သဘာဝကပေး အစာနှင့်ဆေး ၊ မျောက်ဥပင်

မျောက်ဥပင်ကို ဝေဟင်အာလူး၊ နွယ်အာလူးပင်ဟုလည်း လူသိများကြပြီး ယင်း၏ အင်္ဂလိပ် အမည်မှာ air potato, air yam, bitter yam, cheeky yam, potato yam, aerial yam နှင့် parsnip yam ဟု ခေါ်ဆိုကြ၏။ ယင်း၏ သိပ္ပံအမည်မှာ Dioscorea bulbifera ဟု ခေါ်ဆိုကြပြီး မျိုးရင်း Dio-scoreaceae တွင်ပါဝင်၏။ မြောက်ဥပင်သည် အာဖရိက၊ အာရှနှင့် သြစတြေးလျ မြောက်ပိုင်းတို့မှ စတင်ဖြစ်ထွန်း၏။နောက်ပိုင်းတွင် မျောက် ဥပင်ကို လက်တင်အမေရိက၊ အနောက်အင်ဒိစ်နိုင်ငံများ၊ အမေရိကန်အရှေ့တောင်ပိုင်း ဒေသတို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြ၏။ မျောက်ဥပင်များသည် အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်ကျွန်း၊ တရုတ်နိုင်ငံတို့၏ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ၌ အနှံ့အပြား ပေါက်ရောက်တတ်၏။ မျောက်ဥပင်သည် တောစပ်၊ လမ်းဘေးများ အပါ အဝင် သဲနုံးပေါများသည့် နေရာများ တွင် ပေါက်ရောက်သည်ကို တွေ့ရှိရ၏။ မြန်မာနိုင်ငံတွင် မျောက်ဥပင်ကို ကချင်၊ ချင်း၊ ရှမ်း၊ မန္တလေး၊ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် တွေ့ရှိနိုင်၏။
မျောက်ဥပင်သည် အစာများကို မြေအောက်ထဲတွင်သာမက လေထဲတွင်လည်း သိုလှောင်တတ်သည့် အပင်မျိုး ဖြစ်ပြီး ယင်းတွင် (လေရှူဥ) Aerial Tubers (Bulbils) များနှင့် မြေအောက်ဥ Underground Tubers များရှိသည့် အတွက် ယင်းကို ဝေဟင်အာလူးပင်ဟုလည်း ခေါ် ဝေါ်ကြခြင်းဖြစ်၏။ လေရှူဥနှင့် မြေအောက်ဥတို့အပါအဝင် အရွက်နှင့် ပင်စည်များတွင် အယ်လ်ကာလွိုက်များနှင့် အခြားသော ဆေးဖက်ဝင်အာနိသင်များ ပါရှိ၏။

မျောက်ဥပင်တွင် ကျယ်ပြန့်ပြီး နှလုံးပုံသဏ္ဍာန်အရွက်များရှိသော နှစ်ရှည်နွယ်ပင်ကြီးမျိုး ဖြစ်၏။ အပင်သည် အမြွှာပင်စည်မျိုးဖြစ်ပြီး အရွက်ထောင့်များမှ ဝေဟင်အာလူးများ ဖြစ်ထွန်းလာပြီး မြေကြီးအောက် တွင် ဥများရှိ၏။ ဥများမှာ သေးငယ်ရှည်လျားပြီး အာလူးနှင့်ဆင်တူ၏။ မျောက်ဥပင်သည် တစ်နေ့လျှင် ပျမ်းမျှ ၈ လက်မခန့် အလွန်လျင်မြန်စွာ ကြီးထွားနိုင်ပြီး နောက်ဆုံးတွင် အရှည် ပေ ၆၀ကျော်အထိ ကြီးထွားဖွံ့ဖြိုးနိုင်၏။ မျောက်ဥပင်၏ ပင်စည်များသည် ဆောင်းရာသီတွင် ခြောက်သွေ့သွားသော်လည်း ဝေဟင်ဥများနှင့် မြေအောက်ဥများမှ မျိုးပွားနိုင်၏။
