ချဉ်ပေါင်ဖူးနှင့်ကျန်းမာရေး

ချဉ်ပေါင်ဖူးနှင့်ကျန်းမာရေး

ချဉ်ပေါင်ဖူး

ချဉ်ပေါင်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျန်းမာရေး အတွက် ဆေးဖက်ဝင်သော အပင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး အရွက်မှစ၍ အဖူး၊ အပွင့်၊ အစေ့နှင့် အမြစ် တစ်ပင်လုံး နီးပါး အကျိုးရှိရှိ အသုံး ပြုပါက ဆေးဖက်ဝင်ပါသည်။ အရ သာ ချဉ်ပြုံးပြုံးရှိခြင်းကြောင့် ချဉ် ပေါင်ဟင်းကို ထမင်းမြိန် ဟင်းလျာ အဖြစ် မြန်မာထမင်းဝိုင်း ဟင်းလျာများတွင် တွဲဖက် စားသုံးကြသည်။   ချဉ်ပေါင်ကို ချဉ်ပေါင်ကြော်၊ ဟင်း ချို၊ ချဉ်ရည်ဟင်း၊ မျှစ်၊ ငရုပ်သီးတို့နှင့် ရော၍ကြော်ခြင်း၊ ငါးနှင့်ရော၍ ချက်ခြင်းစသဖြင့် ဟင်းလျာအမျိုးမျိုး ပြုလုပ်ကြသည်။ ထို့ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက်နှင့်ရော၍ ချဉ်ပေါင်ယိုပြုလုပ်၍လည်းကောင်း ချဉ်ပေါင်ချိုချဉ်၊ ချဉ်ပေါင်ဖျော်ရည်၊ ချဉ်ပေါင်လက်ဖက်ရည်ကြမ်းလုပ်၍လည်း ကောင်း သောက်သုံးကြပါသည်။  ယခုအခါလူသုံးကုန်ပစ္စည်း ကုန်ကြမ်း အဖြစ် အသုံးပြု၍ မျက်နှာပေါင်းတင်ဆေး၊ခေါင်း လျှော်ရည်၊ သောက်ဆေးစသဖြင့် အမျိုးမျိုး ပြုလုပ်အသုံးပြုနေကြ
သည်။

ချဉ်ပေါင်ဖူး ဆိုသည်မှာ-

ချဉ်ပေါင်ဖူးသည် ချဉ်ပေါင်ပင်၏ထိပ်မှ အနီရဲရဲအဖူးပင်ဖြစ် သည်။ ယခင်က ချဉ်ပေါင်ရွက်ကိုသာ အဓိကစားသုံးကြပြီး ချဉ်ပေါင်ဖူးကို မျိုးစေ့ရယူရန်အတွက်သာ အသုံးပြုလေ့ရှိကြပါသည်။ ယခုအခါ ချဉ်ပေါင်ဖူး၏ အာဟာရဓာတ်များစွာပါဝင်မှု၊ စားချင်စဖွယ်အဆင်းအရသာနှင့် ကျန်းမာရေး အတွက် အထောက် အကူပြုမှု/ အကျိုးကျေး ဇူးများစွာကြောင့် ချဉ်ပေါင်ဖူးကိုကြိတ်၍ ချဉ်ပေါင်ဆီ ထုတ်ခြင်း၊ မြေပဲဆံ၊ ငရုတ်သီးနှင့် ရော၍ ထောင်းစားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအဖြစ် သောက်သုံးခြင်း၊ ချဉ်ပေါင်ဖျော်ရည်ပြုလုပ်၍ သောက်သုံးခြင်းစသဖြင့် အမျိုးမျိုး အသုံးပြုလာကြသည်။ ချဉ်ပေါင်ဖူးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်နေပြီး အဓိကအားဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B1, B2, B3၊ ဗီတာမင် C၊   မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့ဝင်
ပါသည်။ 

