ငါးရှဉ့်၏ ထူးခြားသောသဘာဝနှင့် ကျန်းမာရေးကောင်းကျိုး

ငါးရှဉ့်ငါးသည် ခန္ဓာကိုယ်ရှည်လျားချောမွေ့နေပြီး ကျဥ်းမြောင်းသော ဦးခေါင်း၊တိုသောမေးရိုးများပါရှိ ကြပါသည်။ ငါးရှဥ့်ကို အင်္ဂလိပ်လို “Swamp eel (သို့) ricefield eel ဟုလည်း လူသိများကြပါသည်။ငါးရှဥ့်ကို ရုတ်တရက်ကြည့်လိုက်လျှင် ငါးဟုမည်သူမှမထင်ဘဲ ရေမြွေတစ်မျိုးဟု ထင်မှတ်မှားကြသည်။မြွေကဲ့သို့ အကြေးခွံများမပါရှိကြဘဲ ၄င်း၏ခန္ဓာကိုယ်မှထွက်သည့် အကျိအချွဲများဖြင့် ပြောင်ချောနေတတ်သည့် ငါးမျိုးစိတ်လည်းဖြစ်သည်။တချို့မျိုးစိတ်များမှာ တွင်းတူး၍နေလေ့ရှိကြသည်။
ငါးရှဥ့်များကို ရေချိုချောင်း၊ မြောင်း၊ အင်းအိုင်၊ စမ်းချောင်း၊ စပါးခင်းတို့တွင်အများဆုံးတွေ့ရလေ့ရှိပြီး ပင်လယ်ပိုင်းနှင့် လယ်ကွင်းများတွင်လည်း တွေ့ရ တတ်ပါသည်။
ငါးရှဥ့်အမျိုးအစား
ငါးရှဥ့်တွင် နှစ်မျိုးရှိသည်။ ငါးရှဥ့်ပနီ(ပါးနီ)နှင့် ငါးရှဥ့်ပမဲ(ပါးမဲ)ဟူ၍ ဖြစ်သည်။ငါးရှဥ့်ပနီသည် အကောင်ငယ်၍ ငါးရှဥ့်ပမဲက ကြီးထွားနှုန်းပိုကောင်းသဖြင့် အကောင်ပိုကြီးသည်။ ငါးရှဥ့်ပနီသည် နီဝါဝါအဆင်းရှိပြီး စားရာတွင်နူးညံ့၏။ ငါးရှဥ့်ပမဲထက်ပို၍ အရသာရှိပြီး နှစ်ချို့အရွယ် အစားထိ အရောင်အဆင်း မပြောင်း လဲတတ်ချေ။ကျပ်လုံးအရွယ်ထက်လည်း ပိုမို၍ မကြီးထွားတတ်ချေ။
ငါးရှဥ့်ပါးမဲမှာ ညိုသောအဆင်းရှိပြီး သေးငယ်သောအကြေးခွံသေးသေးလေးများ ရှိတတ်ကြသည်။ ငါးရှဥ့်ပါးနီထက် အကောင်အရွယ်အစား ကြီးထွားကြသည်။ငါးရှဥ့်ပါးနီလောက် အသားမနူးညံ့သော်ငြား ပါးမဲမှာ ဆေးဖက်ဝင်သည်ဟု သိရသည်။ ငါးရှဥ့်များမှာ အပုပ်အစပ်များကို အလွန်ကြိုက်ပြီး အလွန် အစား ကြူးသောငါးတစ်မျိုးဖြစ်သည်။ ငါး ရှဥ့်မျိုးစိတ်တချို့သည် တိရစ္ဆာန်အသေကောင်များကို စားသောက်လေ့ရှိသည်။
ငါးရှဥ့်၏ သဘာဝ
ငါးရှဥ့်သဘာဝသည် တစ်ကောင်နှင့် တစ်ကောင် လုံးလုံးထွေးထွေးအစုလိုက်အပြုံလိုက်ရှိနေတတ်၍ အစုလိုက် အပြုံလိုက်ဖမ်းဆီးရမိရန်လည်း လွယ်ကူပါသည်။ငါးရှဥ့်များမှာ ပုံမှန်အားဖြင့် အလျား(၂-၃) ပေအထိ အရှည်ရှိကြသည်။ပင်လယ်ထဲ၌နေသော တချို့ငါးရှဥ့်ကြီးများမှာ ၆ပေကျော်အထိ ရှည်လျားကြပါသည်။ ငါးရှဥ့်များမှာ ၄င်းတို့၏ အစာအဖြစ် ငါး၊ အခွံမာရေသတ္တဝါ၊တုပ်ပြားကောင်နှင့် အခြား ရေနေအကောင်လေးများကို ညဘက်တွင် ရှာဖွေစားကြသည်။
ဥ အုခြင်းနှင့် သားပေါက်ခြင်း
