ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဖြင့် ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်သော နည်းလမ်းများ

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဖြင့် ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်သော နည်းလမ်းများ

ရေကန်

မြန်မာနိုင်ငံသည်အရှည် ၂၈၃၂ ကီလိုမီတာ ရှည်လျားသည့်ကမ်းရိုးတန်း၊ မြစ်ကြီး(၄)စင်း၊ ချောင်းများ၊ အင်းအိုင်များ ပေါများစွာတည်ရှိပြီး သန့်ရှင်းသည့် ရေချို၊ ရေငန်အရင်းအမြစ် ပေါများစွာရှိ နေပါသည်။ ထို့ကြောင့် ရေချို/ရေငန် ငါး၊ ပုစွန်၊ ကဏန်း၊ ကဏန်းပျော့၊ ကင်းမွန်၊ ကျောက်ငါး၊ ကျောက်ပုစွန် စသည့် ဈေးကွက်ဝင်သည့် ရေထွက်ကုန်များမှာ အမယ်စုံထွက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ဒေသအလိုက်ဖမ်းဆီးရေးမှရရှိသည့် ရေထွက်ကုန်များ၊ မွေးမြူရေးမှရရှိသည့် ရေထွက်ကုန်များနှင့် အသင့်စားရေထွက်ကုန်များကို နှစ်စဉ်တိုးတက် ထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ 

အထူးသဖြင့် ရေသတ္တဝါမွေးမြူ ရေးလုပ်ငန်းများတွင် ငါး/ပုစွန်/ကဏန်းမွေးမြူရေး လုပ်ငန်းများကို တိုးတက်ထုတ်လုပ်လျက်ရှိရာ တိုင်းဒေသကြီးပြည်နယ်များတွင် ၂၀၂၄-၂၀၂၅ ခုနှစ်အထိ အမှန်ထုတ်လုပ်လျက်ဧရိယာမှာ ၄၇၁၁၉၅ ဒသမ ၂၀၁ ဧကရှိပြီး မွေးမြူရေး ငါး/ပုစွန်ထုတ်လုပ်မှု အနေဖြင့် ၂၀၂၄-၂၀၂၅ ထုတ်လုပ်မှုတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ပိဿာထောင် ပေါင်း ၃၁၅၁၉၀ ပိဿာ ထုတ်လုပ်ခဲ့ပါသည်။ ပြည်ပတင်ပို့မှုအနေဖြင့် ၅၁၀၉၁ ဒသမ ၀၀၄  မက်ထရစ်တန် တင်ပို့၍  နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ  ၆၈ ဒသမ ၄၉၃ သန်း ရရှိခဲ့ပါသည်။  

ထိုသို့တင်ပို့နိုင်ရန်အတွက် အဓိကမွေးမြူထုတ်လုပ်လျက်ရှိသည့် ငါးမွေးတောင်သူများမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး တစ်နိုင် တစ်ပိုင်မွေးမြူထုတ်လုပ်ကြသူများမှ အများစုဖြစ်ပါ သည်။ ကျေးလက်နေပြည်သူများအနေဖြင့် ငါးမွေးမြူ ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် မိရိုးဖလာ နည်းစနစ်များဖြင့်သာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရှိရပြီး ခေတ်မီတိုးတက်သည့် ရေသတ္တဝါမွေးမြူ ရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ ခေတ်မီနည်းစနစ်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြပါသည်။ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းကို  FAO, WHO, SEAFDEC, အပါအဝင် EU, အာဆီယံနိုင်ငံများမှလက်ခံကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နည်းလမ်းတစ်ခုမှာ ကောင်းမွန်သော ရေသတ္တဝါမွေးမြူ ရေးကျင့်စဉ် နည်းစနစ်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူများအပါအဝင် မွေးမြူသူအများစုမှာ ကောင်းမွန်သော ရေသတ္တဝါမွေးမြူ ရေးကျင့်စဉ်နည်းစနစ်သည် ခက်ခဲသောနည်းလမ်းဖြစ်သည်ဟု ထင်မှတ်မှားနေခြင်း၊ ငွေကုန်ကြေး ကျများသည်ဟု ထင်မှတ်နေကြခြင်း၊ ထွက်ရှိလာသည့် ထုတ်ကုန်များကို  ဈေးနှုန်း ပိုမိုရောင်းချ၍မရခြင်း၊ အချို့တစ်ပိုင်တစ်နိုင်မွေးမြူသူများသည် ရုံးဌာနများနှင့် ဆက်သွယ်ရန် စိုးရွံ့နေခြင်း၊ အသိအမှတ် ပြုလျှောက်ထား၍ လာရောက်စစ် ဆေးပါက မလိုလားအပ်သောပြဿနာ (မြေယာနှင့် အခြားလိုင်စင်ကိစ္စများ) ပေါ်ပေါက်မည်ကို စိုးရွံ့ကြခြင်းများရှိကြောင်းကို သင်တန်းပို့ချခဲ့ စဉ် မေးမြန်းမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ရသည်များ ရှိပါသည်။ စိုးရွံ့မှုများကြောင့် မလုပ်ဘဲ နေပါက မိမိတို့ထုတ်လုပ်သည့် ရေထွက်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ရောက် ရှိရန် အခက်အခဲ ရှိနိုင်ပါသည်။

