ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

oil

ကမ္ဘာတစ်ဝန်းမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညှင်း၊ ပန်းနှမ်း နှင့် ဆီအုန်းတို့ကိုအဓိက စိုက်ပျိုးလျှက်ရှိပါတယ်။ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်းနှင့် နေကြာ တို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာ ဝတီတိုင်း‌ဒေသကြီး ၊ ပဲပုပ်နှင့် ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညှင်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသ နှင့် ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးလျှက်ရှိပါတယ်။ မြန် မာနိုင်ငံမှာ လူတစ်ဦးဟာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဆီ ၂.၂၅ ကျပ်သား စားသုံး လျက်ရှိပါတယ်။ နှစ်စဉ် စားသုံးရန်နှင့် လုပ်ငန်းသုံးအတွက် စားသုံးဆီလိုအပ်ချက်၏ ၆၀-၇၀ % အထိပြည်ပမှတင်သွင်းနေရပါတယ်။ နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းသည့်နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက် ရေး လမ်းညွှန်ချက် ပေးထားပြီး ဖြစ်ပါတယ်။ 

ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် “ မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံးရန် လိုအပ်ပါတယ်။  “မျိုးမှန်မှ ပျိုးသန်မည်” ဆိုတဲ့ ဆိုရိုးအတိုင်း မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဟာ အထွက်နှုန်းကို   ၁၀-၂၀ % ထိ တိုးတက် စေနိုင်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မည့် မျိုးကောင်းမျိုးသန့်များ ယခုထက်ပိုမို စိုက်ပျိုးလာနိုင်စေရေးအတွက် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  ဒေသရေမြေရာသီဥတု နှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မဲ့ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး အလေးပေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့်များကို ၃ နှစ် တစ်ကြိမ် မျိုးလဲလှယ်ပေး စိုက်ပျိုးသင့်ပါတယ်။  ဆီထွက်သီးနှံများဟာ နှစ်ပေါင်းများစွာ နှစ်စဉ် ဆက်တိုက် စိုက်ပျိုးလာခြင်းကြောင့် မျိုးရိုးဗီဇ မျိုးရောမှုများ ဖြစ်ပေါ်လျှက်ရှိရာ ယခုအခါ တောင်သူများ ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ခြင်း၊ မျိုးမြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

သီးနှံအထွက်နှုန်းတိုးတက်စေရန် နေရာဒေသလိုက်၍မြေဆီလွှာ ထိန်း သိမ်းခြင်းနှင့် မြေဆီလွှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စိုက်ခင်းမြေဆီလွှာတွင် အာဟာရဓာတ်လျော့နည်းခြင်းဟာ သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။ မြေဆီလွှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာမှာ သဘာဝမြေဩဇာများဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ တီကျစ်စာ စတဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း အပါအဝင် သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး၊ ပဲမှော် စတဲ့ အပင်များရဲ့ ဘေးထွက် ပစ္စည်းများကို (Compost) ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုပေးကြရမှာ ဖြစ်ပါတယ်။ဇီဝမြေဩဇာဟာ အပင် များ ရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် မြေဆီလွှာအတွင်း စိမ့်ဝင်ပြီး အချိန်ယူ ပြုပြင်၍ မြေဆီဩဇာဓာတ်ကို အားဖြည့်ပေးနိုင်မှာဖြစ်ပြီးသီးနှံအထွက်နှုန်းကိုတိုး တက် လာ စေမှာ ဖြစ်ပါတယ်။ 

ဆီထွက်သီးနှံများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လိုအပ်သော အစိုဓာတ် ရရှိစေရန် သီးနှံပင် ရေလိုအပ်တဲ့အချိန်တွင် ရေပေးသွင်းခြင်း ဆောင်ရွက်ရန် ရေအရင်းအမြစ် (Water Resources) များ ရှိရန် လိုအပ်ပါတယ်။ ဆီထွက်သီးနှံများစိုက်ပျိုးရာမှာ ရေရရှိရေး အတွက်ရေရရှိနိုင်မည့်နည်းလမ်းများ (ဆည်မြောင်းရေ၊ မြစ်ရေတင်၊ မြေအောက်ရေ တင်၊ တောင်ကျရေ၊ ချောင်းပိတ်/မြောင်းပိတ်) ဖြင့် ရေပေးသွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရေစုမြောင်းများ တူးဖော်ခြင်း၊ ရေစုကန်များ တည်ဆောက်ခြင်း များကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသများရှိ တောင်စောင်းများ တွင်  ရွှေ့ပြောင်းတောင်ယာစနစ်အစား ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ် (SALT Technology) နဲ့ မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေခြင်း နှင့် ရေချွေတာထိန်းသိမ်းခြင်း (Water Saving) ကို ဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။

