သဘာဝကပေး အစာနှင့်ဆေး၊ ကင်ပလင်းပင်

သဘာဝကပေး အစာနှင့်ဆေး၊ ကင်ပလင်းပင်

ကင်ပလင်းပင်

ကင်ပလင်းပင်ကို ကျွဲပြည့်စင် ပင်၊ ပြည့်ချဥ်ပင်ဟု လူသိများကြပြီး ယင်း၏ အင်္ဂလိပ် အမည်မှာ bignay ဟု ခေါ်ဆိုကြသကဲ့သို့ currant tree, Chinese-laurel, wild cherry, Queensland cherry နှင့် bugnay   ဟုလည်း ခေါ်ကြ ၏။ ရုက္ခဗေဒအမည်မှာ Antidesma bunius (L.) Spreng. ဟု ခေါ်ဆိုပြီး  မျိုးရင်း Phyllanthaceae တွင် ပါဝင်၏။  

ကင်ပလင်းပင်သည် သီရိလင်္ကာနှင့် အိန္ဒိယအပါအဝင် တောင်အာရှနိုင်ငံများ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် မူလစတင်ဖြစ် ထွန်းပေါက်ရောက်ပြီး ဩစတြေးလျမြောက်ပိုင်း၊ ပါပူအာ နယူးဂီနီနှင့် ဆော်လမွန်ကျွန်းစုများအထိ ကျယ်ပြန့်ဖြစ်ထွန်း၏။ 

ကင်ပလင်းပင်သည် အပူပိုင်းဒေသ၏ အမြဲစိမ်းအပင်ကြီးမျိုးဖြစ်ပြီး   အမြင့် ၃၀ မီတာအထိ  ကြီးထွားဖြစ်ထွန်း၏။ အပင်တွင် အဖိုနှင့် အမပင် သီးခြားစီရှိ၏။ အရွက်များမှာ  ထိပ်ချွန်ကာ တောက်ပြောင်သော စိမ်းဝါရောင်ရှိ၏။  ပန်းပွင့်များမှာသေးငယ်ပြီး အနီရောင်သန်းကာ သင်းပျံ့သောမွှေးရနံ့ရှိသည့်အပြင် အဖိုနှင့် အမ ပန်းပွင့် သီးခြားစီပွင့်၏။  အသီးခိုင်လေးများတွင် လုံး ဝန်းပြီးသေးငယ်သောအသီးလေးများစွာ စီစီရီရီအတွဲလိုက် သီးတတ်၏။ အသီးလေးများမှာ နုသည့်အချိန်တွင် အရောင်စိမ်းကာ အရ သာချဥ်ပြီး ရင့်မှည့်သောအခါ အဝါရောင်မှသည် ပန်းနီရောင်၊ ခရမ်း ရောင်၊ အနက်ရောင်သို့ ပြောင်းလဲသွားပြီး ချိုမြိန်သည့်အရသာကို ပေးစွမ်းနိုင်၏။  အသီးတစ်လုံးစီတွင် မာကျောပြီး  အစင်းကြောင်းများပါရှိသော ဝါကျင်ကျင်အရောင် အစေ့တစ်စေ့တည်း ပါဝင်၏။    

ကင်ပလင်းရွက်နှင့် အသီးတို့တွင် အမျှင်ဓာတ်၊ ပရိုတင်းတို့နှင့်အတူ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်၊ အမြင်အာရုံနှင့် ဆဲလ်များ၏ ကျန်းမာ ရေးအတွက် မရှိမဖြစ် လိုအပ်သော ဗီတာမင်အေ၊ ဘီဝမ်း၊ စီ၊ ဗီတာမင်အီးတို့ ကြွယ်ဝစွာ ပါဝင်၏။ သတ္တု ဓာတ်များအနေဖြင့် အိုင်းယွန်း၊      ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်နှင့် ပိုတက်စီယမ်တို့ ပါဝင်၏။  ထို့အပြင် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အကျိုး ပြုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည့် ပိုလီဖီနောလ်၊ ဖလေဗာနွိုက်၊ ဖီနောလစ်နှင့် အန်သိုဆိုင်ယာနင်တို့လည်း ပါဝင်၏။ အသီးတွင် ကိုဘော့လ်cobalt နှင့်အတူ မရှိမဖြစ်လိုအပ်သော သတ္တု ဓာတ်များ လည်းပါဝင်၏။ ထို့အပြင် အယ်လ်ကာလွိုက်၊ တာပင်နှင့် ဆာပိုနင်ကဲ့သို့ ကျန်းမာရေးအကျိုးကျေး ဇူး ကောင်းများစွာပေးစွမ်းနိုင်သည့် phytochemicals များစွာလည်း ပါ ဝင်၏။

ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ကင်ပလင်းပင်၏ အစိတ်အပိုင်းအများဖြစ်သည့် အရွက်၊ အသီးနှင့် အခေါက်တို့ကို မြန်မာနိုင်ငံအပါ အဝင် နိုင်ငံအများစုတွင် ရောဂါအမျိုးမျိုးအတွက် ဆေးဝါးအဖြစ်အသုံးပြုကြ၏။

  • အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့် ကင်ပလင်းရွက်နှင့် အသီးတို့သည် အစာခြေစနစ်ကျန်းမာရေး၊ သဘာဝအတိုင်း အူမကြီးသန့်စင်ဆေးနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေသော ပျော့ပျောင်းသော ဝမ်းနုတ်ဆေးအဖြစ် စားသုံးနိုင်ခြင်းနှင့်အတူ အစာ အိမ်နာခြင်းကဲ့သို့သော ပြဿနာများကို ကူညီပေးနိုင်၏။

  • ကင်ပလင်းရွက်တွင်ပါဝင်သော ဒြပ်ပေါင်းများ၊ အထူးသဖြင့် အယ်လ်ဖာ-ဂလူးကိုစီဒေ့စ် alpha-gluco-sidase သည်  သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိပြီး ဆီးချိုရောဂါကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ၏။

  • ကင်ပလင်းရွက်နှင့် အသီးတို့တွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆီဇီဝကမ္မဖြစ် စဉ်ကို ကောင်းမွန်စေပြီး သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို ကာကွယ်ပေးနိုင်၏။ ထိုမျှသာမက ဆဲလ်များကို ကျန်းမာစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးနိုင်ခြင်း၊  ကိုယ်တွင်း ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေနိုင်ခြင်းတို့ကိုလည်း ပေးစွမ်းနိုင်၏။ 

  • ကင်ပလင်းသီးတွင်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပြီး ယင်းသည် သွေးလည်ပတ်မှုကို တိုး တက် ကောင်းမွန်စေခြင်း၊သွေးကြောများ၏ လုပ်ငန်းဆောင်တာကို အထောက်အကူပြုခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာ ရေးကို ကောင်းမွန်စေခြင်းတို့ကို ပေးစွမ်းနိုင်၏။

  • ကင်ပလင်းသီးမှထုတ်ယူထားသော အရည်များသည် ဂေါက်ရောဂါနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်၊ အအေးမိ၊ ချောင်း ဆိုးနှင့်  အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို သက်သာစေရန် အသုံးပြုကြသည်။

  • ကင်ပလင်းရွက်မှကြိတ်ယူရရှိသည့်အရည်သည်  အသည်းမှ အဆိပ် ထုတ်ပေးခြင်း၊ သည်းခြေကျန်းမာ ရေးကို အထောက်အကူပြုနိုင်စွမ်းရှိ၏။

  • phytochemical ပါဝင်သည့် ကင်ပလင်းသီးသည် ခန္ဓာကိုယ်တွင် free radicals များကြောင့်ဖြစ်ပေါ်လာသော ဆဲလ်များပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပြီး အချို့သောကင်ဆာရောဂါများအပါအဝင် နာတာရှည် ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သော ဂုဏ်သတ္တိများရှိ၏။

