စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၈)
ယခင်အပတ်မှ အဆက်
ထူးချွန်ကျောင်းသား/သူများ အတွက် ပညာသင်ဆု (Scholarshipsfor Agriculture)
ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာစိုက်ပျိုးမွေးမြူ ရေးတက္ကသိုလ်များရှိ ထူးချွန်သော၊ အလွန်တော်သောကျောင်းသား/သူများ (Scholarships/Top students) ရွေးချယ်ခြင်း စနစ်များကို ဆွေးနွေးပါမည်။
ပညာတော်သင်ဆု (Scholarship) အဓိပ္ပာယ်
ပညာတော်သင်ဆု ဆိုသည်မှာ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူရာတွင် ကူညီ ပံ့ပိုးပေးရန် အသေးစိတ် အခြေအနေများအပေါ် အခြေခံပြီး (ပညာရေးတွင်ထူးချွန်စွာ အောင်မြင်မှု၊ အရည်အချင်း၊ ခေါင်း ဆောင်နိုင်စွမ်းရည်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက်၊ သီးခြား ဘာသာရပ် ခေါင်းစဉ်များ ဥပမာ - စိုက်ပျိုးရေးထူးချွန်ပညာသင်ဆုများ စသဖြင့်) ပေးအပ်သည့် ငွေကြေးဆိုင်ရာ ဆုတစ်မျိုးဖြစ်သည်။ ကျောင်းသား/သူများအတွက် ချေးငွေ (Student Loans)မဟုတ်သဖြင့် ပြန်ပေးရန် မလိုအပ်ပါ။
ပညာတော်သင်ဆု အရေးပါချက်များ
ပညာသင်ခွင့်တူညီစွာရယူနိုင်စေရန် – ပညာတော်သော်လည်း စီးပွားရေးအခက်အခဲ ရှိသူများ၊ နောက်ခံငွေကြေး နည်းပါးသူမျာကို ပညာသင်ခွင့် အခွင့်အရေးပေးနိုင်သည်။
ငွေကြေးလိုအပ်မှု လျော့နည်းစေသည် – တက်ရောက်သင်ကြားကျောင်းလခ၊ စာအုပ်များဝယ်ယူစရိတ်၊ နေထိုင်စရိတ် စသည်တို့ကို ကူညီပေးနိုင်သည်။
နိုင်ငံအတွင်း ပညာရေး တိုးတက်မှုကိုအားပေးသည် – ပညာရေး အောင်မြင်မှုရှိသူများကို ဆုချီးမြှင့်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားစေလိုမှု အားပေး၊ လှုံ့ဆော် ပေးပါသည်။
အခွင့်အရေး သာတူညီမျှမှု – စီးပွားရေးအခြေအနေအရ တက္ကသိုလ်စရိတ် မတတ်နိုင်သော ပညာတော်သူများ ပညာသင်ယူနိုင်စေရန် ကူညီပေးပါသည်။
အထူးသီးသန့်ဘာသာရပ်များ တိုးတက်စေရန် – စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ရာသီဥတု ပြောင်းလဲမှု၊ အင်ဂျင်နီယာ၊ ပညာရေး စသည် ထူးခြားသည့်ဘာသာရပ်များတွင် တက်ရောက်စေရန် လှုံ့ဆော် အားပေးပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေသည် – နိုင်ငံအတွင်းပညာတတ်များ တိုးတက် မြင့်မားလာခြင်း ဖြင့် အလုပ်အကိုင် ရရှိမှု ပိုမိုကောင်းမွန်လာကာ နိုင်ငံစီးပွားရေး ပိုမိုတိုးတက်နိုင်ပါသည်။
စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝက အစိုးရက ထောက်ပံ့ ကြေး တစ်လ (Stipend) ၇၅ ကျပ်၊ ကျောင်းလခ လွတ်ငြိမ်းခွင့် (Free Tuition) ၁၅ ကျပ် ပေးသည့် စနစ်ရှိပါသည်၊ စာရေးသူ ဖခင်က မူလတန်းကျောင်းအုပ် ဖြစ်သဖြင့် ဇာတိ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ နယ်၏ ထောက်ခံချက်ဖြင့် ကျောင်းလခလွတ်ငြိမ်းခွင့် ပထမနှစ်မှ နောက် ဆုံးနှစ်အထိ ရရှိခဲ့ပါသည်။
