စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၅)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၅)

UC Davis

(ယခင်အပတ်မှအဆက်)

ဘွဲ့လွန်သင်တန်းကျောင်း (Graduate School)

မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအတွက် နောင်လိုအပ်သောဌာနကြီး တစ်ခုမှာ ဘွဲ့လွန် သင်တန်းကျောင်း (Graduate School) ဖြစ်ပါသည်။

ကမ္ဘာ့တက္ကသိုလ်များတွင် ဘွဲ့လွန်ကျောင်းများ၏ အခန်းကဏ္ဍနှင့် အရေးပါပုံ

ဘွဲ့လွန်ကျောင်းများသည် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်နယ်ပယ်တွင် အဓိကကျ သော အဖွဲ့အစည်းများဖြစ်ပြီး အထူးပြုဗဟုသုတများ၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုများနှင့် ဆန်းသစ်တီထွင်မှုများအတွက် အဆင့်မြင့်ဌာနများအဖြစ် ဆောင်ရွက်ပါသည်။ 

ဘွဲ့ကြိုအစီအစဉ်(Undergraduate Programs) များသည် ကျယ်ပြန့်သောအခြေခံ ပညာကိုပေးစွမ်းသော်လည်း၊ ဘွဲ့လွန်ပညာရပ် (Graduate/Post-Graduate Programs) များသည်နက်ရှိုင်းပြီး အာရုံစိုက်လေ့လာမှုများကိုပေးစွမ်းကာ မဟာဘွဲ့သို့မဟုတ်ပါရဂူဘွဲ့ များဖြင့် အဆုံးသတ်ပါသည်။ ဘွဲ့လွန်သင်တန်းကျောင်းများသည် တက္ကသိုလ်များအတွင်း Master’s (မဟာဘွဲ့) နှင့် Doctoral (PhD) ပါရဂူဘွဲ့ပေးသည့် အဆင့်မြင့်တန်း သင်ကြားရေးဌာနများဖြစ်သည်။ ၎င်းတို့သည်—

(က) သိပ္ပံပညာရှင်များ၊ သုတေသနပညာရှင်များ၊ ခေါင်းဆောင်ကောင်းများကို မွေးထုတ် ပြီး နိုင်ငံများဖွံ့ဖြိုးတိုးတက်စေပါသည်။
(ခ) နည်းပညာနှင့် သုတေသနအသစ်များဖန်တီးရာတွင် ဦးဆောင်နိုင်ပါသည်။
(ဂ) နိုင်ငံအတွင်းနဲ့ နိုင်ငံတကာအတွက် ပညာရေး၊ မူဝါဒ၊ စီးပွားရေးကဏ္ဍအထိ သက်ရောက်မှုရှိပါသည်။
(ဃ) နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော စိုက်ပျိုး၊ မွေးမြူရေးပြဿနာများကို ဘွဲ့လွန် သုတေသနများမှ ဖြေရှင်းပေးနိုင်ပြီး နိုင်ငံတော် အနာဂတ်အတွက် လိုအပ်နေသော စိုက်ပျိုးမွေးမြူရေးပညာရှင် များစွာကို မွေးထုတ်ပေးနိုင်ပါသည်။

ဤအစီအစဉ်/ပရိုဂရမ်များသည် အလွန်ကျွမ်းကျင်သောပညာရှင်များကို မွေးထုတ် ရန်၊ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်း ရန် အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းအဖွဲ့အစည်းများသည် တင်း ကျပ်သော ပညာရေးစံနှုန်းများ၊ ထူးချွန်သော ပါမောက္ခများ၏ လမ်းညွှန်မှုနှင့် မူရင်း သုတေသနပြုမှုနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးမှုတို့ကို အလေးထားကြပါသည်။

ဘွဲ့ကြို/ဘွဲ့လွန်ပညာရပ်အစီအစဉ်များ (Under- graduate/ Graduate Programs)

ဘွဲ့ကြိုအစီအစဉ်/ ပရိုဂရမ်များသည် ကျောင်းသားများကို ဘာသာရပ်မျိုးစုံကို မိတ်ဆက်ပေးလေ့ရှိပြီး အဓိကဘာသာရပ်တစ်ခုကိုအထူးပြုသည့်တိုင် လေးနှစ်/ငါးနှစ် ခန့်ကြာသော စနစ်တကျလေ့လာမှုဖြင့် ဘွဲ့တစ်ခုရရှိစေပါသည်။ဘွဲ့ကြိုကျောင်းသားများ၏ပျမ်းမျှအသက်မှာ အများ အားဖြင့် ၁၈နှစ်မှ ၂၄နှစ်ကြားဖြစ်ပြီး ဘွဲ့လွန်ကျောင်းသား /သူများ ၏ပျမ်းမျှအသက်မှာ ၂၄ နှစ်မှ ၄၀နှစ်အကြား ဖြစ်နိုင်ပြီး အတွေးအခေါ် ပိုမို ရင့်ကျက်လာနိုင်၍ အကျိုးပြုသုတေသနများစွာ ပြုလုပ်နိုင်စွမ်းရှိပါသည်။ ဤအဆင့်ရှိ သင်ရိုးညွှန်းတမ်းသည် ဘာသာရပ်တစ်ခုအတွင်း ကျယ်ပြန့်သော အကြောင်း အရာများကို လွှမ်းခြုံထားပြီး ဘာသာရပ်၏ ပြည့်စုံသော ခြုံငုံသုံးသပ်ချက်ကိုပေးရန် ရည်ရွယ်ပါသည်။ 