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်ကို အကျယ် တဝင့်သိရှိရန် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းဦးစီးဌာနမှလည်း ငါးမွေးတောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိ ပညာပေး ပိုစတာစိုက်ထူခြင်း၊ သင် တန်း ပို့ချခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာသို့တင်ပို့သည့် ရေထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်သလို မိမိ နိုင်ငံတွင် စားသုံးသည့်ပြည်သူများသည်လည်း ရေထွက်ကုန်များ၏ အန္တရာယ် ကင်းရှင်းရန် အဓိက လိုအပ်ပါသည်။ သို့မှသာ မိမိနိုင်ငံသူနိုင်ငံသားများအနေဖြင့် ရောဂါကင်းရှင်း ကျန်းမာစွာဖြင့် သက်တမ်းစေ့ အသက်ရှည်ရှည် နေထိုင်နိုင်မည်ဖြစ်ပါသည်။ ဘေးအန္တရာယ်ရှိသော ထုတ်ကုန်များကို စားသုံးမိပါက အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ မူးဝေခြင်း၊ ဖျားနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် ရေရှည်စားသုံးပါက နာတာရှည်ရောဂါများ ခံစားရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ငွေကုန်ကြေးကျမများဘဲ လွယ်ကူရိုးရှင်းသောနည်းလမ်းများဖြင့် ကောင်း မွန်သော ရေသတ္တဝါမွေးမြူခြင်းနည်း စနစ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ 

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် လိုက်နာကျင့်သုံးလျက် ရှိသည့် မူဝါဒ(၄)ရပ်တွင် (၁) အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ (၂) ပတ်ဝန်းကျင်ရေရှည်တည်တံ့စေရေး၊ (၃) ငါးကျန်းမာ ရေးနှင့် (၄) ဖူလုံရေး စသည့်မူဝါဒ (၄)ချက် ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ကောင်း မွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်၏ အဓိကလုပ်ငန်းစဉ်များမှာ (၁) လုပ်ငန်းတည် နေရာ၊ (၂) မျိုးစိတ်များရွေးချယ်ခြင်းနှင့် ထိန်းသိမ်းမွေးမြူခြင်း၊ (၃) သန့်ရှင်းကျန်းမာခြင်းနှင့် ရောဂါ ပိုးမွှားကင်းစင်ခြင်း၊ (၄) ရေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှု၊ (၅) ငါးစာစီမံခန့်ခွဲမှု၊ (၆) ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစီမံခန့်ခွဲမှု၊ (၇) ဓာတု ပစ္စည်းများနှင့် တိရစ္ဆာန်သုံးမွေးမြူရေးဆိုင်ရာဆေးဝါး များ စီမံခန့်ခွဲ မှု၊ (၈) မွေးကန်ဖော်ခြင်းနှင့် မွေးကန်ဖော်ပြီးသည့်နောက် ပိုင်း စီမံခန့်ခွဲမှု၊  (၉) အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်း၊ (၁၀) ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သောမိုးလေဝသအခြေအနေများ၊ (၁၁) ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု စသည့်အချက်များ ပါဝင်သော်လည်း ခြုံငုံကြည့်ပါက WHO မှ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့်တူညီကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ 

