တန်ဖိုးမြင့်ရေထွက်ကုန် ဂဏန်းပျော့၏သဘာဝနှင့်အသုံးဝင်ပုံ

တန်ဖိုးမြင့်ရေထွက်ကုန် ဂဏန်းပျော့၏သဘာဝနှင့်အသုံးဝင်ပုံ

ဂဏန်းပျော့

ကဏန်းများသည် ကမ္ဘာ့သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင် နေထိုင်လေ့ရှိကြပြီးကမ္ဘာ့အနှံ့အပြား တွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀၀ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စုခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ 

မြန်မာနိုင်ငံတွင် တွေ့ရှိရသောကဏန်းများမှာ ရွှံ့ကဏန်း/ကဏန်းမဲ(Mud crab)၊ ကဏန်းချေးပုန်း (Mangrove crab)၊ ကဏန်းပြာ (Blue swimming crab) ၊ သဲကဏန်း(Sand crab)၊ ကဏန်းဘုန်းကြီး/ကဏန်းနီ (Spanner crab) တို့ဖြစ်ကြပြီး အခြားကဏန်းမျိုးစိတ်ငယ်များမှာ ခြေနီကဏန်း၊ကဏန်းဖြူ၊ အုန်းကဏန်း၊ ဝသုံးလုံးကဏန်း၊ မျောက်ကဏန်း၊ ကဏန်းယပ်တောင်၊ တယောထိုးကဏန်း စသဖြင့် ရှိကြသည်။ ကဏန်းမျိုးစိတ်များတွင် ကဏန်းပျော့(Soft-shell crab)မှာ အရေခွံလဲထားသော ကဏန်းဖြစ်ပြီး စီးပွားရေးအရ အရေးပါသော နိုင်ငံခြားရေထွက်ပို့ကုန်တစ်မျိုး ဖြစ်ပါသည်။

ကဏန်းသွင်ပြင်လက္ခဏာနှင့် သဘာဝအလေ့အထ

ကဏန်းတွင် ခြေချောင်း ၅ စုံ ပါရှိပြီး ပထမခြေချောင်းကို ကဏန်း လက်မဟု လူသိများပါသည်။ကဏန်း ၏ အပေါ်ခွံ Carapace အရောင်သည် ရွှံ့နှစ်ရောင်ရင့်ရင့်ဖြစ်ပြီး ဘဲဥ ပုံရှိပါသည်။ကဏန်းအထီး၊ အမ များကို ခွဲခြားရန်အတွက် ဝမ်းဗိုက်ပိုင်း (abdomen)ဘက်ကို လှည့်ကြည့်ခြင်းအားဖြင့် ရင်ဘတ်အဖုံးအပြား (ချက်ပြား)၏ အနေအထားကိုကြည့် ၍ လွယ်ကူစွာ ခွဲခြားနိုင်ပါသည်။ကဏန်းအမမှာ ဝမ်းဗိုက်ပြည့်လုနီး ပါး (ဂ) ပုံသဏ္ဍာန်ရှိပြီး အထီးမှာ ချက်ပြားငယ်၍ ထိပ်ချွန်ချွန်(တြိဂံ)ပုံရှိပါသည်။

ကဏန်းများမှာ အသက် (၁-၂) နှစ်အရွယ်တွင် မျိုးပွားနိုင်ကြပြီးကဏန်း အမမှာ ဥပေါင်း ၁ သိန်းကျော်ထိ ဥဥနိုင်ကြပါသည်။ အသက် (၈-၁၃)နှစ်ထိ သက်တမ်းရှည်ကြပြီး decapod-crustaceans များဖြစ်ကြသည်နှင့်အညီ ကဏန်းများတွင် လက်မ ၁ စုံအပါအဝင် စုစုပေါင်းခြေလက် ၅ စုံပါဝင်ပါသည်။