အစိုးရထူးချွန်ပညာသင်ဆု (Scholarships) မှာ ရန်ကုန်တက္ကသိုလ် သင်္ချာ၊ ရုပဗေဒ၊ ဓာတုဗေဒ ဘာသာများ နှင့် စီးပွားရေးတက္ကသိုလ် စီးပွားရေး ထူးချွန်ပညာသင်ဆု တစ်လ ၃၀၀ ကျပ် ပေးအပ်သည်ဟု ကြားသိဖူးပါသည်၊ စိုက်ပျိုး၊ မွေးမြူရေး ပညာသင်ဆု မရှိခဲ့ ပါ၊ ထိုစဉ်က ဘူးသီးကြော်တစ်ခု ၁၀ပြား၊ လက်ဖက်ရည် တစ်ခွက် ၂၅ ပြား၊ ရေဆင်း-ပျဉ်းမနား ကားခ ၅၀ ပြား ပဲရှိနေခဲ့တော့ လစဉ်ထောက်ပံ့ကြေးရရှိသူများ၏ ၇၅ကျပ်မှာ စားသောက်ကြေး ၄၃ ကျပ်၊ ကျောင်းလခ တစ်လ-၁၅ ကျပ် (၂-လတစ်ကြိမ်သွင်းရပါ သည်) သွင်းလျှင်ကိုပဲ တစ်လ ၁၇ ကျပ် ပိုပါသေးသည်၊
မြန်မာ့စိုက်ပျိုးမွေးမြူရေးရှုခင်းကို ပုံဖေါ်ကြည့်ခြင်း
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွဲ့စည်းပုံတွင် အခြေခံကျပြီး အစားထိုး၍မရသော အခန်းကဏ္ဍတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ ၎င်းကို "စီးပွားရေး၏ အဓိကအုတ်မြစ်" အဖြစ် ရည်ညွှန်းပြီး နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းနှင့် တည်ငြိမ်မှု၏ အဓိကမောင်းနှင်အားလည်း ဖြစ်ပါသည်။ ဤကဏ္ဍသည် နိုင်ငံ၏ပြည်တွင်း အသားတင် ထုတ်လုပ်မှု (GDP) ၏ ၃၈ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးပြီး လုပ်သားအင်အား ၆၀ရာခိုင်နှုန်း ကျော်ကို အလုပ်အကိုင်ပေးထားသည့် အကြီးမားဆုံး အလုပ်ရှင်လည်းဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေး၏ လူမှုရေးဆိုင်ရာ အရေးပါမှုသည် ကျေးလက်ဒေသများတွင် ပိုမို ထင်ရှားပြီး လူဦးရေ၏ ၆၀ ရာခိုင်နှုန်း -၇၀ ရာခိုင်နှုန်း နီးပါးအတွက် အဓိကဝင်ငွေအရင်းအမြစ် ဖြစ်ပါသည်။ ကျေးလက်နေအိမ်ထောင်စု ၇၀ ရာခိုင်နှုန်း-၈၅ရာခိုင်နှုန်း ခန့်သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် မှီခိုနေကြရပြီး၊ နိုင်ငံတော်၏ ဆင်းရဲမှု လျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ဤကဏ္ဍ၏ အရေးပါသော အခန်း ကဏ္ဍကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။
ဤကဲ့သို့ နက်ရှိုင်းစွာ မှီခိုနေရသောကြောင့် မြန်မာ့စိုက်ပျိုးမွေးမြူ ရေးကဏ္ဍကို ခေတ်မီအောင် လုပ်ဆောင်ခြင်းသည် စီးပွားရေးမူဝါဒရည် မှန်းချက်တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် မဟာဗျူဟာမြောက် လိုအပ်ချက် တစ်ခုလည်း ဖြစ်သည်။ ဤခေတ်မီအောင် လုပ်ဆောင်မှုသည် စားနပ်ရိက္ခာဖူလုံရေး ရရှိရန်နှင့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရန်အတွက် အရေးပါပြီး တစ်နိုင်ငံလုံးရှိ လူနေမှုဘဝများကို တိုးတက်စေရန်အတွက် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရေနှင့်ကြီးမားသော