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဖြင့် ဆောင်ရွက်နိုင်ရန် WHO မှ ထုတ်ပြန်ထား သည့် အများပြည်သူကျန်းမာရေးကာကွယ်ရန် မွေးမြူရေးရေထွက်ကုန်များအစားအစာဘေးအန္တရာယ် ကင်းရေး လိုက်နာရမည့် အရေးကြီးသော အခြေခံကျသည့်အချက် (၅)ချက်သည် မွေးမြူရေးလုပ် ကိုင်သူတိုင်း လွယ်လင့်တကူ လိုက်နာဆောင်ရွက်နိုင်ပြီး ငွေကြေးကုန်ကျမှုနည်းပါးသည့် နည်းလမ်း ဖြစ်
ပါသည်။ 

ယခု အဆိုပါလိုက်နာဆောင်ရွက်နိုင်သည့် နည်းလမ်းများကို အောက်ပါအတိုင်း ရှင်းလင်း တင်ပြအပ်ပါသည်-

(၁) ပြည်သူတစ်ဦးချင်း ကောင်းမွန်သောတစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးကျင့်စဉ်များ လိုက်နာ ကျင့်သုံးခြင်း
  • အပေါ့/အလေးများသွားရန် ယင်လုံအိမ်သာများ အသုံးပြုရန်၊

  • အိမ်သာတက်ပြီးနောက်၊ ကလေး၏ အညစ်အကြေးများကိုင်တွယ်ပြီးနောက်၊ တိရစ္ဆာန် များ ထိတွေ့ကိုင်တွယ်ပြီးနောက် မိမိလက်အား သေချာစွာ ဆပ်ပြာဖြင့် ရေသန့်စင် ဆေးကြောပြီး ခြောက်သွေ့အောင် လက်ကိုင်ပဝါဖြင့်သန့်စင်ရန်၊

  • ငါးကန်အနီးတွင် အလုပ်လုပ်ကိုင်သောအခါ မိမိ၌ ဒဏ်ရာအနာတရများရှိပါက သေချာစွာ ဖုံးထားရန်၊

  • မွေးမြူထားသော ငါးများဖမ်းဆီးခြင်းနှင့် ငါးမွေးကန်အနီးတစ်ဝိုက် အလုပ်လုပ်ကိုင်ပြီး နောက် မိမိ၏အဝတ်အစားများလဲလှယ်ပြီး မိမိ၏လက်ကို သေချာစွာ သန့်စင်ဆေးကြော ရန်တို့ ပါရှိပါသည်။ 

အဆိုပါအချက်များကိုလိုက်နာခြင်းဖြင့် ဘေးအန္တရာယ်ရှိသော အဏုဇီဝပိုးမွှားများနှင့် ဓာတုပစ္စည်းများသည် အလုပ်လုပ်ကိုင်ကြသူ များ၊ တိရစ္ဆာန်များနှင့် အပင်အညစ် အကြေးများ၊ ထိခိုက်ထားသော ဒဏ်ရာအနာတရများ၌ တွေ့ရှိရခြင်း၊  ဓာတုပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိသော အဏုဇီဝ ပိုးမွှားများသည် လက်များနှင့် ညစ်ပေနေသောအဝတ် အစားများမှတစ်ဆင့် ပြန့်နှံ့နိုင်ခြင်းတို့ကြောင့် မိမိ၏လက်ကို သေချာစွာဆေးကြောသန့်စင်ခြင်းနှင့် အဝတ်များကို လဲလှယ်ပေးခြင်းဖြင့် ညစ်ပေမှုများနှင့် ရောဂါပြန့်ပွားမှုများကို ကာကွယ်နိုင်ပြီး ဖျားနာမှုများကိုလည်း လျှော့ချပေးနိုင်သော ကြောင့် လိုက်နာလုပ်ဆောင်ရမည်ဖြစ်ပါသည်။