ချဉ်ပေါင်ဖူး

ချဉ်ပေါင်ဖူးကို ချဉ်ပေါင်ပန်းပွင့်ပြီး ၁၀ ရက်မှ ၁၅ ရက်ခန့်အတွင်း ကောက်ယူ၍ အဖူး အောက်ခြေရှိ (Calyx) ပွင့်ဖတ်အစိမ်းရောင်နှင့် အစေ့ခွံအတွင်းရှိ အစေ့များကိုဖယ်ရှားကာ ဆေးကြောသန့်စင်ပြီး နေရောင်ခြည်တိုက်ရိုက်ရရှိသောနေရာတွင် ၁ ရက်မှ ၂ ရက်ခန့် အခြောက် လှမ်းရပါမည်။ ချဉ်ပေါင်ဖူးခြောက်သည် ခြောက်သွေ့ကြွတ်ဆတ်နေပြီး ချေလိုက်ပါက ကြေမွသွား သည့်အချိန်တွင် သိမ်းဆည်းနိုင်ပြီဖြစ်သည်။ သိမ်းဆည်းရာတွင် အရည်အသွေး ကောင်းမွန်စေရန် အတွက် နေရောင်ခြည်နှင့် တိုက် ရိုက်မထိတွေ့သောနေရာ၊ အေး၍ ခြောက်သွေ့ပြီး လေဝင် လေထွက် ကောင်းမွန်သောနေရာတွင် လေလုံသော ပလတ်စတစ်အိတ်များ၊ ဖန် ဘူးများ၊ ပုံးများတွင် သိမ်းဆည်းခြင်းဖြင့် လပေါင်းများစွာ ကြာရှည်ခံနိုင်မည်ဖြစ်ပါသည်။ ရေနွေးပူပူတွင် ချဉ်ပေါင်ဖူးခြောက် အနည်းငယ်ကို ထည့်လိုက်သောအခါ ရေနွေးကြမ်း အနီရောင်ကို ရရှိလာပြီး အရသာ ချဉ်ပြုံးပြုံးနှင့် ကယ်လိုရီနည်းပြီး ကဖင်းဓာတ်မပါသောရေနွေးကြမ်းဖြစ် ၍ အအေးခံ၍လည်း သောက်သုံးကြသည်။ အချဉ်ဓာတ်သက်သာစေရန်နှင့် အနံ့၊ အရသာနှင့်ပြည့်စုံစေရန် မိမိကြိုက်နှစ်သက်ရာ သကြား၊ ပျားရည်၊ သစ်ကြံပိုးခေါက်၊ လေး ညှင်းပွင့် နှင့် ဂျင်းစသည်တို့ကို ရောစပ်၍လည်း သောက်သုံးနိုင်ပါသည်။

 ချဉ်ပေါင်ဖူး ရေနွေးကြမ်းမှလူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အကျိုးပြုပါသည်-