လုပ်သားအင်အားကဲ့သို့သော သဘာဝအရင်းအမြစ်များက တွန်းအားပေးနေသည့် ဤကဏ္ဍ၏ ကြီးမားသော အလားအလာကို အပြည့် အဝ အသုံးမချနိုင်သေးပါဟု ထင်မြင်ယူဆမိပါသည်။ အနာဂတ်အလားအလာကို အကောင်အထည်ဖော်ရန်အတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုလို အပ်ပြီး၊ ဤရင်းနှီး မြှုပ်နှံမှုသည် လုပ်သားအင်အားကို ရိုးရာအလေ့အကျင့်များမှ ခေတ်မီ၊ ရေရှည်တည်တံ့ပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားသော စိုက်ပျိုးမွေးမြူရေးနည်း ပညာများသို့ ကူးပြောင်းနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာများ ဆောင်ရွက်ပေးရန်အတွက် မရှိ မဖြစ်လိုအပ်သည်ဟုထင်မြင်မိပါသည်။
နိုင်ငံတကာစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (Agricultural Universities)၊ သုတေ သနဌာနများ (Research Institutes) က ပေးလေ့ရှိတဲ့ ပညာတော်သင်ဆု (Scholarship) နဲ့ ထောက်ပံ့ကြေး (Stipend) ဥပမာများကို အောက်မှာ ကြည့်ရှု နိုင်ပါသည်။
ပညာတော်သင်ဆု (Scholarship) ဥပမာများ
(က) နိုင်ငံအလိုက်၊ ဒေသအလိုက် ပညာတော်သင်ဆုများ (In-Country & Regional Scholarship ဥပမာ - DAAD, ACIAR, JICA စသည်)
စိုက်ပျိုးမွေးမြူရေးပညာ အထူးပြု သင်ယူချင်သူများအတွက် နိုင်ငံတကာမှပေးသော ပညာတော်သင်ဆု ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းလခကြေး၊ စာအုပ်ကြေး၊ လေ့လာ ရေးခရီးစရိတ်၊ သုတေသန ကုန်ကျစရိတ် စသည်တို့ ပါဝင်ပါသည်။
(က-၁) ဂျာမန်ပညာရပ်ဆိုင်ရာ/ပညာရှင်ဖလှယ်ရေးဝန်ဆောင်မှုအဖွဲ့ (DAAD – German Academic Exchange Service) ဂျာမနီနိုင်ငံ အစိုးရ၊
ဤအဖွဲ့မှ မဟာသိပ္ပံ၊ ပါရဂူဘွဲ့များ ပေးအပ်သော ပညာတော်သင်ဆု ဖြစ်ပြီး ဂျာမန်တက္ကသိုလ်များတွင် ပညာသင်ကြား ရပါသည်၊ စာရေးသူ၏ စိုက်ပျိုးရေးပါရဂူဘွဲ့သင်တန်း အတွက် ကက်ဆယ်တက္ကသိုလ် (University of Kassel) တွင် စိုက်ပျိုးရေးပညာသင်ယူဖို့ ဂျာမနီအစိုးရ ဤအဖွဲ့မှ ပညာ တော်သင်ဆုပေးခဲ့ပါသည်၊ (ဤနေရာမှကျေးဇူးတင်စကားဆိုပါရစေ)
(က-၂) ဩစတေးလျအပြည်ပြည်ဆိုင်ရာစိုက်ပျိုးမွေးမြူရေးသုတေသနအဖွဲ့ (ACIAR – Australian Centre for International Agricultural Research)
ဩစတေးလျနိုင်ငံ အစိုးရက တည်ထောင်ထားသောဤအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံတွင် စီမံကိန်း ရှိပါက မဟာသိပ္ပံ၊ ပါရဂူဘွဲ့ ပညာသင်ဆုပေးပြီး ဩစတေးလျနိုင်ငံ တက္ကသိုလ် တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(က-၃) ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့ (JICA – Japan International Cooperation Agency)
