အစာကုန်ကျမှုသက်စာစေသည့် မြစ်ငါးကြင်း မွေးမြူရေး

အစာကုန်ကျမှုသက်စာစေသည့် မြစ်ငါးကြင်း မွေးမြူရေး

ငါးကြင်း

ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်းစတဲ့ ငါးကြင်းမျိုးစိတ်များတွင် မြက်စားငါးကြင်းကို မွေးမြူကြသည်မှာ အချိန်မကြာလှသေးပေ။ မြက်စားငါးကြင်းကို မွေးမြူကြသော ငါးကြင်းမွေးမြူရေးသမားများအတွက် နောင်အခါတွင် အကျိုးဖြစ်ထွန်းရန် အလားအလာများစွာရှိပါသည်။ ဤငါးကြင်းမျိုးမှာ မြက်ကိုစားသဖြင့် အစာကုန်သက်သာခြင်းကြောင့် ဖြစ်ပါသည်။ 

မြက်စားငါးကြင်းကို မွေးမြူရာတွင် ရွှေဝါငါးကြင်း မွေးမြူသကဲ့သို့ ဆင်တူယိုးမှား ဖြစ်ပါသည်။ မွေးမြူနည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြေနေရာရွေးချယ်ခြင်း

မြက်စားငါးကြင်းမွေးမြူရန် မြေနေရာရွေးလျှင် လမ်းပန်းဆက် သွယ်ရေးကောင်း၍ စျေးကွက်ရှိသောနေရာ ကို ရွေးချယ်ရပါမည်။ မြေနေရာသည် သဲဆန်သောမြေကို မရွေးရပါ။ မြေစေးကို ရွေးချယ်ရပါမည်။ မြေစေး ဖြစ်သောကြောင့် ကန်အတွင်းရှိရေသည် ကြာရှည်ခံပါမည်။ ငါးအတွက်လည်း ပိုမို ကောင်းမွန်ပါသည်။

ရေအမျိုးအစား

အဖန်ဓာတ်များသောရေ ဖြစ်ပါက မွေးမြူရန် မသင့်လျော်ပါ။ အချဥ်ဓာတ်များသောရေ ဖြစ်ပါမူ ပြုပြင်ပြီးသုံး၍ ရပါသည်။ ကန်ရေ၏ ချဥ်ဖန်နှုန်းမှာ (၇ မှ ၈ ဒသမ ၅) အထိရှိနေလျှင် အကောင်းဆုံး ဖြစ်ပါသည်။

မွေးမြူကန် အရွယ်အစား

မြက်စားငါးကြင်းမွေးမြူရန်ကန်ကို အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။ တစ်နှစ်ပတ်လုံး ရေအနက် ၄ ပေ ရှိနေစေရန် ၆ပေခန့် နက်အောင် ကန်ကို တူးထားရပါမည်။ ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှနေ၍ ၅ပေ နောက်ဆုတ်ပြီး ဖို့ထားပေးပါ။ ကန်ဘောင် ထိပ်မှနေ၍ အောက်တည့်တည့် ၁တောင် (သို့မဟုတ်) ၁၈ လက်မအကွာတွင် ရေလျှံပေါက်တစ်ခုတပ်ထားပြီး ကန်ဘောင်မပြိုရန် ကန်ဘောင်တွင်မြက် များအပြည့်ကပ်၍ စိုက်ထားပေးပါ။

သြဇာဓာတ်ထည့်သွင်းခြင်း

ကန်ကို ရေမထည့်မီ ထုံးမှုန့် ၁၅၀ ပိဿာကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။ ရေထည့်ပြီး တစ်ပတ်ကြာလျှင် နွားချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေး စသော မည်သည့် တိရစ္ဆာန်ချေးများကို ဖြစ်စေ ၄ ဂါလံဝင်ပုံးဖြင့် ပုံး ၁၅၀ ထည့်ပေးပါ။ ထို့နောက် ပကန်၊ ဘဲစာ၊ ခွေးမြီးဖုတ် စသော ရေမှော်ပင်များကို တင်းတောင်းဖြင့် ၅ တောင်း ထည့်ပေးပါ။ တစ်ပတ်ကြာလျှင် ကန်တစ်ခုလုံး ရေမှော်ပင်များဖြင့် ပြည့်လာပါလိမ့်မည်။ ရေမှော်ပင်များပြည့်လာလျှင် မြက်စားငါးကြင်းသားပေါက်များကို ကန်အတွင်းသို့ ထည့်နိုင်ပါသည်။