သင့်တော်သော စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဟာလည်း ဆီထွက် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အရေးပါသောကဏ္ဍတွင် ပါဝင်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရေး စိုက်ပျိုးရေးဆိုင်ရာပညာရှင်များမှ စိုက်ပျိုး ထုတ်လုပ်သူ တောင် သူများထံသို့ နည်းပညာများ မျှဝေပေးရန် ဆောင်ရွက်ခြင်းကို အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဆီထွက်သီးနှံ အထူး ဇုန်များအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးပညာရှင်များမှ နည်းပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရေး Working Group များ ဖွဲ့စည်း၍ တောင်သူများ လိုအပ်သော နည်းပညာအကူအညီများကိုတောင်သူ့လက်ဝယ်အရောက် လက်တွေ့အသုံးချ နိုင်ရေး ပညာပေးဆွေးနွေးခြင်းများ၊ အကျိုးဆောင်တောင်သူများအား နည်းပညာပေး သင်တန်းများ ပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းစနစ်များတွင် ဓာတ်မြေဩဇာများသုံးစွဲရာ၌ လေလွင့်ဆုံးရှုံးမှုနည်း စေရန် သဘာဝမြေဩဇာနှင့် ရောစပ်အသုံးပြုခြင်းနည်းပညာ၊ သစ်စိမ်းမြေဩဇာထည့် သွင်း အသုံးပြုခြင်းနည်းပညာ၊သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းနည်းပညာ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းပညာ၊ ရေချွေတာသုံးစွဲခြင်းနည်းပညာ (Water Saving Technology) ၊ ရေအစက်ချစိုက်ပျိုးနည်းစနစ် ( Drip Irrigation) နှင့် ရေဖျန်းစနစ် စိုက်ပျိုး ခြင်း (Sprinkler Irrigation) နည်းပညာများကို လက်တွေ့ပြသဆောင်ရွက်ခြင်းဖြင့် တောင်သူ များ ကိုယ်တိုင် လက်တွေ့လိုက်နာကျင့် သုံးလာနိုင်စေရေး ကူညီပံ့ပိုးဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုး ရေး နည်းပညာပေးရေးဝန်ထမ်းများဟာ တောင်သူလယ်သမားများကို နည်းပညာပေး ဆောင်ရွက်ရာမှာ မှန်ကန်မှုရှိရေးအတွက် နည်းပညာပိုင်းဆိုင်ရာကို အစဉ် အမြဲ ဆည်းပူးလေ့လာနေရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် ပညာရှင်များမှ ICT နည်းပညာနဲ့ တောင်သူ နည်းပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။

စိုက်ပျိုးထုတ်လုပ်သူကိုယ်တိုင် မိမိစိုက်ပျိုးထားသော ဆီထွက်သီးနှံ၏ ပန်းတိုင် အထွက်နှုန်းရရှိစေရေး အလေးပေးဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိရန် လိုအပ်လှပါတယ်။ စိုက်ပျိုးထုတ်လုပ်သူများမှ မိမိစိုက် ပျိုးမဲ့ သီးနှံအတွက် သင့်တော်တဲ့ ရာသီဥတု၊ စိုက်ပျိုးချိန်၊ မြေအမျိုးအစား၊ သီးနှံပုံစံ၊ ရိတ်သိမ်းချိန်ကာလတွင် တစ်ဧကသတ်မှတ် အပင်ဦးရေပြည့်မီ ရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သည့် သွင်းအားစုထည့်သွင်းခြင်း နည်းစနစ်မှန်ကန်စွာထည့်သွင်းခြင်း၊ သီးနှံအလေအလွင့် နည်းစေ ရန်နှင့် မှန်ကန်စွာ ရိတ်သိမ်းနိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ၊ စနစ်တကျသန့်စင်ခြွေလှေ့ အခြောက်ခံခြင်းများကို သိရှိလိုက် နာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးထွက်ရှိလာတဲ့ ဆီထွက်သီးနှံများအား ကုန်ကြမ်းထွက်ကုန်အဆင့်မှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက်ကုန်သည်ကြီးများအသင်း၊လုပ်ငန်းရှင်များအသင်းအဖွဲ့ များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို အဆင့် မြှင့်တင်ခြင်း၊ ဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် ကြိတ်ခွဲထွက်ရှိလာသော ဆီကြိတ်ဖတ်များအား စိုက် ပျိုးရေးလုပ်ငန်းများနှင့် တိရစ္ဆာန်အစာအတွက် ပြန်လည်အသုံးချခြင်းလုပ်ငန်းများကိုဆက်စပ်အဖွဲ့အစည်းများနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံများကို နယ်မြေအလိုက် အထူးဇုန်များသတ်မှတ်၍ဇုန်တာဝန် ခံများ သီးခြားတာဝန်ပေးအပ်ခြင်း၊ ဦးစီးစနစ်ဖြင့် စစ်ဆေးမှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် စစ်ဆေးကြီးကြပ်သူ ထားရှိပြီး အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  အထက်အဆင့်ဆင့် အကြီးအကဲများ၏ လမ်းညွှန်မှု၊ စိုက် ပျိုးရေးဦးစီးဌာနရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ ကြီးကြပ်မှု၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ (Private Sector) နှင့် စိုက်ပျိုးထုတ်လုပ်သူများမှ ဟန် ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက် မယ်ဆိုရင်ဆီထွက်သီးနှံများ ပန်းတိုင် အထွက်နှုန်း ရရှိလာနိုင်မှာဖြစ်တဲ့အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း
အပ်ပါတယ်။

မျိုးနွယ်