ကဏန်းများတွင် ကဏန်းပျော့မှာနောက်ဆုံးပေါ် လူကြိုက်အများဆုံးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ လုပ်ကိုင်အောင်မြင်နေကြပါပြီ။ ကဏန်းပျော့တွင် သဘာဝကဏန်းပျော့နှင့် မွေးမြူ ရေးကဏန်းပျော့ဟူ၍လည်းရှိကြပါသည်။ 

အရေခွံလဲခြင်း

ရေငန်ကဏန်းများသည် ပုံမှန်အတိုင်းဆိုလျှင် ရက်ပေါင်း ၄၅ ရက်နှင့် ၉၀ ရက်အတွင်းတွင် အရေခွံလဲ တတ်ကြပါသည်။ ထို့အပြင် ကဏန်းများသည် ၄င်းတို့၏ခန္ဓာကိုယ်မှ     အင်္ဂါအစိတ်အပိုင်းတစ်ခုခု ဥပမာအနေဖြင့် လက်ချောင်းလေးများ တစ်နေရာရာ၌ ကျိုးပဲ့သွားလျှင်လည်း အရေခွံလဲကြပြီး ခန္ဓာကိုယ်မှာ မူလအတိုင်း အကောင်းပကတိ ပြန်ဖြစ်သွားတတ်ကြပါသည်။

အခွံလဲပြီးလျှင် ၈နာရီအတွင်း၌ အရေခွံများပြန်မာသွားတတ်သကဲ့သို့ အရေခွံလဲပြီးပြီးချင်း ရေချိုနှင့် စိမ်ခံရလျှင်လည်း အခွံမှာပျော့နေပြီး ရေငန်ပြန်စိမ်ပါက အခွံပြန်မာသွားပါသည်။ထို့ကြောင့် ကဏန်း ပျော့မွေးမြူကြသူများသည် အရေခွံလဲပြီး ပျော့နေသောကဏန်းများ ပြန်ပြီးမမာသွားရအောင် အချိန်နှင့် တပြေးညီ စစ်ဆေးနေရပါသည်။အများအားဖြင့် ကဏန်းပျော့မွေးမြူ ရေးသည် သဘာဝအတိုင်း အရေခွံ လဲသည်ကို စောင့်ဆိုင်းပြီးလုပ်ကိုင်ကြပါသည်။

သဘာဝကဏန်းပျော့၏ အလေ့အထ 

သဘာဝကဏန်းပျော့မှာ ကဏန်းအခွံမာလာပြီဆိုပါက တစ်ကိုယ်လုံးအရေခွံလဲလေ့ရှိတတ်ကြပါသည်။ သနားစရာအကောင်းဆုံးမှာ ကဏန်းအထီးများပင်ဖြစ်ပါသည်။ ကဏန်းဖိုမှာ ကဏန်းမအရေခွံလဲပြီဆိုပါက ခြေလက် ၅ စုံနှင့် ကဏန်းအမတစ်ကောင်လုံးကို ဖက်တွယ်ထားတတ်ပါသည်။ ကဏန်းကိုယ်လုံး ဘေးတဖက်တချက်တွင် အဖျားချွန်ပြီးအဆစ်များပါသည့် ခြေလက်များရှိကြပါသည်။ ကုန်းပေါ်သွားလျှင် ခြေထောက်အဖြစ်သုံးပြီး ရေထဲတွင် လက်အဖြစ်ရေကူးသွားနိုင်ပါသည်။ အောက်ဆုံးရှိ အဆစ် ၁ ချောင်းမှာ ခပ်ပြားပြားဖြစ်နေပါသည်။ လှော်တက်ပြားကဲ့သို့ ရေကိုယက်ပြီး ကူးခတ်နိုင်ဖို့ သဘာ၀က ဖန်တီးပေးထားပါသည်။ လက်မကြီး၂ ချောင်းမှာလည်း ပြုတ်တူလို အဖျားချွန်ထက်ပြီး လိုသလို ညှပ်၍ရပါသည်။

