တိုးတက်မွေးမြူတွန်းအားပေး၊ တိုင်းရင်းကြက်မွေးမြူရေး

တိုးတက်မွေးမြူတွန်းအားပေး၊ တိုင်းရင်းကြက်မွေးမြူရေး

ကြက်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အလွန်ပင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးဟုဆိုရာတွင် သီးနှံစိုက်ပျိုးရေး၊ သားငါးမွေးမြူရေး၊ သီးနှံသစ်တောရောနှော စိုက်ပျိုး ရေး စသည့်ကဏ္ဍများ ပါဝင်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ၂၀၂၃-၂၀၂၄ ခုနှစ် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တွင် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်နေရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံလုပ်ကိုင်လျှက်ရှိသော ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတို့၏ အခန်းကဏ္ဍသည် အလွန်ပင် အရေး ကြီးလှကြောင်း အထင်အရှားပင်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်    လျက်ရှိသော စီးပွားရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုး အမြတ်ရရှိမှုသည်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါလှပါသည်။

မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် အဓိကမွေးမြူကြသော တိရစ္ဆာန် များမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်၊ ငုံး စသည်တို့ဖြစ်ပါသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်းရှိ အိမ်ထောင်စုအားလုံး၏ ၄၈ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စု ၄ သန်း ခန့်သည် ဒေသအလိုက် မြန်မာ့တိုင်းရင်းကြက်များ မွေးမြူထားရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ ကြက်ကောင်ရေစုစုပေါင်း သန်း ၈၀ ကျော် မွေးမြူထားရှိရာ မြန်မာ့တိုင်းရင်းကြက် ကောင်ရေမှာ ၄၁ သန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းကြက်ကောင်ရေ၏ ၅၁ ရာခိုင်နှုန်းကျော်မွေးမြူလုပ်ကိုင်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ကောင်ရေအရ သော်လည်းကောင်း၊ ရာခိုင်နှုန်းအားဖြင့်သော်လည်းကောင်း မြင့်မားစွာမွေးမြူနေသော မြန်မာ့တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသနေ တောင်သူလယ် သမား အိမ်ထောင်စုများ၏ တစ်ပိုင်တစ်နိုင် သို့မဟုတ် မိရိုးဖလာ လုပ်ငန်းတစ်ခုအနေဖြင့်သာ မွေးမြူလုပ်ကိုင်နေကြကြောင်းလည်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာ့တိုင်းရင်းကြက် များကို တစ်ပိုင်တစ်နိုင်မွေးမြူရေးမှသည် စီးပွားဖြစ်မွေးမြူ ရေးအဖြစ် တိုးတက်မွေးမြူသင့်ပါကြောင်း သုတေသနအခြေခံသော အချက်အလက်၊ သတင်းစကားများဖြင့် တင်ပြလိုက်ပါသည်။

ပထမဦးစွာ မြန်မာ့တိုင်းရင်းကြက်ဆိုသည်မှာ မြန်မာနိုင်ငံတစ်ဝှမ်းဒေသအသီးသီး၏ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့် သဟဇာတဖြစ်‌သော၊ ယဉ်ပါး ပြီးဖြစ်သော မိဘဘိုးဘွားအစဉ်အ ဆက် မွေးမြူလာခဲ့သည့် ဒေသကြက် (ခေါ်) မြန်မာ့ တိုင်းရင်းကြက်များဟု ခေါ်ဆိုပါသည်။ ပုံတွင် ဖော်ပြထားသည့်အတိုင်း ထင်ရှားသော မြန်မာ့တိုင်းရင်းကြက်အချို့မှာ (၁)လည်ပြောင်ကြက်၊ (၂)အင်ပင်ဝကြက်၊ (၃)စစ်တကောင်းကြက် နှင့် (၄)မြန်မာတိုက်ကြက်တို့ဖြစ်ကြပါသည်။ အဆိုပါ မြန်မာ့တိုင်းရင်းကြက်တို့၏ အားသာချက်များမှာ ပြင်းထန်သော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်တို့ကို ခံနိုင်ရည်ရှိခြင်း၊ မိမိဘာသာ အစာရှာဖွေစားသောက်နိုင်ခြင်း၊ မိခင်ကြက်မကြီးမှ ကိုယ်တိုင်ဝပ်၍ သား ပေါက်စေနိုင်ခြင်း၊ ကြက်ငယ်များကို အရွယ်ရောက်သည့်တိုင် မိခင်ကြက် မကြီးမှ အစာရှာဖွေကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း စသည်တို့ဖြစ်ပါသည်။

တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုကာလအတွင်း ရင်းနှီး ငွေ၊ အမြတ်ငွေတို့ပြန်လည်ရရှိနိုင်ခြင်း၊ မိမိလယ်ယာထွက်ကုန်ဘေးထွက် ပစ္စည်းများကို ကြက်စာအဖြစ် ကျွေးမွေးနိုင်ခြင်း၊ ကြက်ခြံမှထွက်ရှိသော ကြက်ချေးများကို မိမိလယ် ယာ စိုက်ခင်းများအတွက် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ မိမိကိုယ်တိုင် နေအိမ်၌ပင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးလုပ်ကိုင်နိုင်ခြင်း၊ တိုင်းရင်းကြက်သား နှင့် ကြက်ဥများသည် မွေးမြူရေးကြက်သားနှင့် ကြက်ဥတို့ထက် လူကြိုက်များပြီး ထုတ်ကုန် တန်ဖိုးပိုမိုမြင့်မားသည့်အတွက် အပိုဝင်ငွေကောင်းများ ရရှိစေနိုင်ခြင်းတို့ကြောင့် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားသည်ဟုဆိုရပေမည်။

မြန်မာ့တိုင်းရင်းကြက်များကို စီးပွားဖြစ်မွေးမြူမည်ဆိုပါက ကြက်များညအိပ်ရန်၊ လေဒဏ်မိုးဒဏ်တို့မှကာကွယ်ပေးရန်၊ ကြက်ဥကျင်းများ ထားရှိပေးရန်စသည့် အချက်တို့ အတွက် ကြက်ခြံဆောက်လုပ်မွေး မြူရန် လိုအပ်ပါသည်။ ထိုသို့ ခြံဆောက်လုပ် မွေးမြူခြင်းဖြင့် မြွေ၊ ကြွက်၊ ကြောင်၊ ခွေးနှင့် အခြားသားရဲငှက်များ၏ ဘေးရန်မှ ကာကွယ် နိုင်ခြင်း၊ အစာလွယ်တကူကျွေး မွေးပြုစုနိုင်ခြင်း၊ ကာကွယ်ဆေး ထိရောက်စွာ ပေးနိုင်ခြင်း၊ ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်ခြင်းတို့အပြင် စိုက်ပျိုးရေးလုပ်ငန်းနှင့်လည်း သဟဇာတဖြစ်အောင် တွဲဖက်ဆောင် ရွက်နိုင်ခြင်းတို့ကြောင့် အကျိုးအ မြတ် များစွာ ရရှိစေသော မွေးမြူမှုနည်းစနစ်ဖြစ်ပါသည်။ 

မြန်မာ့တိုင်းရင်းကြက်မွေးမြူသော လုပ်ငန်းများသည် အများအားဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းများဖြစ်ပြီး အကျိုးအမြတ်ကို စနစ် တကျ လေ့လာခြင်းများ အားနည်း ပါသည်။ ထို့ပြင် စီးပွားဖြစ်မွေးမြူသောလုပ်ငန်းများကို ရင်းနှီးမြှပ်နှံမှု ပိုမို ဆောင်ရွက်စေရန်အတွက် စီးပွား ရေးတွက်ချေကိုက်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို  စနစ်တကျလေ့လာ ဆောင်ရွက်မှုများသည်လည်း လိုအပ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၃ ခုနှစ်၊ မေတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ မြန်မာ့တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်း ၁၀၅ ခုကို စစ်တမ်းကောက်ယူ၍ မွေးမြူထားသော ကြက်ကောင်ရေအလိုက် အုပ်စု ၃ စုခွဲပြီး အကျိုးအမြတ်ပြန်ရချက်များကို နှိုင်းယှဉ်လေ့လာသော  ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာန၊ ပါရဂူဘွဲ့ သုတေသနအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