(၂) ငါးမွေးကန်နေရာပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ဆောင်ခြင်း
  • ကြက်၊ ဘဲ၊ ဝက်၊ နွား စသည့် မွေးမြူရေးတိရစ္ဆာန်များနှင့် အိမ်သာများကို ငါးမွေးမြူကန် များနှင့် ဝေးကွာသည့်နေရာ၌ ထားရှိရန်။

  • သတ္တုမာပစ္စည်းများ၊ အခြားသောငါးမွေးမြူရေးသုံး ဓာတုဆေးဝါးများနှင့် ဘေးအန္တရာယ်ရှိ သော အဏုဇီဝပိုးမွှားများနှင့် ထိတွေ့ညစ်ညမ်းစေရန် အခွင့်သာမှု အနိမ့်ဆုံးဖြစ်စေနိုင် သည့်နေရာများကို ငါးမွေးမြူကန်တည်ဆောက်မည့် နေရာရွေးချယ်ရန်။ 

  • ငါးမွေးကန်အနီးတစ်ဝိုက်တွင် မသုံးတော့သည့် စက်ပစ္စည်းကိရိယာအဟောင်းများ၊ အမှိုက် သရိုက်နှင့် ဓာတုပစ္စည်းများထည့်သည့် ပုံးများ၊ ပေါင်းပင်၊ မြက်ပင်များကို ဖယ်ရှားသန့်ရှင်း ရန်။

  • ငါးမွေးမြူကန်သို့ အခြားသော မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားများ မလာရောက်နိုင်ရန် ကာကွယ်သည့်အနေဖြင့် သီးခြားနေရာတစ်ခုတွင် ထိန်းသိမ်းထားရှိမွေးမြူရန်။ 

လူများနှင့် တိရစ္ဆာန်များ၏ မစင်အညစ်အကြေးများရှိ ဘေးအန္တရာယ်ရှိသော အဏုဇီဝပိုးမွှား များသည် မြေကြီး၊ ရေနေသတ္တဝါများနှင့် ငါးများကိုလည်း ထိတွေ့ညစ်ညမ်းစေနိုင်ပါသည်။ မြေကြီး ထဲရှိသော သတ္တုမာပစ္စည်းများနှင့် အခြားသော ဓာတုပစ္စည်းများသည် မွေးမြူထားသော ငါးများ (သို့မဟုတ်) ၎င်းငါးများကို စားသုံးသည့်လူများကို မကျန်းမာခြင်းဖြစ်စေနိုင်ခြင်းတို့ကြောင့် အထက်ပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ညစ်ညမ်းမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

(၃) ရေအရည်အသွေးကောင်းမွန်စေရန် ပြုပြင်စီမံခြင်း
  • သတ္တုမာပစ္စည်းများ၊ အခြားသော ဓာတုပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိသော အဏုဇီဝ ပိုးမွှားများနှင့် ထိတွေ့ညစ်ညမ်းမှု မဖြစ်စေရန်အတွက် ညစ်ညမ်းမှုအနည်းဆုံးဖြစ်စေ နိုင်သော ရေအရင်းအမြစ်ရရှိနိုင်မည့်နေရာကို ရွေးချယ်ရန်။

  • ငါးမွေးမြူကန်အတွင်းသို့ အခြားလူများနှင့် တိရစ္ဆာန်များ (ငါးမွေးကန်ပေါ်မှ ဖြတ်သန်း ပျံသန်းသွားနိုင်သော တိရစ္ဆာန်များနှင့် ငါးမွေးကန်အတွင်း ဝင်ရောက်ကူးခတ်သွားနိုင် သော ငန်း၊ ဘဲများနှင့် အိမ်မွေးတိရစ္ဆာန်များ အပါအဝင်) ဝင်ရောက်ခြင်းမှ ကာကွယ်ရန်။ 

