တောင်သူများ၏ အလင်းတံခါးများ

ရေဘုံဘိုင်မှ ရေများ ပွင့်ကျနေသည်ကိုတွေ့လျင် ပြေး၍ ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများ အလဟဿ ဆုံးရှုံးနေသည်ကို နှမြော၍ ဖြစ်သည်။ ရေဘားများ မလုံ၍၊ ရေပိုက်များ မလုံ၍ ရေများ စိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့် ရေများ အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကို နှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန် မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ် သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသော ဆုံးရှုံးမှုပင်ဖြစ်သည်။ ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော ဧရာဝတီ တိုင်းဒေသကြီးအတွက် ကြီးမားသော ရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်းသို့ မြစ်ခွဲပေါင်းများစွာဖြင့် စီးဝင်လျက်ရှိရာ အဆိုပါ ရေချိုများအား အသုံးမပြုနိုင်ဘဲ (သို့မဟုတ်) အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားခဲ့ပါလျင် မည်မျှ နှမြောစရာကောင်းမည်ကို တွေးမိစေရန်ဖြစ်သည်။ သို့ဖြစ်ရာ တန်ဖိုးရှိသော ရေချိုများ အလေ့အလွင့် မရှိစေရေး၊ ရေချိုများ ရယူအသုံးချနိုင်စေရေး၊ ရေချိုအရင်းအမြစ် များ စနစ်တကျ ထိရောက်စွာ ကိုင်တွယ်နိုင်စေရေးစသော ရေစီမံခန့်ခွဲမှုများ အရေးကြီးလျက်ရှိပြီး အဆိုပါ ရေစီမံခန့်ခွဲမှု လုပ်ငန်းများအတွက်အရေးကြီးသောအချက်တစ်ခုမှာ ရေတံခါးများ တည်ဆောက် ခြင်းနှင့် စနစ်တကျ ထိန်းသိမ်းလည်ပတ် ခြင်းပင်ဖြစ်ပါသည်။
မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော စိုက်ပျိုးထုတ်လုပ်ရေး အတွက် အရေးကြီးသည့် စနစ်များ ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရေစီမံခန့်ခွဲမှုလုပ်ငန်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မှန်ကန်သည့်မြေပေါ်တွင် အောင်မြင် ဖြစ်ထွန်းမည့် မျိုးအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရာတွင် လိုအပ်သော ရေကို လိုအပ်သော အချိန်တွင် လိုအပ်သော ပမာဏအတိုင်း အချိုးညီစွာသွင်းယူပေးရန်မှာ အရေး ကြီးလျက်ရှိသည်။ ထိုသို့ တောင်သူများ၏ ရည်မှန်းချက် လိုအပ်ချက်များ ပြည့်မီစေရန်အတွက်အရေးကြီးသော ရေစီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရန်ရေတံခါးများ တည်ဆောက်ပေးလျက် ရှိသည်။ ရေတံခါးများတည်ဆောက်ရာတွင် တည်ဆောက်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ရေသွင်း ရေတံခါး၊ ရေထုတ်ရေတံခါး၊ ရေသွင်းရေထုတ်လိုသလိုထိန်းညှိဆောင်ရွက်နိုင်သော ရေထိန်း