သဘာဝကပေး အစာနှင့်ဆေး၊ ကြိတ်မှန်

သဘာဝကပေး အစာနှင့်ဆေး၊ ကြိတ်မှန်

ကြိတ်မှန်

ယခုလို မိုးရာသီတွင် ရွှံနွံစိမ့်စမ်း၊ ရေမြောင်း၊ ရေ ကန်နံဘေးတို့တွင် ကြိတ် မှန်ပင်များစိမ်းညို့နေအောင် သဘာ ဝအလျှောက် ပေါက်လာကြ၏။ ကြိတ်မှန်ဟု ဆိုလိုက်လျှင် ဆံကေသာကို သဘာဝအတိုင်း နက်မှောင် သန်စွမ်းစေနိုင်သည့်ဘုရင် (King of hairs)  ဟု လူသိများကြ၏။ သဘာဝအတိုင်း အမာရွတ်ပျောက်ဆေးဟုလည်း လူသိများကြ၏။ 

ကြိတ်မှန်တွင် ပန်းပွင့်အဖြူရောင်ပွင့်တတ်သည့် အမျိုးနှင့် အဝါရောင်ပန်းပွင့် ပွင့်သည့်အမျိုးဟူပြီး နှစ်မျိုးရှိ၏။ ယခုဆောင်းပါးတွင် အဖြူရောင်ပွင့်သည့် ကြိတ်မှန်ပင်အကြောင်းကို ဖော်ပြသွားမည်ဖြစ်၏။ ကြိတ်မှန်ပင်၏ အင်္ဂလိပ်အမည်မှာ Eclipta, tattoo plant, White Eclipta, White twin heads, false daisy နှင့်    white heads   ဟု ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Eclipta alba ဟု ခေါ်ဆိုကြသကဲ့သို့  Eclipta prostrata   ဟုလည်း ခေါ်ဆိုကြကာ  နေကြာပန်းနှင့် မျိုးရင်းတူသည့် Asteraceae တွင်ပါဝင်၏။ ကြိတ်မှန်ပင်သည် ကမ္ဘာအနှံ့ရှိ သမနွေးပိုင်းနှင့်အပူပိုင်းရာသီဥတုရှိသည့် ‌စိုစွတ်သောဒေသများတွင် အ လေ့ကျ ကျယ်ကျယ်ပြန့်ပြန့် ပေါက် ရောက်သည့် အပင်မျိုး ဖြစ်၏။ အထူးသဖြင့် အိန္ဒိယ၊ နီပေါလ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘရာဇီးလ်နိုင်ငံတို့တွင် ပေါက်ရောက်ဖြစ်ထွန်း၏။ များသော အားဖြင့် ကြိတ်မှန်ပင်ကို  စပါးစိုက်ခင်းများအကြားတွင် ပေါက်ရောက်တတ်သည့် ပေါင်းပင်အဖြစ်သတ်မှတ်ထားသော်လည်း ယင်း၏ဆေးဖက်ဝင်မှုကြောင့် သဘာဝပရဆေးပင်အဖြစ် ယနေ့တိုင်အသုံးပြုနေကြခြင်းဖြစ်၏။

ကြိတ်မှန်ပင်သည် တစ်နှစ်ခံပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပြီး အမြင့် ၁၈ လက်မ ကျော်ထိ ရှင်သန်ကြီးထွား နိုင်၏။   ခရမ်းရောင်ရှိသည့် ပင်စည်ရိုးတံပေါ်တွင် အဖြူရောင်အမွှေးနုလေးများရှိ၏။ကြိတ်မှန်ရွက်မှာ ရွက်ထိပ် ချွန်၍ ရွက်ရင်းသွယ်၏၊ ရွက်ဆိုင်ထွက်ပြီး ရွက်ညှာအလွန်တိုသည်။ အရွက်၏ အပေါ်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွှေးနုလေးများရှိသည်။ ရွက်နားပတ်လည်တွင် ခွေးသွားစိပ်ကလေးများ ရှိ၏။  ပန်းပွင့်ပုံမှာ ပန်းခိုင်ထိပ်တွင် တစ်ပွင့်တည်းကဲ့ သို့ ဖြစ်နေ၏။ ပန်းပွင့်မှာ ခေါင်း လောင်းပုံသဏ္ဌာန်ဖြစ်၍အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှား၏။ အမြစ်မှာ မီးခိုးရောင်ရှိ၏။ 

