လူကြိုက်များသည့် စားဖိုချောင်သုံး ဟင်းရွက်ကန်စွန်းစိုက်ပျိုးရေး

စာရေးသူသည် ငယ်ရွယ်စဉ်ကတည်းက ကန်စွန်းရွက် စိုက်ပျိုးရေးကို အတွေ့အကြုံ မရှိခဲ့သော်လည်း ကန်စွန်းရွက် ဟင်းကိုမူ ကြိုက်နှစ်သက်ခဲ့ပါသည်။ ငယ်ရွယ်စဉ်က မိမိတို့ နေထိုင်ရာ ကျေးရွာဝန်းကျင် မိုးရေကန်နှင့် လယ်ကောမြေများတွင် မိုးရာသီ မိုးရွာလာလျှင် ဒေသသဘာဝပေါက်ရောက် ကန်စွန်းနှင့် ကန်စွန်းရိုးနီ အပင်ပေါက်စ အညွန့်အတတ်များကိုအခြားဆူးပုတ်ကလေး၊ ကင်ပွန်းစသည့် ဟင်းရွက်များနှင့် အတူ တောထွက်၍ ဟင်းရွက်ရှာဖွေခဲ့ဘူး၏။ကိုယ်တိုင်စိုက်ပျိုးမှု အတွေ့ အကြုံနှင့် ပတ်သက်၍ လုပ်ငန်းခွင်တွင် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ဖွံ့ဖြိုးရေးဗဟိုဌာန စီမံကိန်းမန်နေဂျာ ပြုလုပ်စဉ်နှင့် စိုက်ပျိုးရေး သုတေသန နှင့် လေ့ကျင့်ပညာပေးရေးဗဟိုဌာနကျောင်းအုပ်ကြီး ပြုလုပ်စဉ်တို့တွင် တာဝန်ယူဆောင်ရွက်ခဲ့ စဉ် ကန်စွန်းစမ်းသပ်စိုက်ပျိုးပညာပေး ပြသခဲ့ပါသည်။ ကန်စွန်းရွက် အမျိုးမျိုးရှိသည့်အနက် လယ်ကန်စွန်း၊ ကုန်းကန်စွန်း၊ ရိုးနီကန်စွန်း၊ တရုတ်ကန်စွန်း ဟူ၍ ရှိပါသည်။ လယ်ကန်စွန်းနှင့်ကန်စွန်းရိုးနီတို့မှာ ဒေသ အလိုက် ရေမြောင်းရေကန် ရေချိုင့်စသည့်တို့တွင် သဘာဝအလျောက် ဖြစ်ထွန်းလျှက် ရှိကြသည်။ ထိုကန်စွန်းရွက်တို့ကိုဒေသခံ စားသုံးသူ များဆွတ်ခူးစားသုံးကြသည်။ တရုတ်ကန်စွန်းကိုမူ စနစ်တကျ မြေဘောင်များတင်၍ စိုက်ပျိုးကြသည်။ အချို့မိုးများသောဒေသ၊ လမ်းဘေးရေမြောင်းများထဲတွင် စိုက်ကွက်များ ကန့်၍လည်း စိုက်ပျိုးကြ၏။
လူသုံးများသည့် စားဖိုချောင်သုံး ဟင်းရွက်ကန်စွန်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းသော ကန်စွန်းရွက် စိုက် ပျိုးရေးကို အထူးအလေးထား၍ ရေးသားတင်ပြသွားပါမည်။
ကန်စွန်းရွက်ကို အင်္ဂလိပ်လို Water Greens (Rabbit Greens) ဟုခေါ်သည်။ သိပ္ပံအမည်မှာ Ipomaea aquatica ဖြစ်သည်။ မျိုးရင်းအမည်မှာ Convolvulaceae ဖြစ်ပါသည်။ ကန်စွန်းရွက်သည် နေ့စဉ်အသုံးများသော ဟင်းရွက်တစ်မျိုးဖြစ်သဖြင့် စိုက်ပျိုးထုတ်လုပ် ရာတွင် လိုအပ်သည် အရေအတွက်ကို ထုတ်လုပ်နိုင်သည့်အပြင် စားသုံး သူများ ဘေးအန္တရာယ် ကင်းရှင်းနိုင်သော စိုက်ပျိုးရေးနည်းစနစ် အလေ့အကျင့်ကောင်းများ(Good Agri-cultural Practices) နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ရပါမည်။ စိုက်ပျိုးသော် မြေနှင့်ရေသည် စားသုံးသူများ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်ကင်းရန် လိုသည်။ ထို့အပြင် စိုက်ပျိုးရေးမှ လူ၏ ရောဂါများကို