ပန်းစိုက်ပျိုးကဏ္ဍတိုးတက်ဖို့၊ တောင်သူအားလုံးပါဝင်စို့
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံ ပိုလျှံရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးလျက်ရှိပါသည်။ ပြောင်းလဲလာသောရာသီဥတု ဖောက်ပြန်မှုနှင့်အတူ နိုင်ငံတကာတွင် ကြုံတွေ့နေရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် နည်းပညာအားပြိုင်မှုများ၏ နောက်ဆက်တွဲ ပြဿနာများတွင် စားရေရိက္ခာဖူလုံရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး တောင်သူတစ်ဦးချင်းစီ၏ ကုန်ထုတ်စွမ်းအားနှင့် တစ်ဧကချင်းစီ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုး တက်ရေးအတွက် စိုက်ပျိူးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ရေ၊မြေ၊သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသောနိုင်ငံဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာ၊ ဒေသနှင့် ရာသီအလိုက် ဒေသပန်းမျိုးကွဲများ စုံလင်စွာ စိုက်ပျိုးဖြစ်ထွန်းလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း ၅၅ သန်းခန့်ရှိကာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြပြီး ဖြတ်ပန်းအသုံးပြုမှု (၈၀-၉၀)ရာခိုင်နှုန်း အထိရှိပြီး ပန်းကို ဘာသာရေးအတွက် အများဆုံး ဝယ်ယူအသုံးပြုလေ့ရှိပါသည်။
၂၀၁၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပန်း၏ရေပန်းစားမှု ပြောင်းလဲလာပုံအနေဖြင့် မင်္ဂလာဆောင် အခမ်းအနားများ၊ နိုင်ငံတော်အခမ်းအနားများ၊ အဆင့်မြင့်ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန် အစရှိသည့် အသုံးပြုမှုများ ရှိလာသည့် အလျောက် တဖြည်းဖြည်း ပန်းအသုံးပြုမှု မြင့်မားလာလျက်ရှိပါသည်။ အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ပန်းအမျိုးအစား ၃ မျိုးရှိပါသည်။ ဂန္ဓမာပန်း (၆၀-၇၀) ရာခိုင်နှုန်းရှိပြီး ဈေးကွက်ဝေစု အများဆုံးပန်းဖြစ်ကာ နှင်းဆီနှင့် သစ္စာပန်းတို့သည် ဒုတိယဝေစု အများဆုံး ဖြစ်ပါသည်။
ပန်းစိုက်တောင်သူများ၏ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးကာ စိုက်ပျိုးရေးနှင့်ဆိုင်သော အသိပညာဗဟုသုတများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့်ဆိုင်သော အသိပညာ ဗဟုသုတများ တိုးပွားသည်ထက်တိုးပွားအောင် ဖြန့်ဝေအသိပေးရမည်ဖြစ်ပါသည်။ ပန်းစိုက်တောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်လိုအပ်သော အရည်အ သွေးကောင်းပန်းများကို နိုင်ငံခြားမှ တင်သွင်းမှုကို လျှော့ချနိုင်ရေးနှင့် ပြည်တွင်း၌ စိုက်ပျိုး ရောင်းချနိုင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲမှုကို တဖက်တလမ်းမှ လျှော့ချနိုင်ရေး၊ ပြည် တွင်း ဈေးကွက် ဖူလုံစေရန်သာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေး၊ ပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ပန်းကို