ကြိတ်မှန်ပင်တွင် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်းယွန်း၊ ပရိုတင်း၊ ဗီတာမင်ဒီနှင့် ဗီတာမင်အီးတို့ ကြွယ် ဝစွာ ပါဝင်၏။ ကြိတ်မှန်ပင်မှထုတ် ယူရရှိသည့် အဆီတွင် ပရိုတင်းနှင့် အယ်လ်ကာလွိုက်တို့ပါဝင်၏။ ကြိတ်မှန်ပင်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်စွမ်း၊ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်စွမ်း၊ အနာကြီး ရောဂါကို ဟန့်တားနိုင်စွမ်း၊ အကိုက်အခဲပျောက်စေနိုင်စွမ်းတို့ရှိ၏။ 

ကြိတ်မှန်ပင်၏ အရွက်၊ အညွန့်၊ အဖူး၊ အပွင့်၊ ပင်စည်၊ အမြစ် အစရှိသည့်အစိတ်အပိုင်းအားလုံးကို ဆေး ဖက်ဝင်အဖြစ် အသုံးပြုကြ၏။ 

အရှေ့တောင်အာရှနိုင်ငံများတွင် ကြိတ်မှန်ပင်တစ်ပင်လုံးကိုအ ခြောက်ခံပြီး ရိုးရာတိုင်းရင်းဆေး ဝါးအဖြစ် ဖော်စပ်အသုံးပြုကြ၏။ ကြိတ်မှန်ပင်၏အစိတ်အပိုင်းများကို အုန်းဆီနှင့်ရော အပူပေးပြီး ကြိတ် မှန်ဆီထုတ်လုပ်ပြီး ဆံကေသာဆိုး ဆေးအဖြစ်လည်းကောင်း၊ ဆေးမင် ကြောင်ထိုးသည့်ဆေးအဖြစ်လည်း ကောင်း အသုံးပြုခဲ့ကြ၏။ 

ကြိတ်မှန်တစ်ပင်လုံး၏ ပြုတ်ရည်ကို အစာလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ၊ လေပြွန်ရောင်ခြင်း၊ ချောင်းဆိုးရင်ကြပ်ဖြစ်ခြင်း၊ အအေးမိခြင်းဝေဒနာများ၊  သွေးဖိအားတိုးခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် ဝမ်းကိုက်ခြင်းတို့ အတွက် ဆေးအဖြစ် အသုံးပြုကြ၏။

ကြိတ်မှန်တစ်ပင်လုံးကို အခြောက်လှန်း၊ ပြာချပြီး ပျားရည်နှင့်ရောစပ်သောက်သုံးခြင်းဖြင့် ပန်းနာရင်ကျပ် ဝေဒနာကို သက်သာစေနိုင်၏။ 

ကြိတ်မှန်တစ်ပင်လုံးကို ကြိတ်ပြီးရရှိလာသည့်အနှစ်ကို အပူလောင်နာများ၊ နှင်းခူနာအပါအဝင် အရေ ပြား ပေါ်တွင်ဖြစ်ပွားတတ်သည့် ယားနာရောဂါများအတွက် အုံဆေး အဖြစ် အသုံးပြုကြ၏။ 

ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ကိုယ် ခန္ဓာ နာကျင်ကိုက်ခဲခြင်းမှ သက်သာစေနိုင်၏။ ကြိတ်မှန်ရွက်မှထုတ်ယူရရှိထားသည့်အဆီအနှစ်ကို ပျား ရည်နှင့် ရောစပ်သောက်သုံးပေးခြင်းဖြင့် အသည်းရောင် အသားဝါရောဂါကို သက်သာစေနိုင်၏။ ကြိတ်မှန်ရွက်ကြိတ်ရည်ကို နွားနို့နှင့်အတူ ရောစပ်ပြီး တစ်ရက်လျှင် နှစ်ကြိမ်သောက်သုံးပေးခြင်းဖြင့် ဝက်ခြံပေါက်ခြင်း ကို သက်သာစေနိုင်၏။ 

