သဘာဝကပေး အစာနှင့်ဆေး ၊ ဂုံပင်

သဘာဝကပေး အစာနှင့်ဆေး ၊ ဂုံပင်

ဂုံပင်

ဂုံပင်ဟု လူသိများသည့်အပင်ကို ဂုံချိုဟုလည်း ခေါ်ကြပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ Cork Swallow-Wort ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Leptadenia reticulata (Retz.) Wight & Arn. ဖြစ်ကာ  မျိုးရင်း Apocynaceae တွင်ပါဝင် ၏။ ဂုံချိုပင်သည် မဒါဂစ္စကာအပါ အဝင် အာဖရိကနိုင်ငံများ၊ အနောက် တောင် အာရှနိုင်ငံများနှင့် အိန္ဒိယတိုက်ငယ်တို့မှစတင်ဖြစ်ထွန်းပေါက် ရောက်ခဲ့၏။ နောက်ပိုင်းတွင် အပူပိုင်းနှင့် အပူလျော့ပိုင်း‌ ရာသီဥတုရှိ သော မြန်မာ၊ နီပေါလ်၊ သီရိလင်္ကာ၊ မလေးကျွန်းဆွယ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မော်ရေးရှပ်နိုင်ငံတို့တွင် ပျံ့နှံ့ပေါက်ပွား ဖြစ်ထွန်း၏။

ဂုံပင်သည် သစ်မာနွယ်ပင်အမျိုးအစားဖြစ်ပြီး အပင်အမြင့်ကြီးအထိ တွယ်တက် ပေါက်ရောက်တတ်သကဲ့သို့ တစ်ခါတစ်ရံတွင် ကြီးမား သော ချုံပင်ကြီးအဖြစ် ရှင်သန်ကြီးထွားပေါက်ရောက်တတ်ကြ၏။   ဂုံပင်သည် ကိုင်းဖြာပြီး အကိုင်း၏ အဆစ်လေးများတွင် စိမ်းဝါရောင်ရှိသည့်ပန်းပွင့်လေးများ အဆုပ်လိုက်ပွင့်သည့် အပင်မျိုးဖြစ်၏။ အနွယ်တွင် အခေါက်မှာဝါညိုရောင်ရှိ၏။  အရွက်ကျယ်၍ အနားတွင် ခွေးသွားစိတ်ရာရှိသည်။အရွက်ထူ၍ တောက် ပ ၏။   အသီးအပေါ်ဘက်မှာ ချော၍ အစေ့ရှိ၏။ 

ဂုံပင်တွင်ပါဝင်သည့် သတ္တုဓာတ်များ၊ ဗီတာမင်များနှင့် တန်ဖိုးမြင့်သည့် အာဟာရဓာတ်များစွာပါဝင်သည့် အတွက် ဂုံပင်မှ ရရှိသည့် အရွက်၊ အညွန့်၊ အဖူး၊ အပွင့်တို့ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးရုံမျှမက တန်ဖိုးထိုက်သည့် ဆေးဖက်ဝင်အပင်အဖြစ် လူသိများကြ၏။ အာ ဟာရဓာတ်ပေါကြွယ်ဝသည့် ဂုံပင်မှရရှိသည့် အစိတ်အပိုင်းများသည် ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာစေခြင်းနှင့် ရောဂါပိုးများစွာကို တိုက်ဖျက်ပေးရာတွင် အ‌ထောက်အကူ ပြုပေးနိုင်၏။ ထို့မျှသာမက အရွယ်တင်နု ပျိုစေခြင်း၊မှတ်ဉာဏ်အားကို ကောင်း မွန်စေခြင်း၊ အသက်ကိုရှည်စေခြင်း၊ ကိုယ်ခံစွမ်းအား စနစ်ကို တိုးပွားစေလာခြင်းတို့ကိုရရှိစေနိုင်၏။ 