မွမ်းမံပြင်ဆင်၍ အခြားသော လူသုံးကုန်ပစ္စည်းများ ဥပမာအားဖြင့် အစားအသောက်ပြုလုပ်ခြင်း၊ ဆပ်ပြာခဲပြုလုပ်ခြင်း၊ အလှကုန် ပစ္စည်းပြုလုပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြုလုပ်ခြင်းအဖြစ် ပြောင်းလဲနိုင်ခြင်းဖြင့် ပြည် တွင်း အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း များစွာဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အရည်အသွေးကောင်း ဆန်းသစ်သောပန်းများမှာ တန်ဖိုးကြီးသော် လည်း ကြိုက်နှစ်သက်ကြသော ပန်းချစ်သူများလည်း အများအပြား ရှိသောကြောင့် နိုင်ငံခြားမှ တင်သွင်းနေရခြင်း ဖြစ်သည်။
ပန်းများကို သဘာဝအတိုင်း ဖြတ်ရောင်းပန်းခိုင်အနေဖြင့် ရောင်းချနိုင်သလို အလှဆင် ပန်းများအတွက် ဈေးကွက်သို့ တင်ပို့ရာတွင် ရိတ်သိမ်း ချိန်နောက်ပိုင်း တာရှည်ခံရေးဆောင်ရွက်ရန် လိုအပ်ပြီး ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိဖို့အတွက် သယ်ယူပို့ဆောင်ရေးသည်လည်း အရေးကြီးပါသည်။ ဒေသတွင်းပဲဖြစ်စေ၊ နယ်ဝေး ဈေးကွက်တွင်ဖြစ်စေ မည်သည့်ဈေးကွက်တွင်မဆို မိမိကုန်ပန်းတစ်မျိုးတည်း ရောင်းချ နေခြင်းမဟုတ်ဘဲ ဒေသတွင်းနှင့် အခြား ဒေသအသီးသီးမှ ထွက်ရှိနေသော ပန်းကုန်များဖြင့် ယှဉ်ပြိုင်ရောင်းချနေရခြင်း ဖြစ်ပါသည်။
ဈေးနှုန်းချင်းတူလျှင် အရည်အ သွေးကောင်းမွန်သည့် ကုန်ပစ္စည်းကိုသာ ဝယ်ယူလိုသော စားသုံးသူ၏ သဘောတရားကို နားလည်ထားရန် လိုပါသည်။ ထို့ကြောင့် မိမိထုတ်ကုန်ပစ္စည်း၏ အရည်အသွေး ကောင်းမွန်မှုနှင့် စံချိန်စံညွှန်း ပြည့်မီမှုရှိမရှိဆိုသည့်အချက်မှာလည်း အဓိက လို အပ်ချက်တစ်ရပ်ဖြစ်ပေသည်။ ကုန်ပစ္စည်း အရည်အသွေး စံချိန်စံညွှန်းမြင့်မားစေရေးဆိုရာ၌ ထုတ် လုပ်စိုက်ပျိုးမှုအပိုင်းသည်လည်း အရေးကြီးပါသည်။ ပန်းတစ်ပွင့် စတင် စိုက်ပျိုး သည်မှ ဈေးကွက်သို့ ပို့ဆောင်ရောင်းဝယ်မှု ပြီးဆုံးသည်အထိ ရရှိသော ဈေးနှုန်းမှစ၍ စိုက်ပျိုးထုတ်လုပ်စရိတ်၊ ထုပ်ပိုးစရိတ်နှင့် သယ်ယူပို့ဆောင်မှုစရိတ် အသီးသီးကို နုတ်၍ ကျန်သည့်ပမာဏသည် စိုက်ပျိုးတောင်သူ၏ အမြတ်အစွန်းဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးဒေသရှိ ပန်းစိုက်တောင်သူများအနေဖြင့် အတွေ့ အကြုံကိုအခြေခံသော လက်လှမ်းမှီရာ သမားရိုးကျ စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးလျက် ရှိပါသည်။ အသီးအပွင့်များ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဓာတုမြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများကို အလွန်အကျွံ အသုံးပြုစိုက်ပျိုးလျက်ရှိပါသည်။ အစကနဦးကာလများတွင် မသိသာလှသော် လည်း ယနေ့အချိန်တွင် စနစ်မကျသော စိုက်ပျိုးမှုများကြောင့် ပိုးသတ် ဆေးများ အဆမတန် သုံး၍ ပက် ဖျန်းသော်လည်း ကောင်းစွာမနှိမ် နင်းနိုင်ခြင်း၊ မှိုသတ်ဆေးများ ဈေးကြီးပေး၍ ဖျန်းပက်သော်လည်း ရောဂါမပျောက်ခြင်း တို့ဖြစ်လာပါသည်။ သီးနှံများ၏ စိုက်ပျိုးထုတ်လုပ် စရိတ်တစ်ဝက်ကျော် သည် မြေဩဇာနှင့် ပိုးသတ်ဆေးဖိုးများအတွက် ပေးချေနေရသဖြင့် ကုန်ကျစရိတ်များနေသည်ကိုတွေ့ရသည်။
