကောင်းဟင်းခါးရည်ချက်ပြီး ငါးမီးအုံးခပ်ထားသည့် ဟင်းခါးရည်ထဲ ဒန့်ကျွဲရွက်နု ခပ်ပြီးသောက်လျှင်လည်း ကောင်း၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ဒန့်ကျွဲပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်