ဂျပန်နိုင်ငံအစိုးရက တည်ထောင်ထားသော ဤအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံတွင် စီမံကိန်း ရှိပါက မဟာသိပ္ပံ၊ ပါရဂူဘွဲ့ ပညာသင်ဆု
ပေးပြီး ဂျပန်နိုင်ငံ တက္ကသိုလ် တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(က-၄) ကိုရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့ (KOICA – Korea International Cooperation Agency)
ကိုရီးယားနိုင်ငံအစိုးရက တည်ထောင်ထားသော ဤအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံတွင် စီမံကိန်း ရှိပါက မဟာသိပ္ပံ၊ ပါရဂူဘွဲ့ ပညာသင်ဆု
ပေးပြီး ကိုရီးယားနိုင်ငံ တက္ကသိုလ် တစ်ခုခုတွင် ပညာသင်ယူရပါသည်။
(ခ) အရှေ့တောင်အာရှနိုင်ငံများ စိုက်ပျိုးမွေးမြူရေးပညာသင်ဆု (SEARCA Scholarship)
စိုက်ပျိုးမွေးမြူရေး၊ သစ်တော မဟာဘွဲ့/ပါရဂူဘွဲ့အတွက် အရှေ့တောင်အာရှနိုင်ငံများမှ ကျောင်းသား/ သူများကို ပညာတော်သင်ဆု ပေးသည်။ များသောအားဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင် တက္ကသိုလ် (University of the Philippines Los Banos - UPLB)၊ ထိုင်းနိုင်ငံ ကဆက်ဆပ်တက္ကသိုလ် (Kasetsart University - KU)၊ မလေးရှားနိုင်ငံ ပူထရာ တက္ကသိုလ် (University Putra Malaysia - UPM) တို့တွင် သင်ယူရ လေ့ရှိပါသည်။ (စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူ အများစု ဤတက္ကသိုလ် များတွင် သင်ကြားဘွဲ့ယူ ရရှိခဲ့ကြပါသည်၊)
(ဂ) ဗာဂန်နီဂမ်တက္ကသိုလ်၊ သုတေသနဌာနပညာသင်ဆု၊ နယ်သာလန် (Wageningen University & Research – WUR, Netherlands)
အာဖရိက၊ အာရှ စသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများအတွက် Orange Knowledge Programme Scholarships ပေးနေပါသည်။
(ဃ) အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ်ပညာသင်ဆု၊ အိန္ဒိယနိုင်ငံ (Indian Agricultural Research Institute (IARI – India)
အိန္ဒိယစိုက်ပျိုးမွေးမြူရေးသုတေသနကောင်စီ (ICAR – Indian Council of Agricultural Research) လက်အောက်ခံ ကျောင်းသား/သူ များအတွက် ထူးချွန်မှုကို အခြေခံသော ပညာ သင်ဆု (Merit-based Scholarships) အငယ်တန်း/အကြီးတန်း သုတေသနဆု (Junior Research Fellowships, Senior Research Fellowships) ပေးပါသည်။
နိုင်ငံတကာရှိ ပညာသင်ထောက်ပံ့ကြေး (Stipend) ပေးနေသောဥပမာများ
(၁)ဘွဲ့လွန်အကူ/လက်ထောက်သုတေသန ထောက်ပံ့ကြေး၊ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ (Graduate Research Assistantship - US Agricultural Universities)