ရေတံခါး၊စက်လှေရေယာဉ်မော်တော် များ ဆက်သွယ်သွားလာနိုင်ရန် ရေယာဉ်အဝင်/အထွက် ရေတံခါးစသည် ဖြင့်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်၊ မြို့ပြစနစ်ဖွံဖြိုးစေရန်၊ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်စေရန်၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ရေကြီးမှု သဘာဝဘေးကာကွယ်ရန်စသော ဒေသ၏ အခြေခံလိုအပ်ချက်အခြေအနေများပေါ်မူတည်၍ တည်ဆောက်ပေးလျက်ရှိသည်။ အဆိုပါ ရေတံခါးများ အနက် တောင်သူများ၏ အကျိုး စီးပွားကို တိုက်ရိုက် အကျိုးပြုလျက်ရှိသော ရေတံခါးအချို့ကို နားလည် လွယ်စေရန် ကောက်နုတ်တင်ပြပါမည်။
ရေသွင်းရေတံခါးများ
တန်ဖိုးရှိလှသော ရေချိုများ ပင်လယ်အတွင်းသို့ စီးဝင်၍ ဆုံးရှုံးမှုများ နည်းနိုင်သမျှနည်းစေရန်အတွက် ရေချို လိုအပ်သောနေရာများသို့ ပို့ ဆောင်ပေးနိုင်ရန် ရေချိုသွင်း ရေ တံခါးများကို တည်ဆောက်ပေးလျက် ရှိသည်။ ရေချိုသွင်း ရေတံခါးများ တည်ဆောက်ထားခြင်း မရှိပါက ရေချိုများ အနီးဝန်းကျင်တွင် ရှိနေသည့်တိုင် အသုံးပြု၍ မရနိုင်ပေ။ ရေချိုဝင်သည့် နေရာများရှိပါကလည်း ရေမြင့်ချိန်တွင် ရေချိုများ ဝင်လာပြီး ရေနည်းချိန်တွင် မြစ်ချောင်းများအတိုင်း ပြန်ထွက်သွားမည်ဖြစ် သည်။ အချို့နေရာများတွင် ရေချိုကိုရယူနိုင်ရန် လမ်းတာများတွင် ပြွန်ငယ်လေးများဖေါက်၍ရေချို အနည်း ငယ်မျှကိုပင် ခက်ခက်ခဲခဲယူနေကြရပြီး၊ အချို့နေရာများတွင် ကားလမ်းတာများကို ယာယီချိုးဖွင့်၍ (ယာယီအုန်းတုံးတံတားများထိုး၍) ရေချိုကိုခက်ခက်ခဲခဲ ရယူစိုက်ပျိုးနေကြရသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးခြင်းဖြင့်တောင်သူများ၏နှစ်စဉ်ကုန်ကျစရိတ် များ များစွာသက်သာသွားပြီး၊ လုံ လောက်သော ရေချိုကို လွယ်ကူ သေချာစွာ ရရှိနိုင်ပြီဖြစ်သည်။ တောင်သူများအတွက်အသက်တမျှ အရေးကြီးလှသော ရေသွင်းရေတံခါး များဖြစ်သည်။ ရေသွင်းရေတံခါးများသည် လိုသလိုလှည့်တင်လှည့်ချနိုင်သော ရေတံခါး ရွက်များတပ်ဆင်ထားပြီး လိုအပ်သော ပမာဏကို လိုအပ်သောအချိန်တွင် သွင်းယူနိုင်စေရန် စီစဉ်ထားခြင်းဖြစ်ရာ ရေတံခါး ရွက်အတင်အချစနစ်များ ကောင်း မွန်စေရန်နှင့် ရေယူရာလမ်းကြောင်းများ ရှင်းလင်း ကောင်းမွန်စေရန်ကို အလေးထား ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ရေထုတ်ရေတံခါးများ
မိုးရာသီအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများ မဖြစ်ပေါ်စေရန် အတွက် ရေထုတ်ရေတံခါးများကို တည်ဆောက်လေ့ရှိသည်။ အထူးသဖြင့် ရေတက်/ရေကျ ဖြစ်ပေါ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်း ဆက်စပ်ဒေသများတွင် တည်ဆောက်လေ့ရှိသည်။ ရေထုတ် ရေတံခါးများ တည်ဆောက်ထားခြင်း မရှိပါက မိုးများစွာ ရွာသွန်းချိန်တွင် မိုးရေများ စိုက်ခင်းများအပေါ် တက်ရောက်ဖုံးလွှမ်းပြီး၊ အဆိုပါ မိုးရေများ ပင်လယ်အတွင်းသို့ စီးဆင်းခြင်း မပြုနိုင်ဘဲ တစ်ရက် ၂ ကြိမ် တက်ရောက်သော ပင်လယ်ဒီရေများ စိုက်ခင်းများအတွင်း ထပ်မံ ဝင်ရောက်လာခြင်းဖြင့် စိုက်ပျိုး သီးနှံများ ရေနစ်မြုပ်ပျက်စီးဆုံးရှုံးရလျက်ရှိသည်။ ရေထုတ်ရေတံခါးများ တည်ဆောက်ခြင်းဖြင့် ပင်လယ်ရေ မဝင်ရောက်စေရန် တားဆီးပြီး ပင်လယ်ရေကျချိန်တွင် ပိုလျှံသော မိုးရေများ ပင်လယ် အတွင်းသို့ လျင်မြန်စွာ ထုတ်နုတ်ပေးလျက်ရှိရာ မိုးစပါးစိုက် တောင်သူများအတွက် အရေးကြီးသော အားထားရာ ရေထုတ်ရေတံခါးများ ဖြစ်သည်။ ရေထုတ်ရေတံခါးများတွင် ရေတံခါးရွက်များ ကောင်းမွန် စေရန်နှင့် ရေထုတ်နုတ်ရာ ရေလမ်းကြောင်းများ ကောင်းမွန်စေရန်ကို အလေးထား ပြုပြင်ထိန်းသိမ်း လျက်ရှိသည်။
ရေထိန်းရေတံခါးများ
နွေစပါး ရေချိုသွင်းခြင်း၊ မိုးရာသီ ပိုလျှံမိုးရေများ လျော့ချထုတ်နုတ်ခြင်း စသည်တို့အပြင် ရေတံခါးအတွင်းရှိ ရေချိုများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် ရေချိုထိန်းခြင်း (အောင်ရေထိန်းခြင်း) စသည့် ရေစီမံခန့်ခွဲမှုများလုပ်ဆောင်နိုင်ရန် ရေထိန်းတံခါးကြီးများကို တည်ဆောက်လေ့ရှိသည်။ ရေထိန်းတံခါး များသည် မြစ်ရေကြီးချိန် မြစ်ရေများ ဝင်ရောက်ခြင်း မပြုနိုင်စေရန်၊ ပင်လယ်ရေတက်ချိန် ပင်လယ် ရေများဝင်ရောက်ဖုံးလွှမ်းခြင်းများမဖြစ်ပေါ်စေရန် ရေတံခါးချပ်များဖြင့် တားဆီးပေးပြီး၊ ပင်လယ် ရေကျ ချိန်တွင် ပိုလျှံမိုးရေများ ပင်လယ်အတွင်းသို့ လျော့ချထုတ်နုတ်နိုင်စေရန် တဖက်ပွင့် ရေတံခါးချပ်များကို ရေထုတ် နုတ်မည့် ပင်လယ်ဘက်တွင် တပ်ဆင်ထားလေ့ရှိသည်။ အတင်/အချ ပြုလုပ်နိုင်သော ရေတံခါး ချပ်များကိုရေတံခါး၏အတွင်းဘက် (စိုက်ပျိုး နေသည့်ဘက်) တွင် တပ်ဆင်လေ့ရှိသည်။ အဆိုပါ အတင်အချ ရေတံခါးများအား မိုးရာသီတွင် ရေထုတ်နိုင်ရန် မိုးရာသီ တစ်ခုလုံး ဖွင့်ထားပြီး မိုးကုန်မှသာ (နွေရာသီရောက်မှသာ) ရေချိုသိုလှောင်နိုင်စေရန်အတွက် ပြန်လည် ပိတ်ထား လေ့ရှိသည်။ အတင်အချ အဖွင့်အပိတ်ကိုလိုအပ်သလိုထိန်းညှိဆောင်ရွက်နိုင် သည်ဖြစ်ရာတောင်သူများအတွက်ရေသွင်း/ ရေထုတ် သေချာစေသော ရေထိန်းတံခါးကြီးများဖြစ်သည်။