ပုံမှန်အားဖြင့်၊ ဘွဲ့လွန်အစီအစဉ်/ပရိုဂရမ်များသည် အလွန်အထူးပြုသော ဗဟုသုတနှင့် ဘာသာရပ်တစ်ခုတည်းကို အာရုံစိုက်လေ့လာခြင်းတို့ ပါဝင်သည်။ ဤအစီအစဉ် များရှိ ကျောင်းသားများသည် မူရင်းအတွေးအခေါ်များကို ပံ့ပိုးရန်၊ လွတ်လပ်သော သုတေသနပြုရန်နှင့် ၎င်းတို့၏ နယ်ပယ်တွင် မြင့်မားသော ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ကျွမ်းကျင်မှုအဆင့်ကို ပြသရန် မျှော်မှန်းထားသည်။ အချိန်ပေးရမှုမှာ သိသိသာသာ ပိုများပြီး မဟာဘွဲ့များသည် ပုံမှန်အားဖြင့် တစ်နှစ်မှ နှစ်နှစ်ကြာမြင့်ပြီး ပါရဂူ (Ph.D.) ပရိုဂရမ်များသည် ကျယ်ပြန့်သော သုတေသနပြုမှုနှင့် ကျမ်းပြုစုခြင်းအပါအဝင် လေးနှစ် မှ ခြောက်နှစ် သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်လေ့ရှိသည်။ ဘွဲ့လွန်ကျောင်းသားများ၏ လူဦးရေစာရင်းမှာလည်း လူအမျိုးမျိုးပိုမိုကွဲပြားပြီး (Diverse people, ages, different disciplines, etc.) ယခင်လုပ်ငန်းအတွေ့အကြုံရှိသော သက်ကြီးရွယ်အိုများလည်း ပါဝင် လေ့ရှိသည်။ စင်္ကာပူ အစရှိသော တစ်ချို့ နိုင်ငံများတွင် ဘွဲ့လွန် ကျောင်းသား/သူများ ၏ အသက်သည် ၇၀နှစ်လောက်အထိတောင် ရှိနိုင်ပြီး ရာသက်ပန်သင်ယူမှုစနစ် (Lifelong Learning System) ကို ကောင်းမွန်စွာ အသုံးချနေပါသည်။

ဘွဲ့လွန်ပညာရေး၏ ဖြစ်စဉ်သည် အဆင့်မြင့်ဘွဲ့များ၏ ပိုမိုပညာရှင်ဆန်လာမှုကို ထင်ဟပ်စေသည်။ သမိုင်းကြောင်းအရ၊ ပါရဂူဘွဲ့သည် ကောလိပ်ဆရာနှင့် သုတေသီများ အတွက် အဓိကပြင်ဆင်ပေးခဲ့သည်။ သို့သော် ခေတ်မီဘွဲ့လွန်အစီအစဉ်များ၊ အထူးသဖြင့် ပညာရှင် မဟာဘွဲ့ (Professional Master) ဘွဲ့များသည် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ စီးပွားရေး သို့မဟုတ် အင်ဂျင်နီယာ ဘာသာရပ်များကဲ့သို့သော ပညာရပ်နယ်ပယ်များတွင် တိုက်ရိုက် အသုံးချရန်အတွက် သီးခြားကျွမ်းကျင်မှုများဖြင့် ကျောင်းသားများကို ပြင်ဆင် ပေးရန် ဒီဇိုင်းပုံစံထုတ်ထားပြီး မကြာခဏဆိုသလို အလုပ်သင် (သို့မဟုတ်) ကွင်းဆင်း လေ့လာမှု သုတေသနများ ပါဝင်သည်။ အလားတူပင်၊ ပါရဂူဘွဲ့ရများသည် ယခုအခါ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သော ကော်ပိုရေးရှင်းများတွင် သို့မဟုတ် အဆင့်မြင့်ဒေတာခွဲခြမ်းစိတ်ဖြာမှုကျွမ်းကျင်မှုများ လိုအပ်သော အစိုးရအေဂျင်စီများတွင် အလုပ်အကိုင်ရွေးချယ်စရာများစွာကို လိုက်စားကြသည်။ အဆင့်မြင့်ဘွဲ့ရများအတွက် အလုပ်အကိုင်လမ်းကြောင်းများ တိုးချဲ့လာခြင်းသည် ဘွဲ့လွန်ပညာရေး၏ ရည်ရွယ်ချက် နှင့် အသုံးဝင်မှုတွင် အခြေခံကျသော အပြောင်းအလဲကို ဖော်ပြသည်။ ၎င်းသည် ဘွဲ့လွန် ကျောင်းများသည် ကဏ္ဍအသီးသီးရှိ အလွန်အထူးပြုပြီး လက်တွေ့ကျသော ကျွမ်းကျင်မှု များအတွက် စျေးကွက်လိုအပ်ချက်များကို ပိုမိုတုံ့ပြန်လာပြီး ပညာရေးသက်သက်မှ ကျော် လွန်၍ ပိုမိုကျယ်ပြန့်သော စီးပွားရေးတွင် ပညာရှင်ခေါင်းဆောင်မှုနှင့် ဆန်းသစ်တီထွင်မှု အတွက် အရေးပါသော လေ့ကျင့်ရေးကွင်းများအဖြစ် ဆောင်ရွက်နေကြောင်း ဖော်ပြ သည်။