ဂုံပင်၏ အစိတ်အပိုင်းအားလုံး  ပဥ္စငါးပါးလုံးဆေးဖက်ဝင်၏။ ဂုံပင်မှရရှိသည့် အစိတ်အပိုင်းများကို စားသုံးခြင်းဖြင့် သွေးကြောများကို ပျော့ပြောင်းစေခြင်း၊ စိတ်ကို ပျော်ရွှင်စေခြင်း၊ သ‌န္ဓေသားခိုင်မြဲစေခြင်း၊ အစာဓာတ်မတည့်ခြင်းမှ သက်သာစေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေမှ ကင်းလွတ်စေခြင်း၊ အဏုဇီဝပိုးမွှားများကိုဆန့်ကျင်နိုင်စွမ်းရှိခြင်း၊ နှလုံးသွေးကြောများကို လှုံ့ဆော်ပေးနိုင်ခြင်းတို့ကို ပေးစွမ်းနိုင်၏။

ဂုံရွက်အညွန့်အဖူးအပွင့်များကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးလွှတ် ကြော၊ သွေးပြန်ကြောများ၏ နံရံများရှိ ကြွက်သားဆဲလ်များကို ချော မွတ်စေပြီး သွေးကြောကိုကျယ်စေရန် အထောက်အကူပြုစေနိုင်သည့် အတွက် နှလုံးသွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပြီး သွေးစီးဆင်းမှု
ကို ကောင်းမွန်စေ၏။

စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်က‌‌ယောင်ချောက်ချားဖြစ်ခြင်း၊စိတ်အတက်အကျဖြစ်ခြင်း၊ စိတ်ခံစားလွယ်ခြင်း၊ ဝမ်းနည်းတတ်ခြင်း၊ အစာစားလိုစိတ်လျော့ကျခြင်းနှင့် ညဖက်အိပ်မပျော်ခြင်း အစရှိသည့် ဝေဒနာများအတွက် ဂုံပင်အစိတ်အပိုင်းများကို ဆေးဝါးအဖြစ် ဖော်စပ်အသုံးပြုကြ၏။

ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာသန်စွမ်းစေခြင်း၏ အဓိကအရင်းအမြစ်ဖြစ်သည့် ကိုယ်ခံစွမ်းအားကောင်းမွန်စေခြင်း အတွက် ဂုံရွက်အညွန့်အဖူး
အပွင့်တို့ကို စားသုံးပေးသင့်၏။

နှာခေါင်းသွေးလျှံခြင်း၊ အပူလောင်နာဖြစ်ခြင်း၊အူသိမ်အူမများရောင် ရမ်းနာကျင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ် ခြင်းတို့အတွက်လည်း စုပ်ယူနိုင်စွမ်းအားကောင်းမွန်သည့် ဂုံပင်၏ အစိတ်အပိုင်းများကို ဆေးဖက်ဝင်အဖြစ် စားသုံးပေးနိုင်၏။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်  ဂုံရွက်အညွန့်အဖူးအပွင့်များကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးပေးခြင်း ဖြင့် လနုစဥ် မကြာခဏ သားလျောခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။

မျိုးဆက်ပွားခြင်းအတွက် အရေးပါသည့် အမျိုးသားများ၏ သုက်ပိုးအရေအတွက်နှင့်  လှုပ်ရှားနိုင်မှုစွမ်းအား ကောင်းစေရန် ဂုံရွက်ညွန့်
ဖူးပွင့်တို့ကို စားသုံးပေးနိုင်၏။

ဂုံအရွက်ညွန့်အဖူးအပွင့်တို့ကို စားသုံးပေးခြင်း ရောင်ရမ်းနာကျင်ခြင်းများ၊ဖူးရောင်နာခြင်းတို့အတွက် ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းကို ရရှိနိုင်၏။ ချွဲသလိပ်ကိုပယ်စေတတ်သည့်အ တွက် ချောင်းဆိုး၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းမှလည်း သက်သာစေနိုင်၏။

သွေးတိုးတတ်သူများအတွက် ဂုံအရွက်ညွန့်အဖူးအပွင့်များကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်စေနိုင်၏။

ဂုံအရွက်အညွန့်အဖူးအပွင့်များ သည် အမြင်ကြည်လင်စေခြင်းနှင့် မျက်လုံးအားကောင်းခြင်းကိုပေးစွမ်း နိုင်၏။