  • ငါးမွေးမြူကန်နှင့် ခပ်ဝေးဝေးနေရာ၌အိမ်မှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် အမှိုက်သရိုက် များ၊ အစားကြွင်း/ကျန်များနှင့် မစင်အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းရန်။

  • ငါးမွေးကန်အပေါ်၌ တိရစ္ဆာန်များ ခြံခတ်မွေးမြူခြင်းကို မပြုလုပ်ရန်။

သဘာဝငှက်များအပါအဝင် တိရစ္ဆာန်များနှင့် လူများ၏ မစင်အညစ်အကြေးများနှင့် ထုတ်လုပ် မှုလုပ်ငန်းများ လုပ်ဆောင်မှုများမှ ဓာတုပစ္စည်းများနှင့် ဘေးအန္တရာယ်ရှိသော အဏုဇီဝပိုးမွှားများ သည် ငါးမွေးမြူရေးတွင်အသုံးပြုသော ရေကို ညစ်ညမ်းစေနိုင်ပါသည်။ အဆိုပါ ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိစေနိုင်သော အဏုဇီဝပိုးမွှားများသည် ကန်ရေမှတစ်ဆင့် မွေးမြူထားသော ငါးများကို မကျန်းမာဖြစ်စေခြင်း (သို့မဟုတ်) မွေးမြူထားသည့်ငါးများ၏ အသားများကို ညစ်ညမ်းစေခြင်း ကြောင့်ဖြစ်ပါသည်။

(၄) မွေးမြူထားသောငါးများ ကျန်းမာအောင်ထိန်းသိမ်းမွေးမြူခြင်း
  • အသိအမှတ်ပြုလက်မှတ်ရရှိထားသော ငါးသားဖောက်ရုံ (သို့မဟုတ်) စိတ်ချယုံကြည်ရ သော ငါးသားပေါက်များ ရောင်းချသူထံမှ ဝယ်ယူသည့် ကျန်းမာသန်စွမ်းသော ငါးသား ပေါက်များကို သင့်တော်သောငါးသားပေါက် ထည့်သွင်းနှုန်းဖြင့် ထည့်သွင်းမွေးမြူရန်။

  • အသားတိုးမွေးမြူရာ၌ သင့်တော်သော ငါးအရေအတွက်ပမာဏ ထည့်သွင်းမွေးမြူရန်။

  • ကျန်းမာရေးမကောင်းသော ငါးများနှင့် ငါးသေများကို နေ့စဉ်ဖယ်ရှားရှင်းလင်းရန်။

  • ငါးကျန်းမာရေးထိန်းသိမ်းထားရန်အတွက် အတည်ပြုခြင်းမရှိသော ဓာတုပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ရှားရန်။

ကျန်းမာသောငါးများဖြစ်ရန် ကျန်းမာသန်စွမ်းသောငါးသားပေါက် များ၊ သင့်တော်သော ငါးသားပေါက်အရေအတွက် ထည့်သွင်းမွေးမြူခြင်းနှင့် မွေးမြူထားသောငါးများ စိတ်ဖိစီးခြင်း၊ ရောဂါ ကျရောက်ခြင်းမဖြစ်စေရန် စီမံခန့်ခွဲခြင်းအပါအဝင် ငါးသားပေါက်များထည့်သွင်းပြီးနောက် ကောင်း မွန်သော စီမံခန့်ခွဲမှုကျင့်စဉ်များဖြင့် ပြုစုမွေးမြူရပါမည်။ ငါးမွေးမြူကန်အတွင်းသို ဓာတု ပစ္စည်းများ ထည့်သွင်းခြင်းသည် ငါးများကို ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း၊ ရောဂါပြဿနာများကို ဖုံးကွယ်ထား ခြင်းနှင့် ငါးစားသုံးသူများအတွက် အန္တရာယ်မကင်းသော ငါးအသားများ၌ ဘေးဖြစ်စေနိုင်သည့် ဓာတ်ကြွင်းများရှိနေမှုကို ချန်လှပ်ထားမှုများ ဖြစ်စေနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ 