ငါးရှဥ့်အမမှာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း ၁၀၀၀ ခန့် ဥအုနိုင်ကြပြီး ငါး ရှဥ့်အထီးမှာ ငါးရှဥ့်အမ ကိုယ်ဝန် ဆောင်ချိန်တွင် ရေမြုံအသိုက်ဆောက် ခြင်း၊ အမအား အစာရှာဖွေကျွေးမွေးခြင်းများ ပြုရသည်။ ငါးရှဥ့် အမများမှာ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသိုက် တွင်ကျင်းအောင်းပြီး နေလေ့ရှိကြပြီး အကောင်ပေါက်ပြီးပါက အသိုက်ကိုစွန့်ခွာတတ်ကြသည်။ငါးရှဥ့်ဥလေးများကိုငါးရှဥ့်လားမြောက်သည် အထိ ငါးရှဥ့်အထီးက ဆက်လက်စောင့်ရှောက်ရသည်။
ငါးရှဉ့်ကလေးများသည် ဥမှ ပေါက်လာသည့်အခါတွင် သေးငယ်ပြီး ပြားသောပုံသဏ္ဍာန် ရှိကြသည်။ ပထမ နှစ်လခန့်တွင် ငါးရှဉ့်ကလေးသည် ၃ လက်မခန့် ရှိသည်။ ထိုနောက် အနည်းငယ်မျှ ပြန်၍ ငယ် သွားကြသည်။ အရောင်လည်း အညို ရောင်သို့ ပြောင်းသွားသည်။ ထိုအခါမှ ငါးရှဉ့်နှင့် ပုံပန်းသဏ္ဍာန်တူလာတော့သည်။
လက္ခဏာသွင်ပြင်
သာမန်ငါးရှဉ့်၌ ကျဉ်းမြောင်းသော ဦးခေါင်း၊ တိုသောမေးရိုးနှင့် ရှည် လျားသောကိုယ် ရှိသည်။ လည်မျိုနားတွင်လည်း ဆူးတောင် ၂ ခုပါရှိသည်။ ထိုဆူးတောင် ၂ ခု အပြင် နောက်ကျောအလယ် အမြီးနား တစ်ဝိုက်လောက်ဆီမှ အစာအိမ် အလယ်ပိုင်းလောက်အထိ တဆက်တည်းဖြစ်နေသော ဆူးတောင် တစ်မျိုးလည်း ရှိသေးသည်။
ငါးရှဉ့်ငယ်သည် ငါးရှဉ့်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ရေချိုရပ်များသို့ စတင် ခရီးထွက်တော့သည်။ ရေချိုဒေသများဖြစ်သည့် ချောင်းမြောင်း၊ အင်း အိုင်တို့သို့ ရောက်လျှင် ငါးရှဉ့်သည် ထပ်မံကြီးထွားလာသည်။ ပင်လယ်မှ ရေချိုဒေသသို့ ခရီးထွက်ရာတွင် လမ်းခရီး၌ မကျော်ဖြတ်နိုင်သော ရေတံခွန်၊ ချောက် ကျော်ဖြတ်နိုင်သော ရေတံခွန်၊ ချောက် စသည်တို့နှင့်တွေ့လျှင် ငါးရှဉ့်သည် ရေထဲမှ ထွက်လာကာ မြက်စိုများရှိရာအရပ်ကို ကျော်ဖြတ်၍ အလိုရှိသော ချောင်းမြောင်းများရှိရာ အရပ်သို့ အရောက်သွားလေ့ ရှိသည်ဟု အဆိုရှိလေသည်။
ငါးရှဥ့် စားဖွယ်စုံ
ငါးရှဉ့်သည် ရေသတ္တဝါများထဲတွင် တခြားသတ္တဝါများထက် လေး ပင်ပြီး အရသာရှိသဖြင့် မြန်မာတို့ သည် ငါးရှဥ့်ကို ကင်၍လည်းကောင်း၊ ချက်၍လည်းကောင်း စားကြသည်။ငါးရှဥ့်ပနီ(ပါးနီ)မှာ ငါးရှဥ့်ပမဲ (ပါးမဲ)ထက် ပို၍စားကောင်းသည်ဟု သိရသည်။ ထူးခြားချက်မှာ ငါးရှဉ့်သွေးကို အရက်ထဲ ထည့်သောက်လျှင် အမျိုးသားများအတွက် အင်အားတိုးပွားစေသည်ဟု တရုတ်လူမျိုးများက ယူဆကြသည်။
ထိုမျှသာမက ငါးရှဥ့်အသားသည် သည်းခြေကိုနိုင်ပြီး ဝမ်းမီးတောက်ခြင်းကို ပြု၏။ ပိုးနာကိုပျောက်ကင်းစေနိုင်သည်ဟု ဖတ်မှတ်ရဖူးပါသည်။
လူကြိုက်များသည့် နာမည်ကြီးငါးရှဥ့်ဟင်းလျာများမှာ ငါးရှဥ့်ခြောက်စပ်၊ ငါးရှဥ့်ချဥ်စပ်၊ ငါးရှဥ့်မြေအိုး၊ ငါးရှဥ့်ပင်စိမ်းချက်၊ငါးရှဥ့်ဖက်ကဖောင်း၊ ငါးရှဥ့်ဆူရှီ၊ ငါးရှဥ့်တန်ပူရာကြော်တို့ဖြစ်ကြသည်။ငါးရှဥ့်ငါးမှာ အရသာထူးခြားလှပြီး စီးပွားရေးအရ အရေးပါသောငါးတစ်မျိုးဖြစ်သည်။
