သဘာဝကပေး အစာနှင့်ဆေး၊ ချဉ်ပေါင်လက်ခြား

သဘာဝကပေး အစာနှင့်ဆေး၊ ချဉ်ပေါင်လက်ခြား

ချဉ်ပေါင်

အဝင် ရာသီကာလတွင် ဆောင်းလေနုအေးနှင့်အတူ ချဥ်ပေါင်လက်ခြားပင်တို့၏ ရိုးတံအဆစ်ကြားလေးများတွင် ပန်းပွင့်ပြီးနောက် အနီရင့်ရောင် အသီးလေးများ စီစီရီရီထွက်ပေါ်လာကြပြီ။ ချဥ်ပေါင်လက်ခြားပင်၏  အင်္ဂလိပ်အမည်မှာ   “roselle”  သို့မဟုတ် “red sorrel” ဟု ခေါ်ဆိုကြသကဲ့သို့ hibiscus plant ဟုလည်း  ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ   Hibiscus sabdariffa  ဟု  ခေါ်ဆိုပြီး ရုံးပတီ၊ ဝါပင်တို့နှင့် မျိုးရင်းတူဖြစ်သည့် Malvaceae  တွင် ပါဝင်၏။

ချဥ်ပေါင်ပင်မှာ အာဖရိကတွင် မူလအတိုင်း သဘာဝအလျောက်ဖြစ်ထွန်းခဲ့ပြီး အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ပျံ့နှံ့ပေါက်ရောက်ခဲ့၏။  လွန်ခဲ့သော ၁၇ ရာစုနှစ်အတွင်းက ချဥ်ပေါင်ပင်ကို အိန္ဒိယနှင့် အမေရိကတိုက်များသို့ မိတ်ဆက်ခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသများတွင် စိုက်ပျိုးလာကြ၏။  အမှန်တကယ် သဘာဝအတိုင်းပေါက် ရောက်သော ချဥ်ပေါင်မျိုးများကို ဂါနာ၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယားနှင့် အင်ဂိုလာကဲ့သို့သော နိုင်ငံများတွင် စုဆောင်းခဲ့ကြ၏။

ကမ္ဘာပေါ်တွင် ချဥ်ပေါင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသော် လည်း ယခုချဥ်ပေါင်လက်ခြားမျိုးသည် အာယုဗေဒ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်၏။။ ချဥ်ပေါင်လက်ခြားပင်သည် နေရောင်ခြည်၊ အပူနှင့် စိုထိုင်းဆများစွာရှိသော နွေးထွေးသော၊ အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်းရာသီဥတုများတွင် ကောင်း စွာဖြစ်ထွန်းသော တစ်နှစ်ခံအပင်မျိုး ဖြစ်၏။ ချဥ်ပေါင်လက်ခြားပင်သည် အကိုင်းအခက်များသော ချုံပင်မျိုးဖြစ်ပြီး အမြင့် ကိုးပေအထိ ရှင်သန်ကြီးထွား နိုင်ပြီး ထင်ရှားလှပသော ပန်းများကို ပွင့်စေပြီး အသီးများသီးကာ ခူးဆွတ်ရိတ်သိမ်းနိုင်သည့် အပင်အစိတ်အပိုင်း တစ်ခုဖြစ်၏။ ချဥ်ပေါင်လက်ခြားပင်တွင် ထိပ်ဖျားချွန်သော အရွက်သုံးခွပါဝင်ပြီး ယင်းအပင်မှ အနီရင့်ရောင် ချဥ်ပေါင် သီးများရရှိ၏။ ချဥ်ပေါင်ဖူးဟု အများက ခေါ်ဆိုကြ‌သော်လည်း ချဥ်ပေါင်သီးဖြစ်၏။ အသီး၏အပြင်ဖက်တွင် ငုံထား သော အနီရင့်ရောင် အဖတ် လေးများက ပန်းဖူးလေးသဏ္ဍာန်ဖြစ်နေသည့်အတွက် ခေါ်ဆိုကြခြင်းဖြစ်ပြီး ယင်းအနီရောင် အဖတ်လေးများကိုသာ စားသုံးကြခြင်းဖြစ်၏။

