စပါးအထွက်တိုးစေဖို့ အောင်နိုင်တိုးကို စိုက်ပျိုးကြစို့

မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသော နိုင်ငံဖြစ်သည့်အလျောက် စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်စပါးထုတ်လုပ်မှုသည် အရေးကြီးသည့်နေရာတွင် ပါဝင်လျက်ရှိပါသည်။ ထို့အတူ စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် အရည်အသွေးကောင်း၍ အထွက်ကောင်းသော စပါးမျိုးများကို ရှာဖွေဖော်ထုတ် စိုက်ပျိုးကြရမည်ဖြစ်ပါသည်။
ဤတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ YSR-1 (စပါးမျိုးသစ်) ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာတွင် YSR-1 (စပါးမျိုးသစ်) အမည်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “အောင်နိုင်တိုး”ဟု အမည်ပေး ညွှန်ကြားမှု ပြုခဲ့ပါသည်။
အောင်နိုင်တိုးစပါးမျိုး၏ အရည်အချင်းလက္ခဏာများမှာ အသက်ရက် ၁၂၀ ရက်ခန့်ရှိခြင်း၊ အနှံပါပင်ပွား-၁၄၊အနှံအရှည်(စင်တီမီတာ)-၂၆ ဒသမ ၄၀၊တစ်နှံပါသီးလုံး-၁၈၀၊ တစ်နှံပါအောင်စေ့- ၁၆၃၊ အောင်စေ့ရာခိုင်နှုန်း-၉၀၊ စပါးလုံးအုပ်စု- ဧည့်မထ အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထူးခြားကောင်းမွန်သည့် လက္ခဏာများမှာ အသက်လျင်ခြင်း ၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်ခြင်း၊ ဆန်သားကြည်လင်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိခြင်းတို့အပြင် ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး နွေရာသီ၊ မိုးရာသီ နှစ်ရာသီလုံးတွင် စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
အောင်နိုင်တိုးစပါးမျိုးသစ်ရရှိရန် မတူညီသော မိဘမျိုး ၆ မျိုး (SAT 15R (အထွက်ကောင်းခြင်း)၊ IRRI 154 (အထွက်ကောင်းခြင်း)၊ MR 219 (အထွက်ကောင်းပြီး ဆန်အလျားရှည်သွယ်ခြင်း)၊ ဆင်းဧကရီ-၃ (အထွက်ကောင်းပြီး ဆန်အလျားရှည်သွယ်ခြင်း)၊ IR 10L 139 (အထွက်ကောင်းခြင်း)၊ ရွှေသွယ်ရင် (အသက်လျင်ခြင်း) တို့ဖြင့် ၂၀၁၅ခုနှစ် မိုးရာသီမှစ၍ ၂၀၁၆ခုနှစ် မိုးရာသီထိ အဆင့်ဆင့် မျိုးကူးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ခုနှစ် နွေရာ သီမှ ၂၀၁၉ခုနှစ် နွေရာသီအထိ သတ်မှတ်လက္ခဏာများပါဝင်သော ဗီဇငြိမ်လိုင်းများ ရရှိသည်အထိ အဆင့်ဆင့်မျိုးမွေးမြူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ၂၀၁၉ ခုနှစ် နွေရာသီတွင် ဗီဇငြိမ်လိုင်းများမွေးမြူရွေးချယ်ခြင်း၊ ၂၀၂၀ခုနှစ်နွေရာသီမှ ၂၀၂၁ခုနှစ်နွေရာသီထိ အထွက်ယှဉ်ပြိုင် စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ ၂၀၂၁ခုနှစ်မိုးရာသီနှင့် ၂၀၂၂ခုနှစ် နွေရာသီတို့တွင် တောင်သူစိုက်ကွင်းများတွင် အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ် မိုးရာသီမှ ၂၀၂၃ခုနှစ် နွေရာသီထိ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီမှ ချမှတ်သည့်အတိုင်း စပါးသီးနှံ သုတေသနဗဟိုဌာန (ရေဆင်း)၊ ကျောက်ဆည်သုတေသနခြံ၊ ဒေသသုတေသန ဗဟိုဌာန (မြောင်းမြ) တို့တွင် လက်ရှိစပါးမျိုးများထက် သာလွန်ကောင်းမွန်ခြင်း ရှိ/မရှိ စပ်းသပ် စိုက်ပျိုးခဲ့ကြောင်းလည်း သိရှိရပါသည်။
စမ်းသပ်ချက်များအရ YSR-1 (စပါးမျိုးသစ်) သည် သက်တမ်း ၁၂၀ ရက်ခန့်ရှိခြင်း၊ ပျမ်းမျှ အထွက်နှုန်း ၁၄၀-၁၇၀ (တင်း/ဧက) ရှိ၍ အလားအလာကောင်းသောမျိုးဖြစ်ကြောင်း သုံးသပ်တွေ့ ရှိခဲ့ကြပါသည်။
အဆိုပါ မျိုးသစ်သည် ၂၀၂၃ခုနှစ်တွင် ကျင်းပသော ၂၆ ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီတွင် မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပါသည်။
၂၀၂၄ ခုနှစ် နွေရာသီတွင်စတင်၍ ပဲခူးတိုင်းဒေသကြီးရှိ တောင်သူစိုက်ကွင်းများတွင် စိုက်ပျိုးခဲ့ရာ ပျမ်းမျှ အထွက်နှုန်း ၁၂၈ ဒသမ ၇၆ တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ် မိုးရာသီတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် ဧက ၈၉၄၄ စိုက်ပျိုးခဲ့ရာ လက်ရှိ ရိတ်သိမ်းပြီးစီးသည်အထိ အထွက်နှုန်း အမြင့်ဆုံး ၁၆၄ တင်းနှင့် ပျမ်းမျှ တစ်ဧကအထွက်နှုန်း ၁၀၇ ဒသမ ၆၂တင်း ထွက်ရှိနေပြီ ဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုပါက မြန်မာတစ်နိုင်ငံလုံး၏ ဝမ်းစာဖူလုံရုံမက ပိုလျှံဆန်များကို ပြည်ပတင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိနိုင်သည့်အပြင် တောင်သူများအတွက်လည်း ဝင်ငွေတိုးတက်လာစေမည့် စားသုံးမှုအရည်အသွေးကောင်း၍ အထွက်နှုန်းကောင်းမွန်သော အောင်နိုင်တိုး စပါးမျိုးအား တိုးချဲ့စိုက်ပျိုးသွားဖို့ တိုက်တွန်း အကြံပြုလိုက်ရပါသည်။
ဖိုးစပါး(စိုက်ပျိုးရေး)