ရေထိန်းတံခါးများ မတည်ဆောက်ထားပါက မိုးချိုး/နွေပိတ်ဟု တောင်သူ များခေါ်ဝေါ်သည့် ချောင်းပိတ်တမံများကို နှစ်စဉ်ပြုလုပ်ကြရသည်။ တောင်သူများသည် မိမိတို့စိုက်ပျိုးရေယူမည့် ချောင်းကို နွေရာသီ ရေငန်မဝင်မီ အမြန်ပိတ်ဖို့ရမည် ဖြစ်သည်။ သို့မှသာ ရေငန်ဝင်ရောက်မှုမှ ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။ အဆိုပါချောင်းပိတ်ကို မိုးမကျမီတွင် ပြန်၍ ချိုးဖျက်ပစ်မှသာ မိုးရာသီတွင် မိုးရေများ လျော့ချထုတ်နုတ်နိုင်မည် ဖြစ်သည်။ မိုးရာသီမတိုင်မီ ချောင်းပိတ်ကို ပြန်မချိုးဖျက်ပစ်ပါက ရေထုတ်နုတ်မှုမရှိဘဲ လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးမည်ဖြစ်သည်။ သို့ဖြစ်ရာ တောင်သူများအဖို့ နွေသီးထပ်စိုက် ပျိုးနိုင်ရန်အတွက် နှစ်စဉ်ကြီးမား သော ကုန်ကျစရိတ်များ ကျခံဆောင်ရွက်ရလျက် ရှိပြီး၊ ချောင်းပိတ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်း၊ ကျိုးပေါက်တတ်ခြင်း၊ ရေကျော်ဝင်ရောက်တတ်ခြင်း စသော မသေချာ မရေရာမှုများကြောင့် အနည်းငယ်သာ စိုက်ပျိုးကြသည့် အပြင် နှစ်စဉ်လည်း ဆုံးရှုံးမှုများ မကြာခဏ ကြုံရလေ့ရှိသည်။ ထို့အပြင် မိုးချိုး/နွေပိတ် ချောင်းပိတ်များ ပြုလုပ်ရန် မြေကြီး အများအပြားလိုအပ်ပြီး မြေယူရန် ခက်ခဲသော ဖို့မြေရှားပါးခြင်း ဒုက္ခများကိုလည်း နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။ ရေထိန်းတံခါများတည်ဆောက်ခြင်းဖြင့် တောင်သူများအတွက် နွေသီးထပ် စိုက်ပျိုးရေ သေချာ စေသည့်အပြင် နှစ်စဉ်ကျခံနေရသော ကုန်ကျစရိတ်များ သက်သာ ခြင်း၊ မြေကြီးရှာရသည့် ဒုက္ခများ ကင်းဝေးပြီး ပုံမှန်ထက်ပိုမို၍ စိုက်ပျိုးလာနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရေထိန်းတံခါးများ သည် ရေတံခါးချပ်များဖြင့် ရေငန်တားခြင်း၊ ရေချိုအလေအလွင့်မဖြစ်စေရန် အောင်ရေထိန်းခြင်း စသည်များကို ဆောင်ရွက်ရသည်ဖြစ်ရာ ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေတံခါး အတင်အချ စနစ်များ၊ ရေဝင်-ရေထွက်လမ်းကြောင်းများ ကောင်းမွန်စေရန် အလေးထား ပြုပြင် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
ရေယာဉ် အဝင်-အထွက် ရေတံခါးများ
ရေတံခါးများ တည်ဆောက်ခြင်းဖြင့် အထက်ဖော်ပြပါ ကောင်းကျိုးများစွာ ရရှိနိုင် သော်လည်း တဖက်တွင်မူ မြစ်ကြောင်းများအတွင်း ရေကြောင်း သွားလာရေးကို ထိခိုက်မှု ဖြစ်ပေါ် လာနိုင်သည်ဖြစ်ရာ ရေယာဉ် အဝင်-အထွက် ရေတံခါးများကိုပါ ရေတံခါးများအနီးတွင် တွဲလျက်တည် ဆောက်လေ့ရှိသည်။ ဒီရေအတက်-အကျ ဖြစ်ပေါ်သော နေရာများတွင် ရေတံခါးများ တည် ဆောက်လေ့ရှိရာ ရေတံခါး၏ အတွင်း ရှိ ရေအမြင့်နှင့် ရေတံခါး၏ အပြင်ရှိ ပင်လယ်ရေအမြင့်ကို တူညီစွာ ထိန်းညှိနိုင်ရန် ရေညှိကန်ကို တည်ဆောက် ပေးလေ့ရှိသည်။ ရေလမ်းခရီးအသုံးများသော ဒေသများတွင် ရေတံခါးများတည်ဆောက်ရမည်ဆိုပါက