ချဥ်ပေါင်ပင်သည် အာဟာရ ပြည့်ဝပြီး အထူးသဖြင့် ၎င်း၏အရွက်များ၊ အသီးနှင့် အစေ့များတွင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နှင့် သတ္တု ဓာတ်များ ကြွယ်ဝစွာပါဝင်၏။ အရွက်များတွင် ဘီတာကာရိုတင်းနှင့် ဖော့စဖရပ်စ် မြင့်မားစွာ ပါဝင်ပြီး အဖူးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့ပါဝင်ပြီး အစေ့များတွင် ကျန်းမာရေးနှင့်ညီညွတ်သော လီနိုလစ် အက်ဆစ်နှင့် အိုလီအစ်အက်ဆစ်များအပါအဝင် ပရိုတင်းနှင့် အဆီများ၏ အကောင်းဆုံးအရင်း အမြစ်တစ်ခု ဖြစ်၏။

ချဥ်ပေါင်ဖူး တစ်ပန်းကန် လုံးတွင် အစာစွမ်းအင် ၂၈ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်ခြင်းနှင့်အတူ အဆီဓာတ် အနည်းငယ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီတူး၊ ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့ပါဝင်၏။ သတ္တုဓာတ် အနေ ဖြင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့လည်း ပါဝင်၏။

ချဥ်ပေါင်ရွက်   ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၄၃ ကယ်လိုရီခန့်၊   ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဘီတာကယ်ရိုတင်းအလွန်မြင့်မားစွာပါဝင်ပြီး ဗီတာမင်စီလည်း ပါဝင်၏။ သတ္တုဓာတ်များအနေဖြင့် ဖော့စဖရပ်စ်၊ သံဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်၏။

ချဥ်ပေါင်ပင်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းမြင့်မားစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ကြောင့် စိတ်ဖိစီးမှုဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်း၊  သွေးကြောများတွင် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်စွမ်းရှိခြင်း၊  သွေးဖိအားကို မျှချေဖြစ်စေနိုင်စွမ်း၊ သွေးကိုသန့်စင်စေနိုင်စွမ်း၊ နှလုံးနှင့် သွေးလည်ပတ်မှုကို အားကောင်းစေနိုင်စွမ်း၊ အသည်းကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်း၊ ကျောက်ကပ်၏ လုပ် ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေနိုင်စွမ်း၊ ဆီးရွှင်စေခြင်း၊ ဝမ်းပျော့စေခြင်း၊ အမျိုးသမီးမျိုးပွားအင်္ဂါကျန်းမာခြင်းနှင့် ဓမ္မတာလာခြင်းကို အထောက်အကူပြု နိုင်စွမ်း၊   သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောများကို လျှော့ချရာတွင် အထောက်အကူပြုပြီး ကောင်းသော ကိုလက်စထရောကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်း၊  ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်စွမ်း၊ အဏုဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း၊ သွေးတွင်းသကြားဓာတ် ပမာဏကို လျှော့ချပေးခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေကို ဟန့်တားနိုင်စွမ်း၊   အသားအရေကျန်းမာရေးနှင့် အရွယ်တင်နုပျိုနိုင်စွမ်းတို့ ရှိ၏။ 

စာရေးသူတို့နိုင်ငံတွင် ရှေးယခင်ကတည်းက ချဥ်ပေါင်ရွက်ကို အဓိကထားပြီး ဟင်းလျာအဖြစ် အမယ်မျိုးစုံ ပြင်ဆင်ချက်ပြုတ်စားသုံးလေ့ရှိကြ၏။  ချဥ်ပေါင်ဖူးကို ဆောင်းအဝင် ရာသီချိန်၌ အထောင်း၊ အကြော်၊ အရည်သောက် အစရှိသဖြင့် ချက် ပြုတ်ပြင်ဆင်စားသုံးမှု ပိုများ၏။ ခေတ်ရေစီးကြောင်းအလိုက် ချဥ်ပေါင်ဖူးရေနွေးကြမ်းပြုလုပ် သောက် သုံးမှုလည်း ရှိလာကြ၏။ 