အမေရိကန်နိုင်ငံစိုက်ပျိုးရေးပညာဆိုင်ရာ သုတေသနလုပ်နေသည့် မဟာဘွဲ့/ပါရဂူဘွဲ့ ပြုလုပ်နေသည့် ကျောင်းသား/သူများကို ဓာတ်ခွဲ ခန်းများ၊ စိုက်ကွင်းများတွင် ပါမောက္ခ သုတေသနများကို ကူညီပေးခြင်းဖြင့် လစဉ် ငွေထောက်ပံ့ကြေး ပေးသည့် စနစ်ဖြစ်ပါသည်။ (အတွေ့အကြုံများစွာလည်းရ၊ ဝင်ငွေအတိုင်းအတာ တစ်ခုအထိလည်းရသော ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပါသည်)
ဥပမာ – အမေရိကန်စိုက်ပျိုးမွေးမြူရေးသုတေသနဌာန၏ သုတေသနများ (USDA – United State Department of Agriculture - Research Projects)၊ ကော်နယ် တက္ကသိုလ်၊ စိုက်ပျိုးမွေးမြူရေးကောလိပ် (Cornell University Agriculture College)၊ ကာလီဖိုနီးယားတက္ကသိုလ်၊ ဒေးဗစ်နယ်မြေ (University of California-Davis) စသည်။
(၂) ဥရောပနိုင်ငံများ ဥပမာ - ဒိန်းမတ်၊ ဂျာမနီ၊ ယူကေ တို့၏ ပါရဂူဘွဲ့ ထောက်ပံ့ကြေး အစီအစဉ်များ (PhD Stipend in Europe e.g. Denmark, Germany, UK)
စိုက်ပျိုးမွေးမြူရေး သုတေသနပရောဂျက်များတွင် ပါဝင်လျှင် လစဉ် (နေထိုင်ရေး၊ စားစရိတ် အတွက်) ထောက်ပံ့ကြေး (Stipend) ပေးသည့် စနစ်ဖြစ်ပါသည်။
(၃) အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးမွေးမြူရေးသုတေသနဌာနများ၏ သုတေသနထောက်ပံ့ကြေးစရိတ်များ (International Research Institutes e.g. IRRI, CIMMYT, ICRISAT, World Vegetable Center)
အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန၊ ဂျုံနှင့်ပြောင်းဖူးသုတေသနဌာန၊ အပူပိုင်း နှင့်အပူလျှော့ပိုင်းဒေသသီးနှံများသုတေသနဌာန၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်သုတေသန ဌာနများမှ စိုက်ပျိုးရေး သုတေသနလုပ်နေသော မဟာ/ပါရဂူဘွဲ့ (MSc/PhD) ကျောင်းသား/သူများကို သုတေသနထောက်ပံ့ကြေးစရိတ် (Research Fellowship Stipend) ပေးသောစနစ်ဖြစ်ပါသည်။
(၄) ကမ္ဘာ့ကုလသမဂ္ဂ လက်အောက် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO – Food and Agriculture organization) မှလည်း သုတေသနထောက်ပံ့ကြေး ပေးလေ့ရှိပါသည်။
(၅) ယခင်ကိုလံဘိုစီမံကိန်း ပညာသင်ဆု (Colombo Plan Scholarships)
၁၉၈၀-ပတ်ဝန်းကျင်လောက်က ကိုလံဘိုစီမံကိန်းဖြင့် မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကို ယူကေ၊ ဩစတေးလျ၊ နယူးဇီလန် စသည့် ဖွံ့ဖြိုးပြီးနိုင်ငံများက စိုက် ပျိုးမွေးမြူရေး ပညာသင်ဆုပေးခဲ့ပါသည်၊ ၁၉၈၆-ခုနှစ် မဟာစိုက်ပျိုးရေးပညာကို ဤပညာသင်ဆုဖြင့် ဩစတေးလျနိုင်ငံ၊ ကွင်းစလန်တက္ကသိုလ်တွင် (University of Queensland) စာရေးသူတက်ရောက်ခဲ့ရပါသည်။
(မှတ်ချက် - ၁၉၈၈ အရေးအခင်း ဖြစ်တော့ ပညာတော်သင်အချို့ ပြန်မလာကြတော့ပါ၊ စာရေးသူ၏ခံစားချက်ကတော့ မိမိစာတော်လွန်း၍ ပညာတော် သင်ဆု ပေးသည် မဟုတ်ဘဲ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် တက္ကသိုလ် ဆရာ၊ ဆရာမများအနေနှင့် ခေတ်မီ စိုက်ပျိုးရေးပညာရပ်များ ကို သင်ကြားပေးပြီး နိုင်ငံ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ များကို ပြန်လည်သင်ကြားပေးစေလိုသည့်သူတို့နိုင်ငံ၏ကောင်းမွန်သည့်ရည်ရွယ်ချက်ကြောင့် ပြန်လာခဲ့ပါသည်)