ဘွဲ့လွန်သင်တန်းကျောင်းပါဝင်သောကမ္ဘာ့နာမည်ကြီးစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ 
(က) ကော်နယ်တက္ကသိုလ် (Cornell University) 

အမေရိကန်ဘွဲ့လွန် သင်တန်းများ (Graduate Programs): စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိသိပ္ပံ ကောလိပ် (College of Agriculture and Life Sciences) တွင် ဘွဲ့လွန်သင်တန်း ၄ ခု ဖွင့်လှစ်ထားပါသည်။ အထူးပြုနယ်ပယ်များ: အသားသိပ္ပံ (Meat Science)၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture)၊ တိရစ္ဆာန်ဗီဇဗေဒ (Animal Genetics) တို့ဖြစ်ပါသည်၊

(ခ) ကွင်းစလန်တက္ကသိုလ် (University of Queensland) 

ဩစတေးလျကွင်းစလန်စိုက်ပျိုးရေးနှင့် အစားအစာတီထွင်ထုတ်လုပ်ရေး ဘွဲ့လွန်သင်တန်း Queensland Alliance for Agriculture and Food Innovation (QAAFI) ဌာနမှ ဦးဆောင်နေပါသည်။ သုတေသနအဓိကထားသောခေါင်းစဉ်များမှာ: အပူပိုင်းဒေသ မွေးမြူရေးစနစ် (Tropical Animal Production)၊ အစားအစာဘေးကင်းလုံခြုံရေး (Food Security and Safety) တို့ ဖြစ်ပါသည်။

(ဂ) ဗာဂန်းနင်းဂန်တက္ကသိုလ် (Wageningen University) နယ်သာလန် 

ဤတက္ကသိုလ်၏ထူးခြားချက်မှာ ကမ္ဘာ့အဆင့် ၁ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (QS Ranking) ဖြစ်ပါသည်။ ဦးစားပေးဘွဲ့လွန်သင်တန်းများမှာ: ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး (Sustainable Agriculture)၊ အစားအစာစနစ်များ (Food Production Systems) တို့ဖြစ်ပါသည်။

(ဃ) ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Davis) 

အမေရိကန်ဘွဲ့လွန်သင်တန်းများမှာ - စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်သိပ္ပံ (Agricultural and Environmental Science)၊ တိရစ္ဆာန်သိပ္ပံ (Animal Science) တိုဖြစ်ပြီး ပူးပေါင်း သုတေသနများမှ ဥပမာ - ဖူဂျီပန်းသီး (Fuji Apple) ကဲ့သို့ သီးနှံမျိုးသစ်များ ဖွံ့ဖြိုး ရေး ဆောင်ရွက်နိုင်ပါသည်။