  • ချဥ်ပေါင်ရွက်၊ ချဥ်ပေါင်ဖူးတို့ကို ငါး/ငါးခေါင်း/ပုစွန်/ပုစွန်ခြောက် စသဖြင့် နှစ်သက်ရာ ဟင်းခပ်လေးနှင့် ချဥ်ရည်ဟင်းချက်၊ ငရုတ်သီး ဆားထောင်းလေးနှင့်  ထမင်းမြိန်စေ၏။

  • ချဥ်ပေါင်ကြော်ဟုဆိုလျှင် လူတိုင်းကြိုက်သော ဟင်းလျာတစ်မျိုးဖြစ်ပြီး ချဥ်ပေါင်ရွက်နှင့်အတူ မျှစ်၊ ဇရစ်ရိုး၊ ခရမ်းကြွပ်သီး၊ မျောက်ငိုသီးတို့အပြင် နှစ်သက်ရာ ရာသီပေါ်အသီးအရွက်များနှင့် ရောပြီး ကြော်ကြ၏။ ချဥ်ပေါင်ကြော်ကို အိမ်တိုင်း တစ်ပတ်လျှင်တစ်ကြိမ်ခန့်အနည်းဆုံး ကြော်ထားလေ့ရှိကြ၏။ - မိဘအိမ်နှင့် အဝေးနေရသည့် သားသမီးများကို မိဘများက အိမ်အလွမ်းပြေ

  • အစားအစာများ ပြင်ဆင်ပေးသည့် အထဲတွင်လည်း ချဥ်ပေါင်ကြော်က မပါမဖြစ်ပေ။ နိုင်ငံရပ်ခြားသွားမည့်သူများအတွက် ချဥ်ပေါင်ရွက်ကို အခြောက်လှန်းပြီး အရွက်ခြောက်သီးသန့်ဖြစ်စေ၊ ချဥ်ပေါင်ရွက်ခြောက်ဘာလချောင်ကြော် စသဖြင့် ရေရှည် အထားခံသည့်ပုံစံမျိုးစုံဖြင့် ပြင်ဆင်စားသုံးကြ၏။

  • အသားငါးဟင်းများစားရန် ငြီးငွေ့နေချိန်တွင်လည်း ဇလုံထဲ ထမင်းခူးထည့်၊ ချဥ်ပေါင်ကြော်၊  ဖျော်ထားသော ငါးပိရည်ကျိုထည့်၊ ငရုတ်သီးအလှော်မှုန့်ဖြူးပြီး သမအောင်နယ်ထားသော ချဥ်ပေါင်ကြော် ဇလုံထမင်းနယ်ကိုလည်း  လူကြီးလူငယ်မရွေးနှစ်သက်ကြ၏။ သခွားသီး၊ ရုံးပတီသီး၊ အကြွပ်သီး၊ ကြက်သွန် ဖြူ၊ နီ၊ ငရုတ်သီး စိမ်းတောင့် တို့စရာတို့နှင့်အတူ တွဲပြီးစားလိုက်ရုံပင်။

  • ဒံပေါက်/ထောပတ်ထမင်း/အုန်းထမင်း အစရှိသည့် အလှူထမင်း ဟင်းပွဲများတွင်လည်း အအီပြေ မှန်ရောင် ချဥ်ပေါင်ဟင်းချိုက မပါ မဖြစ် ပေ။

  • ရာသီပေါ် ချဥ်ပေါင်ဖူးကိုလည်း ဒေသအလိုက် မတူညီသောနည်းလမ်းမျိုးစုံဖြင့် ထောင်းစားတတ်ကြ၏။ 