မကူးစက်နိုင်ရန် အထူးသတိထား စိုက်ပျိုး ရပါမည်။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရာတွင်လည်း ပိုးသတ်ဆေး မှိုသတ်ဆေး အသုံးပြုရမှု နည်းအောင် ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးကို အသုံးပြုရပါမည်။ ထို့အပြင် စိုက်ပျိုးသည်မှ ရိတ်သိမ်း ထုတ်ပိုး ရောင်းချသည့် အထိ သန့်ရှင်းရေးကို အထူးအလေးထား ဆောင်ရွက်ရပါမည်။ ရောင်းဝယ်ဖောက်ကားရာ တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလာပါက နောက်ကြောင်းပြန် စစ် ဆေးနိုင်ရန်အတွက် မှတ်တမ်းမှတ်ရာများ ပြည့်စုံစွာ ထားရှိရပါမည်။
ကန်စွန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်သော သီးနှံဖြစ်သည်။ မူရင်းဒေသမှာ အရှေ့တောင်အာရှ ဖြစ်ဖွယ်ရှိသည်။ အရွက်ကိုရော ရိုးတံကိုပါ စားရသည်။ ကန်စွန်းရွက် (ရိုးတံပါ)ကို အချဉ်ဟင်းအဖြစ်လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ငါးပိငံပြာ ရည်နှင့် တို့စရာအဖြစ်လည်းကောင်း စားသုံးကြသည်။ ကန်စွန်းရွက်သည် အဆိပ်အတောက် ပြေစေနိုင်သဖြင့် မှိုနှင့်ရော၍ ချက်ပြုတ် စားသောက်ကြသည်။ မှိုမှ အဆိပ်အ တောက် ဖြစ်လျှင်ကန်စွန်းရွက်က ကာကွယ် မည် ဟု ယူဆကြသည်။
ပြည်တွင်း ပြည်ပ ဆေးကျမ်းများကလည်း ကန်စွန်းရွက်သည် စိန် (Arsenic) အဆိပ်ကို ပြေစေသည်ဟု အဆိုရှိသည်။ မြန်မာကန်စွန်းခေါ် ကုန်းပေါ်ပေါက်သော ကန်စွန်းက တရုတ်ကန်စွန်းထက် ပို၍ ဆေးဘက်ဝင်သည်ဟု အယူရှိသည်။ မြန်မာကန်စွန်းတွင်ပင် ကန်စွန်းရိုးနီက ပို၍ ဆေးဘက်ဝင်သည်။ ဝမ်းကို ပျော့ပျော့သွားစေသည်။ ပိုးသတ် ဆေးအဆိပ်သင့်မှုများကို ရှေးဦး သူနာပြုနည်းအဖြစ် သုံးစွဲနိုင်သည်။
ပူအိုက်စွတ်စိုသော ဒေသနှင့် ရာသီတို့တွင် ကန်စွန်းကို စိုက်ပျိုးနိုင်သည်။ အအေးဒဏ်မခံနိုင်သဖြင့် တောင်ပေါ်ဒေသ၌ ဆောင်းရာသီတွင် မဖြစ်ထွန်းချေ။ ရေကို ထိန်းထားနိုင်သော မြေတွင် စိုက်ပျိုးရသည်။
သမန်းညက်အောင် ထယ်ထိုး ထွန်မွှေပေးရသည်။ သဘာဝမြေဆွေး တစ်ဧကလျှင် နွားလှည်းဖြင့် ၁၀-၁၅ စီးကို မစိုက်ပျိုးမီ ချပေးရသည်။ တစ်ဖန်မစိုက်မီ ၁-၂ ရက်အလိုတွင် ယူရီးယား ဓာတ်မြေသြဇာ ၅၆ ပေါင်နှင့် တီစူပါ ၅၆ ပေါင်တို့ကို ထည့်ပေးရသည်။ အဆစ် ၄ ဆစ်ပါသော ကိုင်းများကို ဖြတ်တောက်၍ ၈-၁၀ လက်မခန့် အရှည်ရှိ၍ မျိုးအဖြစ်သုံးရသည်။ ထိုမျိုးပိုင်း ၂-၃ ပင်ကို မြေကြီးထဲ အဆစ် ၂ ဆစ် ဝင်အောင်ထိုး၍ (စပါးစိုက်သကဲ့သို့) စိုက်ရသည်။ တစ်ပင်နှင့် တစ်ပင် ၁၀ လက်မနှင့် တစ်တန်းနှင့်တစ်တန်း ၁၂လက်မခန့်ခွာပြီး စိုက်ရသည်။ အပင်များ စိုက်ပျိုးပြီးလျှင် ရေ ၃ လက်မခန့် ရှိအောင် သွင်းပေးရသည်။ အပင်များ မရွေ့အောင် တုတ်စိုက်၍ ချည်နှောင်ပေးရန် လိုအပ်သည်။ အပင်များကြီးထွားလာလျှင် ရေကို ၃ လက်မမှ ၆လက်မအထိ သိုလှောင် ရသည်။ နွေရာသီတွင် တစ်ပတ်လျှင် တစ်ကြိမ်ကျ စိုက်ပျိုးပြီး ၂၀-၃၀ ရက်အတွင်း ပေါင်းမြက်ကို ပြောင်အောင် ရှင်းလင်းပေးရသည်။ တစ်လလျှင် တစ်ကြိမ်ကျ ယူရီးယားဓာတ်မြေသြဇာ ၅၆ ပေါင်နှုန်း ပက်ပေးသင့်သည်။
စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၂၀ကြာလျှင် ကန်စွန်းကို ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ရိတ်သိမ်းရာတွင် ရေကို ၅ လက်မခန့်သာ ချန်ထားရသည်။ ရိတ်သိမ်းပြီး ချန်ထားသော အပင်ငုတ်တိုသည် ရေပေါ် ၂-၃ လက်မခန့် ပေါ်နေရသည်။ သို့မှသာ အတက်များ ထွက်နိုင်မည်ဖြစ်သည်။ တစ်ဧကမှ တစ်ကြိမ် ရိတ်သိမ်းလျှင် ကန်စွန်းရွက် ပိဿာ ၅၀ဝ မှ ၁၀ဝ၀ အထိ ထွက်ရှိနိုင်သည်။
မြန်မာကန်စွန်းမျိုးသည် အရွက်ရော အရိုးပါ သေးငယ်ပြီး အသားကြမ်းသည်။ ရာသီဥတု ဒဏ်ခံနိုင်သည်။ လယ်ထဲတွင် အလေ့ကျပေါက်သည်။ ရိုးစိမ်းနှင့် ရိုးနီ ၂ မျိုးရှိသည်။ လယ်မဟုတ် သော်လည်း အစိုဓာတ်များလျှင်ကုန်းပေါ်၌လည်း ပေါက်သည်။ အပင်ဖြစ်ထွန်းမှုနည်းသည်။ တရုတ် ကန်စွန်းသည် အရွက်ရော အရိုးတံပါ ကြီးမားသည်။ အသားနူးညံ့သည်။ အရောင်မှာ အစိမ်းရောင် ဖြစ်ပြီး အရည်ရွမ်းသည်။ အပင်ဖြစ် သန်မာသည်။ ကြော်စားရန်သာ ကောင်းသည်။ ချက်ပြုတ်စားရန် မကောင်းလှချေ။ စနစ်တကျ စိုက်ပျိုးပေးရန် လိုအပ်သည်။
မြန်မာကန်စွန်းတွင် ပါဝင်သော အာဟာရ ဓာတ်ရာခိုင်နှုန်းများမှာ ရေငွေ့ ၉၀ ဒသမ ၃၊ ပရိုတိန်း ၂ ဒသမ ၉၊ အဆီ သုညဒသမ ၄ ၊ သတ္တု ၂ ဒသမ ၁၊ ကာဘိုဟိုက်ဒရိတ် ၄ ဒသမ ၃၊ ထုံး သုညဒသမ ၁၁၊ မီးစုန်း သုညဒသမ ဝ၅ ၊ သံဓာတ်ဂရမ် ၁၀ဝ လျှင် ၃ ဒသမ ၉ မီလီဂရမ်၊ ကယ်လိုရီ ၃၂၊ ဗီတာမင်အေ ၃၈၀ဝ အိုင်ယူ၊ ဗီတာမင်ဘီ ၁၂၉ အိုင်ယူ၊ ဗီတာမင်စီ ၁၃၇ မီလီဂရမ်ဖြစ်သည်။
ကန်စွန်းရွက်စားခြင်းသည် လူတို့အား နှလုံးရောဂါကို လျော့နည်းစေ၏။ ကင်ဆာကိုလည်း ကာကွယ်၏။ ဆီးချိုရောဂါ နံပါတ်(၂)ကိုလည်း သက်သာစေသည်။ လူတို့ အဆိပ်အတောက်ဖြစ်သော် ထန်းလျက်နှင့် ကန်စွန်းရွက်ကို ကျို ၍ သောက်သုံးနိုင်သည်။ ကန်စွန်းရွက်ကို လူအများ စားသုံးကြသည့်နည်းများမှာကန်စွန်းရွက်နှင့် ချဉ်ပေါင်ချဉ်ရည်ချက်၊ ကန်စွန်းပလိန်းကြော်၊ ကန်စွန်းရွက်ပြုတ်အတို့အမြှုပ်၊ ကန်စွန်းရွက် ရခိုင်သုပ်၊ အကြော်မှုန့်နှင့်ကန်စွန်းညွှန့်ကြော် တို့ကို ပြုလုပ်စား သုံးကြသည်။
ဤသို့ လူအများ စားသုံးမှုများသော ဘေးအန္တရာယ်ကင်းရှင်းသည့် ကန်စွန်းရွက်များ စိုက်ပျိုး ထုတ်လုပ်နည်းကို ရေးသားတင်ပြလိုက်ရပါ သည်။
လှဆန်း(စိုက်ပညာရှင်)