ဝမ်းချုပ်ပါက ကြိတ်မှန်အမြစ်ကိုအခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီး သောက်သုံးပေးနိုင်၏။

ကြိတ်မှန်ပင်မှ အန်စေသောဆေး၊ ပိုးသတ်ဆေး၊ အဖျားဖြတ် ဆေး၊ ခွန်အားတိုးဆေး၊ သည်းခြေအားကောင်းဆေး တို့အဖြစ် ထုတ်လုပ် အသုံးပြုကြ၏။

ကြိတ်မှန်ပင်မှရရှိသည့် ကြိတ်ရည်ကိုသွေးအားနည်းရောဂါ၊ နှာစေး ချောင်းဆိုးဖြစ်ခြင်းဝေဒနာတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ 

ကြိတ်မှန်ပင်ကို ဆံကေသာကျန်းမာသန်စွမ်စေရန်အတွက်လည်းကောင်း၊ ဦးရေပြားအားတိုး ဆေးအဖြစ် လည်းကောင်း အသုံးပြုကြ၏။

ထိခိုက်ဒဏ်ရာရပြီးဖြစ်စေ၊ အပူ လောင်နာဖြစ်ပြီးဖြစ်စေ အမာရွတ်မကျန်နေစေရန်အတွက် ကြိတ်မှန်ရွက်ကို ခြေပြီး အမာရွတ်ပေါ်တွင် 
လိမ်းပေးနိုင်၏။

အုန်းဆီ သို့မဟုတ် နှမ်းဆီ နှင့်အတူ ကြိတ်မှန်ပင်ကို ရောစပ်ကျိုချက်ပြီး ဆံကေသာတွင် လိမ်း ကျံပေးခြင်းဖြင့် နက်မှောင်တောက်ပြောင်သော ဆံကေသာအလှပိုင်ရှင်ဖြစ်စေ၏။

ကြိတ်မှန်ပင်၏အညွန့်အရွက်အကိုင်းနုလေးများကို ဟင်းသီးဟင်း ရွက်အဖြစ်လည်း ပြင်ဆင်ချက်ပြုတ် စားသောက်တတ်ကြ၏။

သန့်စင်ဆေးကြောပြီးသား ကြိတ် မှန်အညွန့်အရွက်အကိုင်းနုလေးများကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီး  ဖြစ်စေ ငါးပိရည်ကျို၊ ငါးပိ ထောင်း၊ ငါးပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ သရက်သီးထောင်း၊ ငရုတ်သီး ထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။

ရေနွေးဖျောထားသည့် ကြိတ်မှန်အညွန့်အရွက်အကိုင်းနုလေးများကို ပါးပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ပုစွန်‌‌ ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ သံပ ရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ ကြိတ်မှန်ရွက်သုပ်လေး ရပါပြီ။  

ကြိတ်မှန်အညွန့်အရွက်အကိုင်းနုလေးများကို လိုအပ်သလိုလှီးဖြတ်ပြီးနောက် မုန့်နှစ်ရည်လူးကာ တန်ပူရာ ကြော်စားလျှင်လည်း ကောင်း၏။ မန်ကျည်းနှစ်အချဥ်လေးနှင့် တွဲဖက်စားသုံးလျှင်အလွန်ခံတွင်းမြိန်စေ၏။ 

ကြိတ်မှန်အညွန့်ရွက်နုဖူးလေးများကို ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ပြီး ကြော်စားလျှင်လည်း ကောင်း၏။

နို့တိုက်မိခင်များအတွက် ကြက်ရိုးပြုတ်ရည် သို့မဟုတ် ငါးမီးအုံးဟင်းခါးရည်ချက်ပြီး ကြိတ်မှန်ရွက်ညွန့်ကို ဟင်းချိုခပ်ပြီး သောက်သုံးပေးလျှင် သဘာဝအတိုင်း မိခင်နို့လှိုင်ဆေးအဖြစ် အသုံးပြုနိုင်၏။ 

ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ကြိတ် မှန်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကိုအမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသ အလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်