  1. ကယ်လ်ဆီယမ်ဓာတ် အမြောက်အများပါရှိသောကြောင့် သွားနှင့် မေးရိုးကို သန်မာစေပြီး ခံတွင်းမှ ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးနိုင်သော အာနိသင်ရှိ၍ သွားနှင့် သွားဖုံးများ ကို ကျန်းမာစေပါသည်။ အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင် ကြွက်သားများ ဖွဲ့စည်းမှုကို တိုး တက်ကောင်းမွန်စေခြင်းနှင့် ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကိုကာကွယ်ပေးပါသည်။
  2. ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင် C ဓာတ်တစ်မျိုးဖြစ်သည့် Ascorbic Acid ပါဝင်နေ သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသော ကျန်းမာရေးပြဿနာများကို လျော့နည်းအောင် ကာကွယ်ပေးကာ အဆုတ်ကို ကျန်းမာစေသည်။ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ဝေဒနာသက်သာစေရန် အထောက်အကူပြုပါသည်။ 
  3.  မဂ္ဂနီဆီယမ်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပြီး ဝမ်းပျော့စေသော ကြောင့် အူကြွက်သားများကို ပြေလျော့စေကာ ဝမ်းမှန်စေသည်။ အူ၏ လုပ်ဆောင်မှုကို ကောင်းစေပြီး အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြု၍ အူမကြီး ကင်ဆာကို ကာကွယ်ပေးသည်။
  4. ချဉ်ပေါင်တွင်ပါဝင်သော Phosphorous သည် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မော ပန်းလွယ်ခြင်း၊ ခြေလက်များ ထုံ ထိုင်း နာကျင်ခြင်း နှင့် လေးလံခြင်းတို့ကို သက်သာ ပျောက်ကင်းစေခြင်း စသည့် ကျန်းမာရေးပြဿနာ
    များကို လျော့ပါးစေပါသည်။ 
  5. ချဉ်ပေါင်ဖူးသည် ခန္ဓာ ကိုယ်တွင်းမှ မကောင်းသောကိုလက်စထရောများကို ကျဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာများ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ သွေးတွင်း အဆီဓာတ်ကျစေခြင်း၊ သွေးတွင်း သကြားဓာတ်ကျစေခြင်းတို့ကြောင့် ဆီးချိုရောဂါရှိသူများ သောက်သုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှ ကစီဓာတ်နှင့် ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေ သောကြောင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ် နှင့် ကစီဓာတ် စုပ်ယူမှုကို ကူညီပေးသော Amylase ထုတ်လုပ်မှုကို ဟန့်တားပေးသော ကြောင့် အဆီကျ ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူ ပြုစေသည်။
  6. ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant Pro-perties) ကြောင့် အသည်းရောဂါများကို ကုသရာတွင် အထောက်အ ကူ ပေးပါသည်။ ခန္ဓာကိုယ်တွင်းမှ ဆဲလ်နှင့်တစ်ရှူးများမှ free radicals များကို ဓာတ်ပြယ် စေနိုင်သောကြောင့် ကျန်းမာအသက်ရှည်စေနိုင်ကာ အသည်းကို ကာကွယ်ပေးပါသည်။ 
  7. ချဉ်ပေါင်ဖူးသည်အကျိတ် ကို ကြေစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်များရှိခြင်းကြောင့် ကင် ဆာဖြစ်စေသော ဆဲလ်များပွားများမှုကို နှေးကွေးစေပြီး ကင်ဆာ ရောဂါကို သက်သာစေနိုင်သည်။
  8. ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်သောကြောင့် အမျိုး သမီးများ ဓမ္မတာလာစဉ် နာကျင် ကိုက်ခဲမှု ဝေဒနာကို သက်သာစေနိုင်သည်။  ဓမ္မတာလာချိန်တွင် ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်တတ်သောစိတ်ခံစားမှုအပြောင်းအလဲများ၊ စိတ်ကျခြင်းနှင့်လွန်ကဲစွာ အစာစားခြင်းစသော လက္ခဏာများကိုလည်း သက်သာလျော့ပါးစေနိုင်ပါသည်။
  9. စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်သောဂုဏ်သတ္တိများရှိသည့် ဗီတာမင်နှင့် flavonoids များ ပါဝင်သောကြောင့် ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အာရုံကြော စနစ်ကို ကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုနှင့်စိတ်ကျဝေဒနာများကို သက်သာစေနိုင်ပါသည်။
  10. ဆီးရွှင်၊ ဝမ်းမှန်စေသောကြောင့် အစာချေဖျက်မှုကို ကောင်း မွန်စေပြီး အစာကြေစေသည်။  သွေး သားကောင်းစေပြီး အသားအရည်ကို ကြည်လင်ဝင်းပစေပါသည်။ 
  11. ချဉ်ပေါင်ဖူးရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးပါက သွေးဖိအားကို ကျစေပြီး သွေးတိုးမဖြစ် အောင် ကာကွယ်ပေးကာ သွေးပေါင် ချိန် မှန်စေပါသည်။ ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ်လည်း သောက်သုံးကြပြီး ခန္ဓာကိုယ်ကို အမြန်ဆုံးအေးမြစေသော အာနိသင်ရှိ၍ အနည်းငယ်သောက်ရုံဖြင့် ရေ ငတ်ပြေစေနိုင်ပါသည်။ 
  12. ဒူးရင်းသီး စားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
  13. ချဉ်ပေါင်ဖူး၏ အစေ့မှလည်းအဆီ ထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိ အနာ အမျိုးမျိုးတို့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကို သက်သာစေပြီး၊ အနာကျက် မြန်စေပါသည်။