(င) ဖိလစ်ပိုင်တက္ကသိုလ်၊ လော့စ်ဘားညို့ (UPLB) ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံ၊ လော့စ်ဘာနော့စ်ရှိ ဖိလစ်ပိုင်တက္ကသိုလ် (UPLB) ဘွဲ့လွန်သင်တန်း ကျောင်းသည် ဖိလစ်ပိုင်နှင့်အရှေ့တောင်အာရှ နိုင်ငံများရှိ အဆင့်မြင့်ပညာရေးနှင့် သုတေသနအတွက် ထင်ရှားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အထူးပြုလေ့လာမှုများမှ ဘက်စုံပညာရပ်ဆိုင်ရာ ကျယ်ပြန့်သော ပညာရေး အင်အားစုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည့် ၎င်း၏ခရီးသည် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ၎င်း၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုးပြနေသည်။ ဘွဲ့လွန် ကျောင်းသည် ကျယ်ပြန့်သော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အစီအစဉ်များကို ကျွမ်းကျင် သော ပါမောက္ခများက စီမံခန့်ခွဲပြီး၊ လက်လှမ်းမီမှုနှင့် သက်ဆိုင်ရာအကြောင်းအရာ များ ကိုသေချာစေရန် ဆန်းသစ်သောနည်းလမ်းများကို အသုံးပြုထားသည်။ နိုင်ငံအဆင့်/ အမျိုးသားအဆင့် အသိအမှတ်ပြုခံရသော သုတေသနဌာနကြီးများဖြင့် ကျောထောက် နောက်ခံပြုထားသည့် ၎င်း၏ ခိုင်မာသော သုတေသနစနစ်သည် သိသာထင်ရှားသော လူမှုရေးအကျိုးကျေးဇူးများဖြင့် တိုးတက်မှုများကို အဆက်မပြတ် ဖန်တီးပေးလျက် ရှိသည်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာအဆင့်မီအောင် လုပ်ဆောင်ခြင်းဖြင့် ဤ UPLB ဘွဲ့လွန် သင်တန်းကျောင်းသည် ပညာရှင်အဆင့်  ခေါင်း ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ပေးရုံသာမက စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍများတွင် အထူးသဖြင့် ဘက်စုံပါဝင်သော ကြီးထွားမှုနှင့် ပြောင်းလဲမှုအတွက် အရေးပါသော ဌာနကြီးတစ်ခု အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။

စာရေးသူ၏အတွေးတစ်စ

ဘွဲ့လွန်သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ရန်က တက္ကသိုလ်များတွင် ဘွဲ့လွန် ကျောင်းသား/သူ များစွာရှိရပါမည်။ ဘွဲ့လွန် သုတေသနများကို ကြီးကြပ်၊ လမ်းညွန် (Supervision) ပေးရန် အရည်အချင်း ပြည့်မီသော ပညာရှင် (Qualified Academicians/ Experts/Scientists/Professionals) များစွာလည်း လိုအပ်နေပါသေးသည်။

(မှတ်ချက် - ၂၀၂၄-၂၅ ပညာသင်နှစ်၌ အမေရိကန်နိုင်ငံ၊ ကော်နယ်တက္ကသိုလ်တွင် ဘွဲ့လွန်ကျောင်းသား/သူပေါင်း ၁၀၆၆၅ ဦး၊ နယ်သာလန်နိုင်ငံ၊ ဗာဂန်နီကန် တက္ကသိုလ် တွင် မဟာသိပ္ပံ  ၇၁၆၄ဦး၊ ပါရဂူဘွဲ့  ၂၄၆၃ဦး ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင် တက္ကသိုလ်၊ လော့စ်ဘာညို့ တွင် ဘွဲ့လွန်ကျောင်းသား/သူပေါင်း ၂၄၉၄ ဦး (၂၀၁၉ ခုနှစ်) တွင်ရှိနေ ခြင်းနှင့် မြန်မာနိုင်ငံ စိုက်ပျိုး၊ မွေးမြူ၊ သစ်တော တက္ကသိုလ်များ တွင် ဘွဲ့လွန်ကျောင်း သား/သူ ရာဂဏန်းမျှသာရှိနေခြင်းက နှိုင်းယှဉ်ရလျှင် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါသည်။ ၁၉၆၄-ခုနှစ် မတိုင်မီက စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture) ရှိသော မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များသည် ဘာသာရပ်စုံသင်တက္ကသိုလ် (Comprehensive University) ဖြစ်ပြီး ၁၉၆၄ ခုနှစ်နောက်ပိုင်း ဘာသာရပ်တစ်ခုချင်း စီသင်သော၊ တစ်နည်း စုစုပေါင်း ကျောင်းသား/သူဦးရေ ၁၀၀၀-၂၀၀၀ ခန့်သာရှိသော တက္ကသိုလ်သေးသေးလေးတွေဖြစ်ကုန်ပါသည်။အနာဂတ်တက္ကသိုလ်များကကျောင်းသား/ကျောင်း သူဦးရေ ၂၀၀၀၀ မှ ၅၀၀၀၀ (နှစ်သောင်းမှငါးသောင်းကျော်)၊ဘွဲ့လွန်ကျောင်းသား /သူဦးရေ ထောင်ဂဏန်းကျော် နိုင်ငံတကာ အဆင့်မီစိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များပုံစံဘဝ ပြန်ရောက်ရန် ကြိုးစားရပါဦးမည်)။

‘တစ်နေ့တစ်လံ၊ ပုဂံဘယ်ပြေးမလဲ’                     

ဒေါက်တာမျိုးကြွယ်