နိုင်ငံတကာအဖွဲ့အစည်းများမှ စိုက်ပျိုးမွေးမြူရေး ပညာသင်ဆုမှာ မဟာနှင့်ပါရဂူဘွဲ့ ပညာသင်ဆုများကိုသာပေးအပ်လေ့ရှိပါသည်၊ ဘွဲ့ကြိုသင် တန်းကို ပေးအပ်မှုနည်းပါးပါသည်၊ စာရေးသူ၏ တက္ကသိုလ်ဆရာဘဝ သက်တမ်းတစ်လျှောက် တိုကျိုပုဂ္ဂလိက စိုက်ပျိုးရေးတက္ကသိုလ် (Tokyo Nodai – Tokyo University of Agriculture - TUA) က စိုက်ပျိုးရေးဘွဲ့ကြို ထောက်ပံ့ကြေးဆု ပေးအပ်ခဲ့ဖူးပါသည်။ သို့သော် ဘွဲ့ရပြီး ကလေး အားလုံးလောက်နီးနီး ဂျပန်နိုင်ငံမှ ပြန်မလာကြတော့ပါ၊ ပညာသင်ဆုက မြန်မာနိုင်ငံ အတွက် အကျိုးမရှိ ဖြစ်ခဲ့ရပါသည်။
စာရေးသူ၏ အတွေးတစ်စ
စာရေးသူတို့ခေတ်က အစိုးရပေးသောဘွဲ့ကြိုပညာသင်ဆု တစ်လ ၃၀၀ ကျပ် သည် ခေါက်ဆွဲကြော် တစ်ပွဲ ၁ ကျပ် (ပွဲ ၃၀၀) ဝယ်စားလို့ရပါသည်၊ ယခု ခေါက်ဆွဲကြော်တစ်ပွဲ ၅၀၀၀ ကျပ် (ပွဲ ၃၀၀စာ) တစ်ဦး တစ်လ ၁၀-၁၅ သိန်းခန့် ဘွဲ့ကြိုပညာတော်သင်ဆု (Undergraduate Scholar-ships) ပေးမည် ဆိုလျှင် ယခု (Grade-12) ၁၂-တန်းအောင် စာတော်သော ကျောင်းသား၊ကျောင်းသူတစ်ချို့ ဆေးတက္ကသိုလ်သို့ သွားကြမည့် အစား စိုက်ပျိုး၊ မွေးမြူ၊ သစ်တောတက္ကသိုလ်များသို့ လျှောက်လာကြမည်လား စဉ်းစားကြည့် မိပါသည်၊ ဘွဲ့ရလျှင်တော့ နိုင်ငံခြား ထွက်သွားတာ မလုပ်ဘဲ ပြည်တွင်း တက္ကသိုလ်၊ သုတေသနဌာနများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပုဂ္ဂလိကကဏ္ဍများတွင် အနည်းဆုံးငါးနှစ် စသည်ဖြင့် အလုပ်လုပ်ပါမည်ဟူ၍လက်မှတ်ရေးထိုးထားရန်တော့လိုပါလိမ့်မည်။
ပညာတော်သင်ဆုကို အစိုးရတစ်ခုတည်းပေးတာ မဟုတ်ဘဲ ပုဂ္ဂလိကဘဏ် သူဌေးကြီးများ၊ ဆန်စပါး၊ ဆီစက်၊ လုပ်ငန်းရှင် အသင်းများက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ် တော ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေချင်၍ တစ်နှစ် ၃ ဦးစီလောက် တိုင်ပင်ပြီး ပေးလျှင်ကော အဆင်ပြေမလား စဉ်းစားကြည့်နေမိပါသည်။
နိုင်ငံတကာတွင် ကျင့်သုံးနေသော ကျောင်းသားချေးငွေ (Student Loans) စနစ်ဖန်တီး ပေးပြီး ချေးငွေဖြင့် ကျောင်းတက်၊ ဘွဲ့ရလျှင် မိမိစိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာကုမ္ပဏီ၊ ပုဂ္ဂလိက လုပ်ငန်းများ တွင် ၅-၁၀ နှစ် စသည်ဖြင့် လုပ်ကိုင်ပြီး ငွေပြန်ဆပ်စေခြင်း စသည့် လုပ်ငန်းများကိုလည်း စီမံ၍ရနိုင်ပါသည်၊ ငွေချေးပြီးလျှင်တော့ ပြန်ဆပ်ရပါမည်။
(အမိနိုင်ငံ စိုက်ပျိုးမွေးမြူရေးပညာများဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်စေတနာ ဖြင့်)
ဒေါက်တာမျိုးကြွယ်