ကဏန်းသဘာဝမှာ အလွန်အသက်ပြင်းလှပါသော်လည်းမျက်စိ ၂ ခုမှာ အညှာတံရှိပြီး မျက်ခွံမရှိသောကြောင့် ဖုံးကွယ်မထားနိုင်၍ မျက်လုံးကို မတော်တဆ ခြင်ကိုက်ပါက ကဏန်းသေတတ်ပါသည်။

မျက်လုံး၂လုံးအောက်ဘက်တွင် အခွံမာ၂ ခုစီ ဖုံးထားသည့် ကဏန်းပါးစပ်ပေါက်ရှိပြီး ပါးစပ်ထဲတွင်သွား သေးသေးလေးရှိပါသည်။ ကဏန်းဖိုမှာ ကဏန်းမကို လက်မကြီး ၂ချောင်း နှင့် အချိန်ပြည့် အကာအကွယ်ပေး ထားပါသည်။ ကဏန်းမမှာ (၄-၅) ရက်ကြာသည်အထိ အရေခွံနုရာမှ အရေခွံမာလာပြီးပါက ကဏန်းဖိုမှ အရေခွံမာကို ခွာချပေးပါသည်။ ထိုရက်များတွင် ကဏန်းထီးမှာ အစာလုံးဝမစားဘဲ ကဏန်းမကို စောင့်ရှောက်ပါသည်။ သို့သော် ကဏန်းထီးအရေခွံလဲပါကကဏန်းမရောက် လာပြီး ကဏန်းထီးတစ်ကောင်လုံးကို သူ့လက်မနှင့်ညှပ်ပြီး စားပစ်လေ့ရှိကြပါသည်။ကဏန်းထီးမှာ သနားစ
ဖွယ်ကောင်းလှပေသည်။ ထိုကား သဘာဝကဏန်းပျော့များ အရေခွံလဲခြင်းဖြစ်ပါသည်။ 

မွေးမြူရေးကဏန်းပျော့၏ အလေ့အထ 

မွေးမြူရေးကဏန်းပျော့မှာမူ ခြင်းများထဲသို့ ကဏန်းတစ်ကောင်ခြင်းစီ ထည့်ကြပြီး အခွံလဲတာကို စောင့်ကြည့်ရပါသည်။ အခွံလဲ/မလဲ တစ်နေ့ ၄ ကြိမ်စစ်ကြပြီး အခွံလဲပြီးသားအကောင်တွေ့ပါက ခြင်းထဲမှ ဆယ်ထားရပါသည်။ အခွံလဲပြီးသား ကဏန်းများကို အချိန်အတိုင်းအတာတစ်ခုထိ ထားထားပါက အခွံမှာ လဲပြီးပြီးချင်းလိုမပျော့တော့ပဲ ပြန်မာသွားတတ်ပါသည်။ ထို့ကြောင့် အခွံမမာခင်ဆယ်ပြီး ရေခဲရိုက်ထားရသည်ဟု သိရပါသည်။ 

အိမ်နီးချင်းနိုင်ငံများမှ ကဏန်းပျော့မွေးမြူသူများသည် အချိန်တိုအတွင်းတွင် စီးပွားဖြစ်အများကြီးမွေးမြူ၍ရရှိနိုင်အောင် ခြေလက်များကို တမင်ကျိုးဖဲ့ပြီးမှ လုပ်ဆောင်ကြပါသည်။ထို့အပြင် ကဏန်းပျော့ သွားအောင် မွေးမြူဖို့ဆိုလျှင် ပလတ် စတစ်ခြင်းတစ်ခုစီ၌ ကဏန်းတစ်ကောင်သာ ထည့်ရပါသည်။ခြင်းတစ်ခြင်းထဲတွင် အထီးအမ ရော၍ မထည့်ရပေ။အကြောင်းရင်းမှာ အစာအတွက် အထီးက အမ၏ စားသောက်ခြင်းကို ခံရပြီး သေဆုံးနိုင်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကဏန်းအရေပျော့ရရှိစေရန်အတွက် ကဏန်းအခွံမာကောင်များကို ဝယ်ယူပြီး ခြေထောက်နှင့် လက် ၄ ချောင်းကို ဖြတ်၍ ရေထဲချအစာကျွေးမွေးမြူရခြင်းဖြစ်ပြီး ရေထဲချမွေးမြူလိုက်သည့်ကဏန်းအခွံမာများကို ၄ နာရီခြား အရေခွံပြောင်းလဲချိန်ကို စောင့်ကြည့်ပြီး ကဏန်းပျော့ရရှိစေရန်အတွက် ကျွမ်းကျင်လုပ်သားများက အလျင် အမြန်ဆယ်ယူရခြင်း ဖြစ်သည်။