ရေယာဉ်သွားလာမှုများအပေါ် စနစ်တကျ ဆန်းစစ်၍ လိုအပ်သောရေညှိကန်အကျယ်အဝန်းနှင့် လှေလမ်းအရွယ်အစားကို သက်မှတ်တည်ဆောက်လေ့ရှိ သည်။ ရေယာဉ် အဝင်-အထွက် ရေတံခါးများရှိခြင်းဖြင့် ရေတံခါးများ တည်ဆောက်ခြင်းကြောင့် ရေလမ်းသွားလာမှုကို အဟန့် အတား ဖြစ်ပေါ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်ဖြစ်ရာ ဒေသနေတောင်သူ များအတွက် သီးနှံများ တိုးတက်စိုက်ပျိုးနိုင်သည့်အပြင် ရေလမ်းဖြင့် ကုန်ထုတ်မှုတွင်လည်း အဆင်ပြေလျက်ရှိသည်။ ရေယာဉ် အဝင် အထွက် ရေတံခါးများတွင် ရေတံခါးချပ်များဖြင့် ရေထိန်းညှိရသည်ဖြစ်ရာ ရေတံခါးချပ်များ ကောင်းမွန်စေရေး အစဉ်ဂရုစိုက် ဆောင်ရွက်လျက်ရှိသည်။
ဖော်ပြပါ ရေတံခါးများဖြင့် တန်ဖိုးရှိလှသော ရေချိုအရင်းအမြစ်များကို စနစ်တကျ ထုတ်ယူသုံးစွဲလျက်ရှိသည့်အပြင်တောင်သူများ၏ အကျိုး စီးပွားကိုလည်း မြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တောင်သူများဘက်မှလည်း ရေသွင်း-ရေထုတ်ရေတံခါးများနှင့် ရေထိန်းတံခါးများ အပေါ် ပြန်လည်၍ မိမိတို့တတ်နိုင်သည့်ဘက်မှ ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ် သည်။ ရေတံခါး အနီး ငါးဖမ်းခြင်း၊ ဒိုက်ဗေဒါများချခြင်း၊ ခြုံချငါးဖမ်းခြင်း၊ ရေတံခါးရွက်များ လှန်ဖွင့်၍ ရေစိမ်းထိုးခြင်း (ပိုက်ထောင်ခြင်း) စသော တရားမဝင် ခွင့်ပြုထားခြင်းမရှိသည့် တောင်သူအကျိုး၊ နိုင်ငံ့အကျိုးကို ထိခိုက်စေနိုင်သော အပြု အမူများကို ရှောင်ရှားရမည့်အပြင် တပါးသူဆောင်ရွက်နေသည်များကို တွေ့မြင်ရပါကလည်း တားမြစ်ရမည်၊ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် ရေတံခါး နယ်နိမိတ်များ အတွင်း ကျုးကျော်နေထိုင်ခြင်းနှင့် ရေတံခါး အဝင်အထွက်လမ်းကြောင်း များကို အတားအဆီး ဖြစ်စေသော အပြုအမူများကို ရှောင်ရှားရမည့် အပြင် တွေ့ရှိပါကလည်း ရေတံခါး ရေရှည်တည်တံ့ရေးအတွက် ကူညီပေးရမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် တောင်သူများနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားသော ရေတံခါးများ ကာလသက်တမ်း ကြာရှည်စွာ ရေသွင်းရေထုတ်လုပ်ငန်များ လုပ်ဆောင်နိုင်စေရေး အတွက် နိုင်ငံတော် တစ်ခုတည်းတွင်တာဝန်ရှိသည်ဟု မှတ်ယူ ခြင်း မပြုဘဲ တောင်သူများဘက်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသနေတောင်သူများအတွက် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက် မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ဒေသ၏ လူမှုစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။
ကိုဇေယျာ