ယနေ့ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် ဓာတုမြေဩဇာနှင့် ဓာတုပိုးသတ်ဆေးများ အဆမတန်သုံးစွဲခြင်းကြောင့် မြေဆီလွှာများ စိုက်ပျိုး၍မရလောက်အောင် မြေသားပျက်စီးလာခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့နေရသည်ဖြစ်သောကြောင့် ထိုပြဿနာ များကို နိုင်ငံတော်အရေး တစ်ခု သဖွယ် အလေးပေးကာ တောင်သူများအား အော်ဂဲနစ်ဇီဝ မြေဩဇာများ အစားထိုးသုံးစွဲနိုင်ရေး ပညာပေးဆွေးနွေးမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပါသည်။
ပန်းစိုက်ရာတွင် လယ်မြေ ခြံမြေများသည်လည်း မြေဩဇာနှင့် ပိုးသတ်ဆေးများ အဆမတန်သုံးစွဲမှုများကြောင့် ပန်းပင်များ အပင်ဖြစ် ထွန်းမှု နည်းပါးလာခြင်း၊ ဖြစ်ထွန်းပြန်သော်လည်း ရောဂါပိုးမွှားဒဏ်မခံနိုင်ခြင်း၊ တာရှည်အထားမခံတော့ခြင်း စသည့် ပြဿနာ အရပ်ရပ်ကို ကြုံတွေ့နေရပေသည်။ သားစဉ် မြေးဆက် လုပ်ကိုင် စားသောက်ရမည့် မိမိတို့လယ်ယာမြေများ မပျက် စီးရေးနှင့် စိုက်ပျိုးရာတွင် ရောဂါကင်းသော မျိုးကောင်း မျိုးသန့် များကိုသာ ရွေးချယ်စိုက်ပျိုးရေး၊ ဓာတု မြေဩဇာများနှင့် ဓာတု ဆေးဝါးများကို စနစ်တကျ သုံးစွဲရေးနှင့် ကြိုတင် ကာကွယ်သင့်သည့် နည်းစနစ်များကို ဆွေးနွေးပညာပေးရန် လိုအပ်ပါသည်။
ပန်းစိုက်တောင်သူများအား စကားလက်ဆောင်ပါးချင်ပါသည်။ ဤလယ်ယာမြေများ ကိုမည်သူတွေစိုက်ပျိုး၍ ထွက်ပေါ်လာသည့် အကျိုး အမြတ်များကို မည်သူတွေ ရရှိခံစားနေရပါသနည်း။ မိမိတို့ကိုယ်တိုင်ပင် မဟုတ်ပါလော။ မိမိတို့ကိုယ်တိုင် အသက်မွေးဝမ်းကြောင်း အတွက် လုပ်ကိုင်စားသောက်နေသော ဤလယ်ယာမြေများ မပျက်စီးစေရေးအတွက် စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။
စိုက်ပျိုးရေးပညာကို အထူးပြုလေ့လာ သုတေသနပြုချက်များမှ ထွက်ပေါ်လာသည့် ရလဒ်အဖြေများကို အခြေခံ၍ အရည်အသွေးလည်းမီ စိုက်ပျိုးစရိတ်လည်း သက်သာ၊ တာရှည်လည်းအထားခံ၊ ပိုးမွှားရောဂါဒဏ်ကိုလည်း ကောင်းစွာခံနိုင်စေမည့် မျိုးကောင်းများ၊ ဓာတုမြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများ၊ သဘာဝသစ်ဆွေး မြေဩဇာများကို အစားထိုး သုံးစွဲခြင်း နှင့် ဇီဝပိုးသတ်ဆေးများကို သုံးစွဲခြင်းဖြင့် အပင်များ လောင်ကျွမ်းမှု မရှိနိုင်ကြောင်း အာမခံချက်ပေး၍ ဆွေးနွေးသည့်အခါ ဟဲဟိုးဒေသရှိ ပန်းစိုက်တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