  • မြန်မာနိုင်ငံတွင် ကင်ပလင်းပင်ကို အထူးသဖြင့် အညာ‌ဒေသများ၊ ချင်းပြည်နယ်နှင့် ဒေသအတော်များများတွင် တွေ့ရှိနိုင်၏။ ကင်ပလင်းရွက်နုနှင့် ကင်ပလင်းသီးတို့ကို ဟင်း လျာများ ချက်ပြုတ်ပြင်ဆင်ရာတွင် အသုံးပြုလေ့ရှိကြ၏။

  • ကင်ပလင်းရွက်နုသည် အနည်း ငယ်ချဥ်သည့်အရသာရှိသည့်အတွက် ချဥ်ရည်ဟင်းများ ချက်ပြုတ်စားသောက်လေ့ ရှိကြ၏။ ကြက်သား/ဝက်သား/အမဲသား/ငါး/ပုစွန်တို့ကို ဆီပြန်ဟင်းချက်သည့်အခါ ကင်ပလင်းရွက်နုကိုအရည် သောက်ချက်ပြီး စားသုံးခြင်းက လိုက်ဖက်သည့် ဟင်းအတွဲအစပ်ဖြစ်စေ၏။

  • ကင်ပလင်းရွက်နုလေးများကို ရေနွေးဖျောပြီး ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊  ငရုတ်သီးထောင်း၊ ငါးပိ ချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်၏။ ကင်ပလင်းအသီးစိမ်းကိုလည်း တို့စရာအဖြစ် စားသုံး နိုင်၏။

  • ရေနွေးဖျောထားသော ကင်ပလင်းရွက်နုလေးများကို ခပ်ပါးပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက် သွန်နီ၊  ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီး အလှော် ထောင်းတို့နှင့် သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်သည့်အပြင် ထမင်းမြိန်စေသည့် ဟင်းတစ်မယ်တိုးစေ၏။

  • ကင်ပလင်းရွက်နုများကို အခြောက်လှန်းပြီး ရေနွေးဆူဆူထဲ ထည့်ခပ်ပြီး ကင်ပလင်းရေနွေးကြမ်းလည်း ပြုလုပ် သောက်သုံးနိုင်၏။ 

  • ကင်ပလင်းသီးစိမ်းများမှာ အချဥ်အရသာကို ပေးစွမ်းနိုင်သည့်အတွက် အချဥ်အရသာရရှိလိုသည့် ဟင်းလျာများ ပြင်ဆင်ရာတွင်လည်းကောင်း၊ အသား/ငါးစွပ်ပြုတ်များထဲတွင်လည်းကောင်း ထည့်သွင်းပြင်ဆင်စားသုံးကြ၏။

  • ကင်ပလင်းသီးမှည့်များမှာ ချိုချဥ်အရသာရှိသည့်အတွက် လတ်လတ် ဆတ်ဆတ် စားသုံးနိုင်သကဲ့သို့ သက်တမ်း ပိုရှည်သော တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် ယိုများ၊ ဂျယ်လီများနှင့် ဆက်စပ်စားသောက် ကုန်များ၊ ဝိုင်နှင့် အဖျော် ယမကာထုတ်ကုန်များ ပြုလုပ်ရာတွင် အသုံး ပြုကြ၏။

  • ကင်ပလင်းပင်၏အခေါက်မှရရှိသော အမျှင်များကို ခိုင်ခံ့သောကြိုးများထုတ်လုပ်ရန် အသုံးပြုနိုင်၏။ ပင်စည်မှ ရရှိသည့် အနီရောင်သစ်သားကို ကတ်ထူပြားများထုတ် လုပ်ရာတွင် အသုံးပြု၏။ ကင်ပလင်းရွက်၏တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် စိမ်းဝါရောင်အလှ၊ ရောင်စုံအသီးခိုင်လေးများကြောင့် လူကြိုက်များသော   အလှစိုက်အပင်အဖြစ်လည်း စိုက် ပျိုးလာကြ၏။ အသီးမှလည်း အော်ဂဲနစ်ပိုးသတ်ဆေးထုတ်လုပ်ပြီး  အသုံးပြုနိုင်၏။

သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ကင်ပလင်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာ ရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ အတွက် ဂေဟစနစ်‌ ကောင်း မွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်