သားပေါက်ထည့်သွင်းနှုန်း 

မြက်စားငါးကြင်းသားပေါက်များကို အခြားငါးမျိုးများဖြစ်သော ငါးကြင်း၊ငါးသိုင်းငါးများနှင့် ရောမွေးလျှင် ရနိုင်ပါသည်။မြက်စားငါးကြင်းချည်းသက်သက် မွေးမြူလျှင် ဧကဝက်ခန့်ကျယ်သော ကန်တစ်ကန်တွင် ငါးသားပေါက် ၁၆၅၀ ကောင် ထည့်မွေးနိုင်ပါသည်။ငါးသားပေါက်များထည့်သောအခါ အရွယ် ၄လက်မအောက် ဖြစ်လျှင်ပိုကောင်းပါသည်။ မြက်စားငါးကြင်းမွေးမြူသော ကန်ထဲတွင် မြက်နှင့်ရေမှော်ပင်များ ပေါက်နေလျှင် အကောင်းဆုံးဖြစ်ပါသည်။

အစာကျွေးနှုန်း 

မြက်နှင့်ရေမှော်ပင်များသည် မြက်စားငါးကြင်း၏ အဓိကအစာများ ဖြစ်ကြပါသည်။ ရေမှော်ပင်များကိုစားပြီး မြက်စားငါးကြင်းများကြီးထွားစေလိုပါက ကန်အတွင်းသို့တစ်လတစ်ခါ ရေမှော် ၅တင်း မှန်မှန် ထည့်ပေးရပါမည်။

ဖွဲနု၊ နှမ်းဖတ် ကျွေးလျှင်လည်း ရပါသည်။တစ်ကောင်လျှင် တစ်ကျပ်သားရှိသော ငါးကောင်ရေ ၁၆၅၀ ကောင်အတွက် တစ်နေ့လျှင် ဖွဲနု နှင့်နှမ်းဖတ် ရောထားသော အစာ ၆၅ ကျပ်သားခန့်ကို ကျွေးပါ။ အချိုး အစားမှာ ဖွဲနု ၅၀ ကျပ်သားနှင့် နှမ်းဖတ် ၁၅ ကျပ်သားကို ရေနှင့်ရောနယ်ပြီး အလုံးလုပ်ကျွေးပါ။ ဤအချိုးအတိုင်း ငါးအကောင်ကြီးလာသည်နှင့်အမျှ အစာကို တိုး၍ကျွေးပါ။

ကြီးထွားနှုန်း 

မြက်စားငါးကြင်းများသည် မြက်၊ ရေမှော်၊ ဖွဲနု၊ နှမ်းဖတ် တစ်မျိုးမျိုးကို စားရပါက တစ်နှစ်အတွင်း မြက်စားငါးကြင်း တစ်ကောင်လျှင် ၆၀ ကျပ်သားအထိ ကြီးထွားလာနိုင်ပါသည်။ဧကဝက်ရှိသော ကန်တစ်ကန်တွင် မြက်စားငါးကြင်းများ ထည့်၍မွေးမြူပါက တစ်နှစ်အတွင်း  မြက်စားငါးကြင်း အချိန် ၉၀၀ ပိဿာကျော် ရရှိနိုင်ပါသည်။ မြက်စားငါးကြင်းမွေးမြူရေးသည် တွက်ခြေကိုက်သောမွေးမြူရေးလုပ်ငန်းဖြစ်သဖြင့် တစ်နိုင်တစ်ပိုင်ရော၊စီးပွားဖြစ်ပါ မွေးမြူသင့်ပေသည်။           

ဇော်ကြီး(ငါးဦးစီး)