ကဏန်းပျော့စွန့်ပစ်ပစ္စည်းအသုံးဝင်ပုံ

ကဏန်းပျော့မွေးမြူခြင်း၏ အားသာချက်မှာ ကဏန်းပျော့များ အရေခွံလဲပြီးကြွင်းကျန်သော အခွံ၊ အသေများကို ကျွမ်းကျင်သူများ၏ အကူအ ညီနှင့် သဘာဝမြေသြဇာအဖြစ် ထုတ်လုပ်နိုင်သည့်အတွက် စွန့်ပစ်စရာမလိုသော ရေထွက်ကုန်ပစ္စည်း( Zero Waste) ဖြစ်ပါသည်။

ကဏန်းပျော့စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာအဖြစ် ထုတ်လုပ်ပုံမှာ ကဏန်းအသေများနှင့် အရေခွံလဲ၍ ထွက်ရှိလာသော ကဏန်းအခွံများကို နေလှန်းကြိတ်ချေပြီး အရိုး  မှုန့်ဓာတ်မြေသြဇာနှင့် အပင်များအတွက် လိုအပ်သော ကဏန်းအမိုင်နိုအော်ဂဲနစ်ဆေးရည်အဖြစ် ထုတ်လုပ် ပါသည်။ ရရှိလာသော သဘာဝ မြေသြဇာများကို စျေးကွက်အတွင်း ကဏန်းအမိုင်နိုအော်ဂဲနစ်ရွက်ဖျန်းဆေးရည်နှင့် သဘာဝမြေဆီလွှာ ပြုပြင်ဆေးများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချပါသည်။

ပြည်ပတင်ပို့မှု

ကဏန်းပျော့ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင်ပြည်နယ်တို့၌လည်း မွေးမြူကြပြီး ပြည်ပနိုင်ငံများဖြစ် သော ထိုင်း၊ စင်္ကာပူ၊ တရုတ်နှင့်      ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချကြသည်။

ကဏန်းစားဖွယ်စုံ

ကဏန်းပျော့မှာ တစ်ကိုယ်လုံးစားသုံး၍ရပြီး လူကြိုက်များလှပါသည်။   ကဏန်းအသားမှာ အလွန်ချိုပြီး နူးညံ့ လှပေသည်။ ကဏန်းနှင့် ပတ်သက်သည့် နာမည်ကြီးဟင်းလျာများမှာ ကဏန်းမဆာလာချက်၊ ကဏန်းချဥ်စပ်၊ကဏန်းပျော့တန်ပူရာကြော်၊ ကဏန်းဘာဂါ၊ ကဏန်းပေါင်း၊ကဏန်းပင်လယ်စာထောင်း၊ ကဏန်း အသားထွင်းကြော်၊ ကဏန်းကြော်ချက်၊ ကဏန်းပျော့ ငရုတ်ကောင်းကြော် စသည့်ဟင်းလျာများမှာ နာမည်ကြီးပြီး လူကြိုက်များလှပါသည်။

ကဏန်းစားသုံးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

၁။ ပရိုတင်း(အသားဓာတ်)ကြွယ်ဝစွာ ပါရှိခြင်း
    ကဏန်းတစ်ကောင်တွင် အသားနည်းနည်းသာပါသော်လည်း အသား ဓာတ်(Protein)များ ကြွယ်ဝလှပေသည်။ ထိုအသားဓာတ်မှာ အရည်အသွေးမြင့်မားပြီး အမဲသား၊ ဆိတ်သားတို့ကဲ့သို့ အကြောများ  မပါဝင်သဖြင့် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင်ပါသည်။