နမူနာ မြန်မာ့တိုင်းရင်းကြက်မွေးမြူသူတောင်သူ ၆၅ ရာခိုင်နှုန်းကျော်သည် အသက် ၄၀ မှ ၆၀ ကြားဖြစ်ကြပြီး၊ တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း အတွေ့အကြုံ ပျမ်းမျှ ၁၁ နှစ်ခန့် ရှိပါသည်။ ဇယားတွင် ဖော်ပြထားသည့်အတိုင်း မွေးမြူထားရှိသော ကြက်ကောင်ရေအနည်းအများ အလိုက် အုပ်စု ၃ စု ခွဲ၍ လေ့လာခဲ့ရာ  ကြက်ကောင်ရေ အများဆုံးမွေးမြူသောလုပ်ငန်းများသည် ကြက်တစ်သုတ်တွင် ငွေတစ်သိန်း ရင်းနှီးမြှပ်နှံပါက ၈၁,၀၀၀ ကျပ် အကျိုးအမြတ် ရရှိသည်ကိုတွေ့ရှိရပြီး (ကုန်ကျစရိတ်နှင့် ပြန်ရချက်အချိုး=၁ ဒသမ ၈၁)၊ ကြက်ကောင်ရေ အလယ်အလတ် မွေးမြူသောလုပ်ငန်းများတွင် ငွေတစ်သိန်းရင်းနှီး မြှပ်နှံပါက ၆၀,၀၀၀ ကျပ် အကျိုးအ မြတ်ရရှိပြီး (ကုန်ကျစရိတ်နှင့် ပြန်ရချက်အချိုး=၁ ဒသမ ၆၀)၊ ကြက်ကောင်ရေ အနည်းဆုံးမွေးမြူသော မွေးမြူရေးလုပ်ငန်းတွင်မူ ငွေတစ်သိန်းရင်းနှီးမြှပ်နှံပါက အမြတ်ငွေ ၃၉၀၀၀ ကျပ်သာ (ကုန်ကျစရိတ်နှင့် ပြန်ရချက်အချိုး=၁ ဒသမ ၃၉) ရရှိပါသည်။ 

သုတေသနတွေ့ရှိချက်အရ ကြက်ကောင်ရေ နည်းသော မွေးမြူရေးလုပ်ငန်းများထက် ကြက်ကောင်ရေအများဆုံးမွေးမြူနေသော လုပ်ငန်းများသည် အကျိုးအမြတ်အများဆုံး ရရှိပြီး စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်ပါသည်။ ကြက်ကောင်ရေများသော လုပ်ငန်းများသည် ကြက်တစ်ကောင်ခြင်း၏ မွေးမြူသော ပျမ်းမျှကုန်ကျစရိတ်ကို ကျစေပြီး မွေးမြူသောကြက်ကောင်ရေနည်းပါက ပျမ်းမျှကုန်ကျစရိတ်ကို တက်စေနိုင်သောကြောင့် စီးပွားရေးတွက်ခြေကိုက် စေရန် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူခြင်းသို့ ပြောင်းလဲစေရန် ပံ့ပိုးမှုများ လိုအပ်လျှက်ရှိပါသည်။ မြန်မာ့တိုင်းရင်းကြက် မွေး မြူမည် ဆိုပါက မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူပါက အကောင်းဆုံးဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းတွင် ကြက်စာအတွက် ကုန်ကျစရိတ်သည် စုစုပေါင်းကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့်ရှိရာ လယ်ယာထွက်ကုန် ဘေးထွက် ပစ္စည်းများအား ကြက်စာအဖြစ်အကျိုးရှိစွာ ပေါင်းစပ်ကျွေး မွေးခြင်းဖြင့် အစာကုန်ကျစရိတ်များ လျှော့ချနိုင်ပြီး အကျိုးအမြတ်ပိုမိုရရှိစေနိုင်ပါသည်။ 

နိဂုံးချုပ်ဆိုရသော် မြန်မာ့တိုင်းရင်းကြက်မွေးမြူသူတောင်သူများ အနေဖြင့် မြန်မာ့တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်းသည် ဈေးကွက်သေချာပြီး ဝယ်လိုအား အခိုင်အမာရှိခြင်း၊ မိမိနေအိမ်၌ပင် မိသားစုဝင်ငွေ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်း၊ ကြက်ကောင်ရေ တိုးတက်မွေးမြူခြင်းသည် အကျိုးအမြတ်ပိုမိုရရှိစေနိုင်သော မွေးမြူရေး လုပ်ငန်းတစ်ခု ဖြစ်ပါသောကြောင့် မြန်မာ့တိုင်းရင်းကြက်မွေးမြူရေးကို အိမ်တွင်းအသေး စား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မွေးမြူဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

ရန်လင်းအောင်(YAU)