မြန်မာ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များလေ့လာခြင်း - အပိုင်း ၁၊ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်တည်ဆောက်ရန် အချိန်ရောက်ပြီ
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် တိရစ္ဆာန်အရင်း အမြစ် ကြွယ်ဝပြီး တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေး အတွက် အခြေခံကောင်းများတည်ရှိပါသည်။ သင့်တင့်သော ရာသီဥတု၊ နေရာအကျယ်အဝန်း၊ မွေးမြူရေးအခြေခံများ၊ တိရစ္ဆာန်အစာကုန်ကြမ်းများ ပေါများကြွယ်ဝခြင်းနှင့် ဈေးကွက်အသင့် တည်ရှိပါသည်။ မျိုး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု နှင့် မူဝါဒအခြေခံများ ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်ပဈေးကွက် ထိုးဖောက်နိုင်သော အခြေ အနေ ရှိပါသည်။ မွေးမြူရေးမှသည် နိုင်ငံအတွက် အစားအစာလုံခြုံရေးနှင့် ပြည့်စုံလုံလောက်မှုတို့အပြင် ကျေးလက်လူမှုစီးပွား အခြေခံကိုပါ မြှင့်တင်ပေးနိုင်သည့် အခြေအနေရှိပါသည်။ ပိုလျှံသည်ကို ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံတော်အတွက် သေချာသည့်ဝင်ငွေ ရရှိစေမည်ဖြစ်ပါသည်။ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ စံချိန်မီ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်အညီ ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် အလိုအပ်ဆုံး အချိန်သို့ရောက်ရှိနေပြီ ဖြစ်ပါသည်။
လက်ရှိမွေးမြူရေးထွက်ကုန်များ ပြည်ပတင်ပို့ခြင်းလုပ်ငန်းကို ဆောင်ရွက်နေသော အိမ်နီးချင်းထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံအား မူဝါဒအခြေခံအားဖြင့် နှိုင်းယှဉ် လေ့လာကြည့်သောအခါ အောက်ပါအချက်များ သုံးသပ်တွေ့ရှိရပါသည်။
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် မွေးမြူထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ စနစ်တကျ စီမံရေးဆွဲမှုများရှိပါသည်။ သို့သော်လည်း တိရစ္ဆာန်စောင့်ရှောက်မှု၊ ဆေးဝါးထိန်းချုပ်မှုနှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုစနစ်များတွင် ထိုင်းနိုင်ငံသည် ပိုမိုပြည့်စုံပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိုင်းနိုင်ငံတွင် “တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတားဆီးရေးနှင့် တိရစ္ဆာန်စောင့် ရှောက်မှု ဥပဒေ” များရှိပြီး ပြည်ပတင်ပို့ခြင်းဆိုင်ရာစစ်ဆေးချက်နှင့် နိုင်ငံတကာ စျေးကွက်ဝင်ရောက်မှုအတွက် လိုအပ်ချက်များကို စနစ်တကျ ထိန်းချုပ်ထားပါသည်။
မြန်မာနိုင်ငံသည် မွေးမြူခြံများကို မှတ်ပုံတင်စနစ်ဆောင်ရွက်နေသော်လည်း ထုတ်လုပ်မှုနည်းပါးခြင်း၊ ကူးစက်ရောဂါများကာကွယ်ထိန်းချုပ်ခြင်းနှင့် စျေးကွက်ဝင်ရောက်မှုအကန့်အသတ်များကြောင့် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ခြင်းနှင့် နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုတို့တွင် အားနည်းနေ ဆဲဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တိရစ္ဆာန်စောင့်ရှောက်မှုဥပဒေများကို ပြည့်စုံအောင် ဖြည့်ဆည်းရန်နှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုအတွက် လုပ်ထုံးလုပ်နည်းများ စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးပါသည်။
အသားကဏ္ဍ ပြည်ပတင်ပို့မှု
ထိုင်းနိုင်ငံသည် ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း နှင့် တိရစ္ဆာန်အစာ တင်ပို့ရောင်းချမှု ၂၀၂၃ ခုနှစ်တွင် ၈ ဒသမ ၈၈ ဘီလီယမ် USD တန်ဖိုး တင်ပို့နိုင်ပါသည်။ ထိုအထဲတွင် တိရစ္ဆာန်အစာ ၃၈ ရာခိုင်နှုန်း ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် တွင် ပြည်ပသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ၁၈ ဒသမ ၈ မီလီယမ် USD နှင့် ၂၀၂၄ ခုနှစ်တွင် တိရစ္ဆာန်အစာ ၇၀ ဒသမ ၈၂ မီလီယံ USD တင်ပို့နိုင်ခဲ့ပါသည်။
တိရစ္ဆာန် အရင်းအမြစ်တည်ရှိမှု
ထိုင်းနိုင်ငံ တွင် ၂၀၂၀ ခုနှစ် စစ်တမ်းအရ ကျွဲ-နွား ၄ ဒသမ ၅ သန်း ၊ သိုး-ဆိတ် ၂ ဒသမ ၂ သန်း၊ ဝက် ၆ ဒသမ ၇ သန်း ၊ ကြက် ၃၇၇ ဒသမ ၅ သန်း ရှိပါသည်။ မြန်မာနိုင်ငံ တွင် ၂၀၂၀-၂၁ ခုနှစ် စစ်တမ်းအရ ကျွဲ-နွား ၁၀ ဒသမ ၃ သန်း ၊ သိုး-ဆိတ် ၂ ဒသမ ၅ သန်း၊ ဝက် ၅ ဒသမ ၁ သန်း ၊ ကြက် ၈၆ ဒသမ ၈ သန်း ရှိပါသည်။