၂။ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း
    ကဏန်းတွင် ဗီတာမင်ဓာတ် (Vitamin) နှင့် သတ္တုဓာတ်(Mineral)များစွာပါဝင်ပြီး အဆီဓာတ်နည်းကာ Omega- 3 ပါဝင်ပါသည်။ ပါဝင်သည့် Omega- 3 သည် အသီးနှံ၊ ဆီများတွင် ပါဝင်တတ်သည့် သာမန် Omega- 3 မဟုတ်ဘဲ Long-chain Omega- 3 ဖြစ်သောကြောင့် ကျန်းမာ ရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း (၁၀၀) ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega- 3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။

၃။ ဆယ်လီနီယမ်(Selenium) ကြွယ်ဝစွာ ပါရှိခြင်း
  ကဏန်းတွင် Selenium ဓာတ်ပါဝင်ပြီး Selenium ဓာတ်မှာ ခန္ဓာ ကိုယ်ခုခံအားစနစ်တွင် အရေးပါ   သည့်နေရာမှ ပါဝင်ပြီး ဆဲလ်၊ တစ်သျူးများထိခိုက်ခြင်းမှ အကာအကွယ် ပေးပါသည်။ကဏန်းတွင်ပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင်ပါဝင်တာထက် ၁၂ ဆပိုများသည်ဟု သိရပါသည်။

၄။ ဗီတာမင် ဘီ-တူး ကြွယ်ဝစွာပါရှိခြင်း
    ကဏန်းတွင် ဗီတာမင် ဘီ-တူး လည်းပါဝင်သောကြောင့်  ဗီတာမင် ဘီ-တူး မှာ သွေးနီဥများ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓာတ်တစ်မျိုးလည်းဖြစ်ပါသည်။

၅။ ကြေးနီဓာတ်နှင့် ဖော့စ်ဖရိတ်ဓာတ်များ ကြွယ်ဝစွာပါရှိခြင်း
   ကဏန်းတွင် ကြေးနီ (Copper) ဓာတ်နှင့် ဖော့စ်ဖိတ်ဓာတ် (Phos-phate) လည်းပါဝင်ပြီး ကြေးနီဓာတ် မှာ သွေးနီဥဖွဲ့စည်းတည်ဆောက် ပုံအတွက် အရေးပါပြီး ဖော့စ်ဖိတ်ဓာတ်မှာ ကျောက်ကပ်လုပ်ငန်းစဥ်၊ နှလုံးကြွက်သားနှင့် အစာခြေစနစ်အတွက် များများလိုအပ်သည့် ဓာတ်တစ်မျိုးဖြစ်ပါသည်။ 

အချုပ်အားဖြင့် ဆိုရသော်-

စျေးကွက်ဝင်ပြီး လူကြိုက်များသည့် ကဏန်းပျော့သည် သဘာဝအားဖြင့် ထူးခြားလှပြီး ကျန်းမာရေးအတွက် လည်း များစွာအထောက်အကူပြုပါသည်။ ထို့ပြင် မွေးမြူရေးတွင်လည်း အောင်မြင်လျက်ရှိပြီးကဏန်း ပျော့စွန့်ပစ်ပစ္စည်းများမှာလည်း အသုံးဝင်လှပါသည်။ကဏန်းပျော့သည်အရသာ ထူးခြားကောင်းမွန်ရုံ သာမက တစ်ကောင်လုံးလည်း စားသုံး၍ရသဖြင့်  ပြည်တွင်းတွင်သာမက နိုင်ငံခြားဈေးကွက်ထိပါ တင်ပို့နေရသည့် တန်ဖိုးမြင့်ရေထွက်ကုန်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)