  • ချဥ်ပေါင်သီးများကို ခူးပြီး အဖတ်များကို  ကွမ်းစားထုံးအနည်းငယ်ကို ရေထဲထည့်ပြီး ထုံးရေကြည် အနည်းဆုံး ၆ နာရီ စိမ်ထားပေးပါ။ ပြီးလျှင် ရေဖြင့်အထပ်ထပ်စင်ကြယ်အောင်ဆေးပေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ချဥ်ပေါင်ဖူး ၃ ခွက်လျှင် သကြား ၁ ခွက်နှုန်းဖြင့် ခပ်ဖွဖွနယ်ပြီး အနည်းဆုံး ၂၄ နာရီ နှပ်ထားလိုက်ပါ။ ပြီးလျှင် အောက်မှ အိုးတစ်လုံးခံကာ ဇကာထဲလောင်းထည့်ပြီး အဖတ်သက်သက်၊ အရည်သက်သက် ခွဲထုတ်ပေးပါ။ အရည်အိုးကို မီးဖိုပေါ်တွင် မီးအသင့်အတင့်ဖြင့် အနည်းငယ်ရေခမ်းသည်အထိ ကျိုပေးပါ။ ပြီးရင် ချဥ်ပေါင်ဖူးဖတ်လေးများထည့်၊ ဆားအနည်းငယ်ထည့်၊ ကြိုက်တတ်လျှင် အစပ်အရသာနှင့် မဆလာနံ့ မွှေးမွှေးလေး ငရုတ်သီးစိမ်းမှုန့်နှင့် မဆလာအနည်းငယ် ထည့်ပြီး ကျိုပေးပါ။ အရည်ပျစ်လာပြီး ညောင်‌စေး ကျလာလျှင် မီးပိတ်ပြီး အိုးချနိုင်ပါပြီ။ တာရှည်အထားခံရန်အတွက် ချဥ်ပေါင်ဖူးဖတ်လေးများကို  ဇကာထဲ စီစီရီရီဖြန့်ပြီး နေပူလှန်းပေးပါ။ အခြောက်ညီအောင် အထက်အောက် လည်း မကြာခဏလှန်ပေးပါ။ ခြောက်သွားပြီးလျှင် ပုလင်း/ပလတ်စတစ်ဘူးထဲထည့်ပြီး လေလုံအောင် သိမ်းဆည်းပါ။ ချိုချဥ်စပ်မွှေး အရသာလေးနှင့် ခံတွင်းရှင်းစေသည့် ချဥ်ပေါင်ဖူးယိုလေးရ၏။

  • ချဥ်ပေါင်ဖူးခြောက်လေးကို ရေဆေးပြီးနောက် ရေနွေးပူပူထဲတွင် လက်ဖက်ခြောက်ခပ်သကဲ့သို့  ၅ - ၁၀ မိနစ် ခန့်ထည့်ပြီး အဖုံးအုပ်ပြီး နှပ်စိမ်ထားပေးပါ။  ကြိုက်တတ်လျှင် ချင်းတစ်ပြား၊ သစ်ကြံပိုးခေါက်အနည်းငယ်နှင့် အနံ့အတွက် သံပုရာသီးစိတ်လေး အနည်းငယ် ညှစ်ပေးလိုက်လျှင် အရောင်အဆင်း အနံ့အရသာနှင့် ပြည့်စုံ သော  ချဥ်ပေါင်ဖူးလက်ဖက်ရည်ကြမ်းလေး ရပါပြီ။ သောက်သုံးခါနီးအချိန်တွင် အဖတ်များကို ဆယ်ပစ်ပြီး အရည်ကို ခပ်နွေးနွေးအနေအထားမှာ သောက်သုံးနိုင်သကဲ့သို့ ခပ်အေးအေး သောက်သုံးလိုပါက  ရေခဲသေတ္တာ ထဲတွင်ထားပြီး သောက်သုံးနိုင်၏။ 

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ချဥ်ပေါင်လက်ခြားပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင် စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ၏ ဂေဟစနစ်‌ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများထွန်းကားရေးတို့ကို ရိုးရာ ယဥ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့် အညီ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်