မျောက်ဥပင်သည် အာဟာရအရင်းအမြစ်ကြွယ်ဝသောအပင်မျိုးဖြစ်ပြီး အထူးသဖြင့် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့်အတူ သတ္တုဓာတ်များဖြစ်သည့် ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်၊ ဇင့်နှင့် ပိုတက်စီယမ်တို့ မြင့်မားစွာပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၏။ ထို့အပြင် မရှိမဖြစ်လိုအပ်သော ဗီတာမင် များဖြစ်သည့် ဗီတာမင် အေ၊ ဗီတာမင် ဘီအုပ်စုဖြစ်သည့် ဘီဝမ်းခေါ် သိုင်ယာမင်၊ ဘီတူးခေါ် ရီဘိုဖလာဗင်နှင့် ဘီသရီးခေါ် နိုင်ရာစင်နှင့် ဗီတာမင်စီတို့လည်း ပါဝင်၏။ ထို့မျှသာမက ကျန်းမာရေးအကျိုးပြုဂုဏ်သတ္တိများ ရှိပြီး ဓာတ်တိုးဆန့်ကျင်ခြင်း အရင်း အမြစ်များ ဖြစ်သည့် ဖလေဗာနွိုက်၊ အယ်လ်ကာလွိုက်၊ ဆာပိုနင်နှင့် တန်နင်အပါအဝင် အခြားသောဒြပ်ပေါင်းများစွာ ပါဝင်၏။
အာယုဗေဒဆေးပညာရပ်အရ မျောက်ဥပင်တွင် ကိုယ်လက်ရောင် ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ဘက်တီးရီးယားပိုးများနှင့် ကပ်ပါးကောင်များကို တိုက်ဖျက်နိုင်စွမ်းနှင့် ဓာတ်တိုးခြင်းကိုဆန့်ကျင်နိုင်စွမ်း ဂုဏ်သတ္တိများရှိ သည့်အပြင် ဆီးချိုရောဂါ၊ အရေပြားရောဂါများနှင့် အရေပြားပေါ်တွင်ဖြစ်ပွားတတ်သော အနာများအတွက် ကုသခြင်း၊ ဝမ်းကိုက်ခြင်းနှင့် အဆိပ်သင့်ခြင်းတို့အတွက် ဆေးအဖြစ်အသုံးပြုကြ ၏။ ထို့အပြင် အစာခြေလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဥ်များကောင်းမွန်စေခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အဆိပ်အ တောက်များကို ဖယ်ရှား ရန်အတွက် အသုံးပြု၏။ ချောင်းဆိုးခြင်း၊ အအေး မိခြင်းနှင့် လည်ချောင်းနာခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ဆေးအဖြစ် အသုံးပြုကြ၏။ ကင်ဆာဆဲလ်များ ကွဲပွားခြင်းကို ဟန့်တားနိုင်စွမ်းကြောင့် ကင်ဆာရောဂါအတွက် ဆေးအဖြစ် အသုံးပြုကြ၏။
မျောက်ဥပင်တွင် ဖလေဗာနွိုက်နှင့်အတူ အခြားသော ဖီနိုလစ်ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် အတွင်း ဖရီးရယ်ဒီကယ်များကြောင့် ဖြစ်ပေါ်လာသော ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။
မျောက်ဥပင်တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အစာ အိမ်နှင့်အူလမ်းကြောင်းလုပ်ငန်းစဥ်ဖြစ်သည့် အစာခြေခြင်းကို အထောက် အကူပြုပြီး ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်စွမ်းရှိ၏။
မျောက်ဥပင်တွင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့် အစရှိသော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းရှိ၏။
မျောက်ဥပင်တွင် ကစီဓာတ်ပါဝင်ခြင်းကြောင့်ကိုယ်ခံစွမ်းအားကောင်း မွန်စေရန် ပံ့ပိုးပေးနိုင်သည့်အပြင် သွေးအတွင်း ဂလူးကို့စ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်း ရှိ၏။