ဂုံအရွက်အညွန့်အဖူးအပွင့်များကို စားသုံးခြင်းဖြင့်နို့တိုက်မိခင်များအတွက် သဘာဝအတိုင်း မိခင် နို့လှိုင်စေခြင်းကိုပေးစွမ်းနိုင်၏။ ကလေးငယ်များအတွက်လည်း ကိုယ်အလေးချိန်ကို တိုးစေနိုင်၏။

ဆီးပူခြင်း၊ ဆီးသွားရာတွင် အချိန်ကြာခြင်း၊ဆီးမကုန်ခြင်းတို့အတွက် ဂုံအရွက်အညွန့်အဖူးအပွင့်များကို ပုံမှန်စားသုံးပေးခြင်းဖြင့် ဝေဒနာကို 
သက်သာစေနိုင်၏။

ဂုံအရွက်အညွန့်အဖူးအပွင့်များကို စားသုံးပေးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သည့်ဆဲလ်များနှင့် အဖုအကျိတ်များ ဖြစ်စေနိုင်စွမ်းကို လျော့ကျစေနိုင်စွမ်းရှိ၏။

ဂုံချိုပင်မှ ရရှိသည့် အရွက်အညွန့်အဖူးအပွင့်များ၊ အနွယ်မှအခေါက်များတို့ကို ဟင်းသီးဟင်း ရွက်အဖြစ် စားသုံးတတ်ကြ၏။

ဂုံအရွက်အညွန့်အဖူးအပွင့်တို့ကို သန့်စင်အောင်ဆေးကြောပြီးနောက် ပွက်ပွက်ဆူနေသော ရေထဲသို့ ထည့်ကာ ၂ မိနစ်ခန့်ပြုတ်ပြီးလျှင် ပြန်ဆယ်ယူပါ။ ပြီးလျှင် ရေစင်အောင်ညှစ်ပြီးနောက် ပါးပါးလှီးကာ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊  ဟင်းခတ်မှုန့် အနည်းငယ်၊ ပါးပါးလှီးထားသောငရုတ်သီးစိမ်း၊ ဆီချက်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ သံပ ရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။  ဆေးဖက်လည်းဝင်၊ ခံတွင်းမြိန်စေသည့် သဘာဝဆေးဖက်ဝင် ဂုံရွက်သုပ်လေးကို ပြင်ဆင်စားသုံးနိုင်၏။  

ဂုံအရွက်အညွန်ံအဖူးတို့ကို ရေနွေးဖျောပြီး တို့စရာအဖြစ်  ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ ငါးပိ ချက်၊ ငရုတ်သီးထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ  စားသုံးတတ်ကြ၏။

ဂုံအရွက်အညွန့်အဖူးတို့ကို ခြံစည်း ရိုးအရွက်ဟု တင်စားခေါ်ဝေါ်တတ်သည့် အခြားသော သဘာဝအလျှောက် ပေါက်ရောက်သည့် အရွက်များ ဖြစ်သည့် ကင်းပုံရွက်၊ ကျီးအာရွက်၊ ပီလောရွက်၊ ဆူးပုပ်ရွက် စသည်တို့နှင့် အတူရောကာ ကြက် သွန်ဖြူဓားပြားရိုက် ဆီသတ်ကာ ကြော်ချက် ချက်စားနိုင်၏။

ကြက်ရိုးပြုတ်ရည် သို့မဟုတ် ငါးစွပ်ပြုတ်ရည် အစရှိသည်တို့ထဲတွင်လည်း ဂုံအရွက်အညွန့်အဖူးတို့ကို ခပ်ပြီး ဟင်းချိုချက်သောက်ခြင်းဖြင့် ခွန်အားကိုတိုးစေပြီးကိုယ်ခံစွမ်းအား ကောင်းစေ၏။

ပဲဟင်းချိုချက်သည့်အခါတွင်လည်း ဂုံအရွက်အညွန့်အဖူးကိုခပ်ပြီးစားသုံးနိုင်၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀တရား မှ ပေးသည့် လက်ဆောင်မွန် ဂုံချိုပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက် ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီးကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်