တိရစ္ဆာန်ကာကွယ်စောင့်ရှောက်မှုနှင့် ကျင့်ဝတ်ဥပဒေ ပြဌာန်းချက်များ
ထိုင်းနိုင်ငံတွင် တိရစ္ဆာန်ညှင်းပန်းမှုတားဆီးရေးနှင့် တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး ဥပဒေ (၂၀၁၄) - ပြဌာန်းပြီး အရေးယူဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင်တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဥပဒေရေးဆွဲပြဌာန်းထားပြီး ဖြစ်ပါသည်။ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါ သည်။
မြန်မာနိုင်ငံတွင်တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေ/အမိန့်ညွှန်ကြားချက် (Develop a comprehensive Animal Welfare Act) များကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်နှင့်အညီ အဆင့်မီအဆောက်အဦးစနစ်ထားရှိခြင်း၊ အန္တရာယ် ကင်းစွာသယ်ဆောင်ခြင်း၊ နှိပ်စက် ညှင်းပန်းမှု တားဆီးခြင်းများအတွက် သတ်မှတ်ဆောင်ရွက်ရန် လိုအပ် ပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ထိုင်းနိုင်ငံတွင် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ စနစ်တကျ စစ်ဆေးခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ စနစ်တကျကြီးကြပ်ဆောင် ရွက်ပါ သည်။ မြန်မာနိုင်ငံတွင်တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစနစ်များကို ပညာပေးမှု အားနည်းပါသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ မွေးမြူရေးသမားများ အသိပညာပေးအစီအစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန်လိုအပ်ပါသည်။
တိရစ္ဆာန်ဆေးဝါးနှင့် တိရစ္ဆာန်အစာ ဆိုင်ရာ ညွှန်ကြားချက်များ
တိရစ္ဆာန်ဆေးဝါး
ထိုင်းနိုင်ငံတွင် တိရစ္ဆာန်ဆေးဝါးများကို FDA တွင် မှတ်ပုံတင်ရပါသည်- အသေးစိတ် စစ်ဆေးပြီးမှ အတည်ပြုပါသည်။ စနစ်တကျ ခိုင်မာစွာစီမံဆောင်ရွက်ထားပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၅ တွင် တိရစ္ဆာန်ဆေးဝါး မှတ်ပုံတင်ခြင်းစနစ် စတင်နိုင်ရေးထုတ်ပြန် ထားပါသည်။ လုပ်ငန်းများ စတင်ဆောင် ရွက်ဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကောင်းမွန်သောထုတ်လုပ်မှုစနစ် GMP၊ ကောင်းမွန်သောသန့်ရှင်းမှုစနစ် GHP၊ တရား မဝင်ဆေးဝါးများ တင်သွင်း/ ထုတ်လုပ်/ ရောင်းဝယ်မှုများအား စနစ်တကျကြီးကြပ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
တိရစ္ဆာန်အစာ
ထိုင်းနိုင်ငံတွင် ညွှန်ကြားချက်များပြည့်စုံစွာ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ မွေးမြူရေးဆိုင်ရာ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန (Department of Livestock Development- DLD) မှ စနစ်တကျ ကြီးကြပ် စစ်ဆေးပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်တွင် ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ စစ်ဆေးမှုများ ဆောင်ရွက်ဆဲဖြစ်ပါသည်။ အစာလုံခြုံစိတ်ချမှုနှင့် အမှတ် တံဆိပ်တပ်ဆင်မှုအပေါ် ကြီးကြပ်ရန် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အစာအရည်အသွေးစစ်ဆေးမှုကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ကုန်အမှတ် တံဆိပ်တပ်ဆင်ခြင်းစနစ်နှင့် ကုန်ပစ္စည်း ထုတ်လုပ်ခြင်း တို့တွင် စနစ်တကျ ကြီးကြပ်ရန် လိုအပ်ပါသည်။
ရောဂါကာကွယ်ထိန်းချုပ်ခြင်း နှင့် နယ်စပ်ဖြတ်ကျော်ရောဂါများ
ရောဂါကာကွယ်ထိန်းချုပ်ခြင်း
ထိုင်းနိုင်ငံတွင် ဇုန်သတ် မှတ်ခြင်း၊ တိရစ္ဆာန်သွားလာ/သယ် ယူမှုထိန်းချုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဓာတ်ခွဲခန်းစစ်ဆေးခြင်း၊ ဇီဝလုံခြုံရေးလုပ်ငန်းစဉ်များ သတ် မှတ်ချက်များနှင့်အညီ ထိရောက်ကျယ်ပြန့် စွာ အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံတွင် ဇုန်သတ်မှတ်ခြင်း၊ တိရစ္ဆာန် သွားလာ/ သယ်ယူမှုထိန်းချုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဓာတ်ခွဲခန်းစစ်ဆေးခြင်း၊ ဇီဝလုံခြံရေးပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံတွင် လက်တွေ့ ကျသောဇီဝလုံခြုံရေးသတ်မှတ်ချက်၊ ဓာတ်ခွဲခန်းအဆင့်မြှင့်ခြင်း၊ ခိုင်မာထိ ရောက်သောကာကွယ်ဆေးထိုးစနစ်၊ လုံခြုံစိတ်ချသော တိရစ္ဆာန်သယ်ယူမှုစနစ်၊ နိုင်ငံအနှံ့ တိကျစွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ရဲထွန်းဝင်း