မျောက်ဥပင်တွင်ပါဝင်သည့် Diosgenin သည် အသည်းရောင် အသားဝါဆဲလ်များ၏ လုပ်ဆောင်မှုကိုဟန့်တားနိုင်စွမ်းကြောင့် အသည်း အဆီဖုံးခြင်းကို တားဆီးပေးနိုင်၏။
မျောက်ဥပင်တွင် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်သော ဒြပ်ပေါင်းများပါဝင်ပြီး နှလုံးကျန်းမာ ရေးကို အထောက်အကူပြု၏။
မျောက်ဥကို အလွယ်တကူဝယ်ယူရရှိနိုင်၏။ အိမ်ခြံဝင်းထဲ စိုက်ထားလျှင်လည်း ဥများကို တူးဖော်ပြီး အေး၍ခြောက်သွေ့သော နေရာတွင် သိုလှောင်ထားနိုင်၏။ အပင်သက်တမ်းရင့်သလောက် ဥများ၏ စေးပိုင်မှု၊ အရသာရှိမှုလည်း မတူညီကြပေ။ ဝေဟင်အာလူးကိုမူ အပင်နွမ်းခြောက်သွားချိန်မတိုင်မီ ခူးဆွတ် သိုလှောင် သိမ်းဆည်းထားနိုင်၏။ မျောက်ဥကို ဟင်းလျာအတွက် ပြင်ဆင်သည့်အခါ အပြင်ဘက်ရှိ အခွံများကို အသေအချာ ဖယ်ရှား၊ သန့်စင်အောင် ဆေးကြောပြီးနောက် နှစ်သက်သည့်အရွယ်လှီးဖြတ်ကာ နနွင်းမှုန့်ထည့်ထားသော ရေထဲတွင် စိမ်ထားသင့်၏။
မျောက်ဥ (ဝေဟင်အာလူး) ကို ကန်စွန်းဥကဲ့သို့ ပြုတ်ပြီး အခွံနွှာပြီးလျှင် နှမ်းဆီ/ပဲဆီထဲ ဆားထည့်ကာ တို့စားကြ၏။
အညာဒေသတွင် ဆောင်းရာသီကာလ မီးလှုံရင်း ဝေဟင်အာလူးကို မီးပုံထဲထည့်ပြီး မီးဖုတ်ကာ စားတတ် ကြ၏။
မျောက်ဥကို နှစ်သက်ရာ ကြက် သား/ဝက်သားတို့နှင့် ရောပြီး ဆီပြန် ဟင်းချက်စားနိုင်၏။
မျောက်ဥကို ငါး/ပုစွန်တို့နှင့် ချဥ်စပ်ဟင်းလျာလေး ချက်စားနိုင်၏၊ ဟင်းအိုးချခါနီး ပင်စိမ်းရွက်၊ ရှမ်းနံနံလေးအုပ်လိုက်လျှင် အနံ့အရသာပြည့်စုံလှသော ဟင်းလျာတစ်ပွဲဖြစ်စေ၏။
ပုစွန်အစို/ပုစွန်ခြောက်/ ငါးမီးအုံး/ ငါးကျည်းကြပ်တိုက်တို့ကို ကြက် သွန်ဖြူ၊ ငရုတ်ကောင်း မညက်တညက် ထောင်းနှင့်အတူ ငါးပိစိမ်းစားခပ်ကာ ဟင်းရည်ကျအောင် တည်ပါ။ ပြီးလျှင် မထူ မပါးလှီးထားသော မျောက်ဥကို ခပ်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဟင်းအိုးဆူလျှင် ပင်စိမ်းရွက်များများ အုပ်ပါ။ အပေါ့အငံအရသာညှိပြီးလျှင် ပင်စိမ်းနံ့သင်းသော အနည်းငယ်ချွဲသော မျောက်ဥဟင်းချိုရည်လေး ရရှိနိုင် ၏။ ငါးပိထောင်းစပ်စပ် ရှောက်ရည်ညှစ်/ ငါးချဥ်/ပုစွန်ချဥ်သုပ်/ ရှောက်သီး သုပ်တို့နှင့် လိုက်ဖက်ညီလှပေ၏။
မျောက်ဥကို ခြစ်ပြီး အုန်းနို့၊ ဆား၊ သကြားတို့နှင့် ရောကာ ရေနွေးငွေ့နှင့်ပေါင်းပြီး ခြစ်ထားသောအုန်းသီး ဖတ်များ၊ နှမ်းလှော်လေးများနှင့် ရောကာ မျောက်ဥပေါင်းလည်း လုပ်စားနိုင်သကဲ့သို့ အခြားသော အချိုပွဲများလည်း ပြုလုပ် စားသုံးနိုင်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် မျောက် ဥပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသ အလိုက် မတူညီကွဲပြားသည့် ချက် ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်