(၅) မွေးမြူထားသောငါးများ ပြန်လည်ဖမ်းဆီးရာ၌ အသုံးပြုသောပစ္စည်းကိရိယာများနှင့် ထည့်သွင်းသောပုံးများကို သန့်စင်ဆေးကြောပြီးအသုံးပြုရန်
  • ငါးများဖမ်းဆီးရာ၌ အသုံးပြုမည့် ပုံးများ၊ ခြင်းများနှင့် အသုံးအဆောင် ပစ္စည်းကိရိယာများ ကို သန့်စင်သောရေဖြင့် ဆေးကြောရန်။

  • ငါးများကို နံနက်စောစော ဖမ်းဆီးပြီး အရှင် (သို့မဟုတ်) လျင်မြန်စွာအေးခဲ၍ သယ်ယူ ပို့ဆောင်ရန်။

  • ဖမ်းဆီးပြီးသောငါးများကို ဆေးကြောသန့်စင်ရာ၌ သန့်စင်သောရေဖြင့် အသုံးပြုရန်။

  • လေများစိမ့်မဝင်နိုင်သော သန့်ရှင်းသည့် အအေးပုံးများဖြင့် ဖမ်းဆီးထားသော ငါးများ ထည့်သွင်းသိမ်းဆည်းရန်။ 

မွေးမြူထားသောငါးများ ပြန်လည်ဖမ်းဆီးရာတွင် ငါးများသည် ဖျားနာနေသည့် အလုပ်သမားများ (သို့ မဟုတ်) မသန့်ရှင်းသော ရေ၊ ရေခဲ၊ လက်များ၊ ဖမ်းဆီးအသုံးပြုသည့် ကိရိယာပစ္စည်းများ ဖြစ်သည့် ငါးဖမ်းပိုက်၊ ခြင်းတောင်း၊ အိတ်များနှင့် ရေခဲပုံးများ(ကွန်တိန်နာ)နှင့်ထိတွေ့ ပါက ညစ်ညမ်းခြင်းဖြစ်နိုင်ပါသည်။ အသုံးပြုသော ပုံး/ကွန်တိန်နာများ သည် မျက်နှာပြင်ချောမွေ့ခြင်း၊ အဏုဇီဝပိုးမွှားများပေါက်ပွားနိုင်မည့် နေရာအနည်းဆုံး ဖြစ်စေရပါမည်။ ထိုလွယ်ကူရိုးရှင်းသော ကောင်းမွန် သော ရေသတ္တဝါမွေးမြူနည်းစနစ်များကို ငါးမွေးတောင်သူများအနေ ဖြင့် လွယ်ကူစွာ လိုက်နာဆောင်ရွက်နိုင်ပါသည်။

အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းသည် အစပိုင်းတွင် ခက်ခဲသည်ဟု ထင်မြင်ရသော် လည်း လိုက်နာဆောင်ရွက်နေချိန်တွင် အလေ့အထဖြစ်လာပြီး ကောင်း မွန်သည့် ပတ်ဝန်းကျင် တစ်ခုနှင့် အလေ့အကျင့်ကောင်းတစ်ခုကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူလူထုအတွက်လည်း ငွေကြေးကုန်ကျမှုနည်းပြီး ဘေးကင်းလုံခြုံသည့် ငါးရိက္ခာကို ဖူလုံစွာရရှိနိုင် မည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ အလွယ်တကူရိုးရှင်းလွယ်ကူသည့်နည်းလမ်းများဖြင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်များကို လိုက်နာဆောင် ရွက်ခြင်းဖြင့် ငါးမွေးတောင်သူများအနေဖြင့် ကျန်းမာ သန့်ရှင်း‌သော ရေထွက်ကုန်ပစ္စည်းများကို တိုးချဲ့ထုတ်လုပ်နိုင်ရန် တိုက်တွန်းလိုက်ရပါသည်။

T.T.A.(မွေးသု)

ကျမ်းကိုးစာရင်း
1.2015 Guidelines on ASEAN Good Aquaculture Practices for Food fish. 
2.WHO-2016   Five keys to safer Aquaculture products protect public health.
3.2020 DoF and MYSAP National Good Aquaculture Practices Training Manual.