ငါးရှဥ့်စားခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများ
ငါးရှဥ့်ကြိုက်နှစ်သက်သူတွေအတွက်တော့ ငါးရှဥ့်သည် အခြားငါးများထက် အရသာအရှိဆုံးဟုလည်း ဆိုကြပါသည်။ငါးရှဥ့်တွင် ပရိုတင်းဓာတ်ပါဝင်မှုများပြီး သတ္တုဓာတ်၊ ဗီတာမင်ဓာတ်များလည်း ပါဝင်ပါ သည်။ အထူးသဖြင့် ငါးရှဥ့်စားလျှင် သွေးအားကောင်းပါသည်။
၁။ ဗီတာမင်ဓာတ်များ ကြွယ်ဝခြင်း
ငါးရှဥ့်သည် မျက်လုံးကျန်းမာရေး၊အာရုံကြောအတွက် ကောင်းမွန်ပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ ဟော်မုန်းနှင့် ဦးနှောက်သွေးဖိအားများကို ထိန်းညှိပေးပါသည်။ငါးရှဥ့်စားပေးလျှင် ဦးနှောက်ထဲတွင် သွေးခဲခြင်းကို လျော့ပါးစေပါသည်။
၂။ ကယ်လိုရီပါဝင်မှုများခြင်း
ငါးရှဥ့်တွင် ကယ်လိုရီပါဝင်မှုမှာ များပါသည်။ငါးရှဥ့်ဟင်းလျာမှာ တစ်နေ့လုံး ခန္ဓာကိုယ်လှုပ်ရှားရန် လိုအပ်သော ကယ်လိုရီပမာဏများ ပါဝင်ပါသည်။ထို့ကြောင့် ငါးရှဥ့်ကို ထမင်းဖြူနှင့် စားသုံးလျှင်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်များ အများကြီးပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုတက်စေပါသည်။
၃။ သံဓာတ်ကြွယ်ဝခြင်း
ငါးရှဥ့်သည် ခန္ဓာကိုယ်ထဲမှာ သံဓာတ်များအောင် ကူညီပေးပါသည်။သံဓာတ်လုံလောက်မှုမရှိလျှင် ခန္ဓာကိုယ်ထဲ၌ သွေးနီဥများနည်းပါး သည့်အပြင် ခေါင်းမူး၊ခေါင်းကိုက်၊အား နည်းခြင်းများ ခံစားရနိုင်ပါသည်။ ငါးရှဥ့်သည် ဟင်းနုနွယ်ရွက်၊ ကြက်အသည်းနှင့် ပြည်ကြီးငါးကဲ့သို့ သံဓာတ်ကြွယ်ဝပါသည်။
၄။ Phosphorus ဓာတ် ကြွယ်ဝခြင်း
အရိုးများပွပြီး အရိုးပါးရောဂါဖြစ်မှာ စိုးရိမ်နေသူများအတွက် ငါးရှဥ့်ကို များများစားပေးသင့်ပါသည်။ ငါးရှဥ့်တွင် နွားနို့၊ ဒိန်ချဥ်တို့ကဲ့သို့ အရိုးကို သန်မာစေသော Phosphorus ဓာတ် ပါဝင်ပါသည်။
ကျန်းမာရေးဘေးထွက်ဆိုးကျိုး
တန်ဆေးလွန်ဘေး ဆိုသလို ငါးရှဥ့်ကို အလွန်အကျွံစားခြင်းသည်လည်း မကောင်းပေ။ သွေးထဲတွင် မကောင်းသော ကိုလက်စထရောမြင့်နေသူများအတွက်မူ ငါးရှဥ့်ကို မစားသင့်ပေ။ အထူးသဖြင့် ကိုလက်စထရောမြင့်တက်မှုကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူများကလည်း မစားသင့်ပေ။ အဆီဓာတ်လည်း ပါဝင်မှုမြင့်မားပါသည်။
အချုပ်အားဖြင့် ဆိုရလျှင်-
ငါးရှဥ့်ငါးသည် အခြားငါးများထက် အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များကြသည်။ထို့ပြင် ငါးရှဥ့်ငါး၏ သဘာဝမှာလည်း ထူးခြားလှပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပြုသဖြင့် စားပေးသင့်သော ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)