တစ်နှစ်ထက်တစ်နှစ် ပန်းအပွင့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးရေတိုးတက်လာသည်နှင့်အမျှ ထွက်ကုန်ပမာဏမှာလည်း များပြားလာပါသည်။ ဈေးကွက်သို့ တင်ပို့လိုက်သည့်ပန်းများ အကြောင်းအမျိုးမျိုးကြောင့် အချိန်နောက်ကျမှ ရောက်ရှိလျှင် ကုန်ပစ္စည်းများပုပ်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် အရှိန်အဟုန်မြင့် တိုးတက်ပြောင်းလဲလျက်ရှိသော ယနေ့အချိန်ကာလတွင် ခေတ်ရေ စီးကြောင်းကို မျက်ခြည်မပြတ်ရန်လည်းလိုပါသည်။
ပန်းစိုက်တောင်သူများအနေဖြင့် ဒေသတွင်းဈေးကွက် အနေ အထားလောက်ဖြင့် ကျေနပ်မနေပဲ နိုင်ငံ တကာဈေးကွက်များသို့ မှန်းမျှော် ကြည့်တတ်ရန် လိုအပ်လာပြီဖြစ် သည်။ ဈေးကွက်များ၏ လိုအပ်ချက်၊ ဘယ်လဘယ်ရာသီမှာ ကိုယ့်ဒေသ လိုပဲ ဘာပန်းတွေပွင့်နေသလဲ။ ဘာပန်းအမျိုးအစားတွေလဲ၊ ဈေးကွက်မှာ တစ်ရက်အတွင်း ရောက်ရှိသော ပန်းကုန်ပမာဏ ဘယ်လောက်ရှိသလဲနှင့် မိမိတို့ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု အား၊ ပြည်တွင်းမှ ပန်းကုန်များ ပမာဏများပြားစွာ ဈေး ကွက်တွင် ဝင်ရောက်ပြီး ဝယ်လိုအား ရောင်းလိုအား မမျှ၍ ဈေးကွက်ပျောက်နေချိန် ပြည်ပမှ တင်သွင်းလာသော ပန်းများ ဘာကြောင့် ဈေးကွက်မှာနေရသလဲ ဆိုသည်ကို တောင်သူများ လေ့လာသိရှိရမည်ဖြစ်သည်။ ဈေးကွက်လိုအပ်ချက်ကို သိရန်၊ ထုတ်ကုန်/ ပို့ကုန် အရည် အသွေးမြှင့်တင်ရန် နည်းပညာပိုင်း များစွာ လိုအပ်နေပြီဖြစ်သည်။
“စီးပွားရေးအောင်မြင်ရန် သတင်းအချက်ကို အခြေခံ ” ဆိုသလို ယနေ့သတင်းနှင့် နည်းပညာခေတ်ကြီးတွင် သတင်းအချက်အလက် ရရှိရေးသည်လည်း အရေးပါသော အချက်တစ်ခုဖြစ်ပါသည်။ ဒေသတွင်းတောင်သူများ မျက်စေ့ပွင့်၊ နားပွင့်ခေတ်ကို မျက်ခြေမပြတ်စေရန် စာများများ ဖတ်ရန်လိုပါသည်။ မိမိတို့သည် တောင်သူများဖြစ်သည့် အလျောက် ပန်းတစ်မျိုးတည်း စိုက်ခြင်းမဟုတ်ပဲ အခြားသီးနှံများလည်း စိုက်ပျိုးကြသဖြင့် သီးနှံစုံ၏ ဒေသတွင်းပေါက်ဈေး၊ အနယ်နယ်အရပ်ရပ်၌ ကုန်စည်ဒိုင်များ၏ ပေါက်ဈေး၊ စိုက်ပျိုးရေး၊ ဈေးကွက်စီးပွားရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ စသည့် ဗဟုသုတများ တိုးပွားကာ ၎င်းအချက်အလက်များကို စဉ်းစားချင့်ချိန်၍ လုပ်ကိုင်ခြင်းဖြင့် အကျိုး စီးပွား တိုးပွားနိုင်မည်ဖြစ်သည်။
အနှစ်ချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံသည် အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်ပြီး ပန်းဈေးကွက်မှာ အလား အလာ ကြီးမားလာလျက်ရှိပါသည်။ ပန်းစိုက်တောင်သူများ စိုက်ပျိုးသည့် ရာသီတစ်လျှောက်လုံး ဝင်ငွေတိုးတက် အဆင်ပြေရေးအတွက် ပန်းမန်စိုက်ပျိုးထုတ်လုပ်သူ အသင်း အဖွဲ့များလည်း ရှိပြီးဖြစ်ရာ နိုင်ငံ တော်အစိုးရ၏အထောက်အပံ့ချေးငွေများရယူဆောင်ရွက်ခြင်း ပုဂ္ဂလိကလုပ်ငန်းများနှင့် ချိတ် ဆက် ၍ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အကျိုးအ မြတ် ပိုမို ရရှိကာ လူမှုဘဝတိုးတက်လာပြီး ပန်းမန် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍမှာလည်း ပိုမိုတိုးတက်မြင့်မား လာမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ဆောင်းဧကရီ