သတိပြုရန်မှာချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းသည် သွေးတိုးကျစေ သော အစွမ်းရှိသောကြောင့် သွေး ပေါင် ကျတတ်သူများ၊ ဆီးချိုရောဂါရှိသူများ၊ သွေးတိုးကျဆေး သောက်သုံးနေသူများအနေဖြင့် ချင့်ချိန် သောက်သုံးသင့်ပါသည်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များလည်း သောက်သုံးရန် မသင့်တော်ပါ။ ချဉ်ပေါင်ဖူးတွင် အချဉ်ဓာတ်ပါသောကြောင့် အစာမရှိပဲ မသောက်သုံးသင့်ပါ။ ပမာဏ အများအပြား သောက်သုံးမိပါက အစာခြေစနစ် ပြဿနာရှိနိုင်ပြီး မူး‌ဝေခြင်းနှင့် သတိလစ်မေ့မြောခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ နို့တိုက်မိခင်များ၊ ကလေးငယ်များနှင့် သွေးတိုးရောဂါရှိသူများ အလွန်အကျွံ မသောက်သုံးသင့်ပါ။  တန်ဆေး လွန်ဘေးဆိုသကဲ့သို့ တစ်ရက်လျှင် ရေန္ဂေးပန်းကန်လုံး နှစ်လုံး ခန့်သာ ပုံမှန်သောက်သုံးပေးသင့်ပါသည်။

ချဉ်ပေါင်ဖူး

 ယခုအခါ တောင်သူများသည် ချဉ်ပေါင်စေ့မှ ဆီကိုထုတ်၍ စားသုံးဆီအဖြစ် တစ်နိုင်တစ်ပိုင် ထုတ်လုပ် သုံးစွဲနေကြပြီဖြစ်ပါသည်။  ချဉ်ပေါင်စေ့ တစ်တင်းနှင့် နှမ်းလေးပြည် ရောကြိတ်ခြင်းဖြင့် ချဉ်ပေါင်ဆီ ၉ ပိဿာခန့်ရရှိနိုင်မည်ဖြစ်ပါသည်။ တခြားသော ဆီထွက်သီးနှံများကို အဓိက အသုံးပြုရာမှ ချဉ်ပေါင်စေ့ဆီသည်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးရုံသာမကဘဲ တစ်ရာသီ သီးနှံဖြစ်သောကြောင့် လယ်သီးနှံအပြီး လှပ်ထားသော မြေပေါ်တွင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ စိုက်ပျိုးဖြစ်ထွန်းလွယ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိကာ နိုင်ငံအဝှမ်း နေရာအနှံ့ မြေလွတ်၊ မြေရိုင်းနှင့် လည်ကန်သင်းများပေါ်တွင် စိုက်ပျိုးနိုင်သော ချဉ်ပေါင်ပင်များမှ အဖူး၊ အရွက်များ ခူးယူရောင်းချရုံသာမကဘဲ စားသုံးဆီ ထုတ်လုပ်နိုင်ခြင်းကြောင့် တောင်သူများအတွက် တဖက်တလမ်းမှ  ဝင်ငွေတိုးပွားလာ နိုင်ပြီးနေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက် လာနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးပြီး၊ စျေးနှုန်းလည်းသက်သာ ၍ မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင်  ၁၂ လရာသီပတ်လုံး အလွယ်တကူ စိုက်ပျိုးရရှိနိုင်သော ချဉ်ပေါင်ဖူးခြောက်များကို ကျန်းမာရေး ရှု့ထောင့်အရ အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် သောက်သုံးနိုင်ရန်အတွက် တိုက်တွန်းလိုက်ရ ပါသည်။         

 မြေလတ်သူနှင့်အဖွဲ့