သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ငါးမျိုးများ

သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ငါးမျိုးများ

fish

နိုင်ငံ၏ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ ရှိကြပါသည်။ယင်းတို့မှာ အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)၊ စုပ်ခွက်ငါးတို့ ဖြစ်သည်။

၁။ အာဖရိကငါးခူ

သိပ္ပံအမည်  - Clarias gariepinus
အင်္ဂလိပ်အမည် - African catfish
မြန်မာအမည်  - အာဖရိကငါးခူ
တွေ့ရှိရာဒေသ - တောင်အာဖရိက

အာဖရိကငါးခူသည် သားစားကြူးသော ရေချိုငါးမျိုးဖြစ်သည်။ ၄င်း၏ပုံသဏ္ဍာန်မှာ ဦးခေါင်းနောက်စေ့ အနည်းငယ်ချွန်ဝိုင်းပြီး ဆူးမာအရှေ့ဖက်တွင် လွှသွားရှိသည်။ အမြီးမှာဝိုင်းသည်။ အပိုလေရှူအင်္ဂါပါရှိပြီး တခြားငါးမျိုးစိတ်များကို ရန်ပြုချိန်တွင် အစင်းကျားများပေါ်လာတတ်သည်။အကြီးဆုံးအရွယ်အစား မှာ ၁၅၀ စင်တီမီတာရှိပြီး ပုံမှန်အားဖြင့် ၃၀-၅၀ စင်တီမီတာ ရှိကြသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၂၀ ရာနှုန်းကို နေ့စဥ်စားသောက်တတ်ခြင်းကြောင့် ဒေသခံတိုင်းရင်းငါးမျိုးစိတ်များ မျိုးတုံးပျောက်ကွယ်နိုင်သည့် အခြေအနေဖြစ်ပေါ်နိုင်သည်။

ယင်း အာဖရိကငါးခူ (Clarias gariepinus) သည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်း၊ ဒေသခံငါးမျိုးများပြုန်းတီးစေကြောင်း တွေ့ရှိရသဖြင့် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက်သား ဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း စသည်တို့ကို မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ ငါးအရှင်များ၊ ရေတွင်ပေါက်ပွားသည့် အပင်များနှင့် မျိုးစေ့များကို တင်သွင်း၊ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရရှိရန် လိုအပ်ခြင်းမှာ နိုင်ငံအတွင်းရှိ ရေနေသတ္တဝါများ၊ ဒေသရင်းငါးမျိုးများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေဂေဟစနစ်များအပေါ် လွှမ်းမိုးခြင်း၊ ပြုန်းတီးစေခြင်း စသည်များကို ကာကွယ်ရန်လိုအပ်ခြင်းကြောင့်ဖြစ်ပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရပါသည်။

၂။ ပြည်ပငါးရံ့

သိပ္ပံအမည်  - Channa micropeltes
အင်္ဂလိပ်အမည် - Toman Giant Snakehead
မြန်မာအမည်  - ပြည်ပငါးရံ့
တွေ့ရှိရာဒေသ - အရှေ့တောင်အာရှနိုင်ငံများ၊ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် အနောက်ပိုင်း 

ပြည်ပငါးရံ့ဖြစ်သော တိုမန်ငါးရံ့များသည် ကမ္ဘာပေါ်ရှိ ငါးရံ့မျိုးနွယ်များမှ အကြီးဆုံးမျိုးများတွင်ပါဝင်ပြီး ငါးရံ့မျိုးနွယ်များအနက် ဒုတိယကြီးထွားမှုနှုန်း အမြန်ဆုံးမျိုးနွယ်လည်း ဖြစ်ပါသည်။

မျိုးရင်း Channidae တွင် အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး အရှည် ၁ ဒသမ ၅ မီတာ (၄ ဒသမ ၉ ပေ) နှင့် အလေးချိန် ၂၀ ကီလိုဂရမ်ရှိပါသည်။ ပြည်ပငါးရံ့သည် အသားစားကျူးခြင်းကြောင့် သဘာဝမြစ်ချောင်း၊ ကန်များတွင် မွေးမြူထားသော ငါးများကို စားသုံးနိုင်ခြင်း၊ ရှင်သန်ရာ ဘဝစက်ဝန်းအဆင့်ဆင့်တွင် အခြားသောငါးများထက် ပို၍စားသုံးနိုင်ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်ပါသည်။ ယင်းပြည်ပငါးရံ့များသည် အလွန်ရန်လိုတတ်သောငါးမျိုးများဖြစ်၍ ဂေဟစနစ်တစ်ခုအတွင်း အခြားငါးမျိုးများကို ယှဥ်ပြိုင်တိုက်ခိုက်အနိုင်ယူကာ ထိုဂေဟစနစ်အတွင်း ထိပ်တန်းသားရဲများအဖြစ် ကြီးစိုးကြပြီး ရေပိုင်နက်အတွင်းရှိ ငါးကြီး၊ငါးသေး၊ပုစွန်၊ကဏန်း၊ ဖားနှင့် ရေနေငှက်မျိုးစိတ်အချို့ကိုပါ အမဲလိုက်စားသုံးနိုင်စွမ်းရှိကြသည်။

စားသောက်ရန်အတွက် အမဲလိုက်ခြင်းမှအပ ၄င်းတို့ပိုင်နက်အတွင်း ကျူးကျော်လာသည့် မည်သည့်ငါးကိုမဆို ရန်လိုစွာ တိုက်ခိုက်သတ်ဖြတ်ကြသေးသည်။ အရွယ်မရောက်ခင် သားခွဲအရွယ်တွင် ပိုမိုအစားကြူးကြသည်။ ဂေဟစနစ်အပေါ်ကြီးစိုး၍ ရေနေသယံဇာတငါးမျိုးစိတ်များအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်အထိ ပြုလုပ်နိုင်သည်။

ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတစ်ပါး မည်သူမျှ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေပြီး ဒေသခံ တိုင်ရင်းငါးမျိုးများကို ပြုန်းတီးစေသည့် ပြည်ပငါးရံ့မျိုးများအား ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်း ဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်းစသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါကငါးမွေးမြူခြင်းဆိုင်ရာဥပဒေ အရအရေးယူခြင်းခံရမည်ဖြစ် 
ကြောင်း သိရပါသည်။

၃။ ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)

သိပ္ပံအမည်  - Cichla ocellaris
အင်္ဂလိပ်အမည် - Peacock bass
မြန်မာအမည်  - ပီးကော့
တွေ့ရှိရာဒေသ - တောင်အမေရိက

အလှမွေးငါး(ပီးကော့)မှာ တောင်အမေရိကတိုက်ရှိ အမေဇုန်၊ အိုရင်နိုကိုမြစ်ဝှမ်းတို့နှင့် ဂိုင်ရားနားမြစ်များထဲ၌ နေထိုင်ကျက်စားကြသည့် သားရဲငါးမျိုးစိတ်ဖြစ်ပါသည်။ မျိုးကွဲပေါင်း ၁၀ မျိုးခန့်ရှိပြီး ဒေသတွင်း၌ ၄င်းတို့သည် ဒေသခံများအတွက် အရေးပါသည့် စားငါးမျိုးများဖြစ်သည့်အပြင် ငါးမျှားသမားများအတွက်လည်း sport fishing ငါးအမျိုးအစားအနေနှင့် နာမည်ကြီးပါသေးသည်။ ၄င်းငါးများကို အခြားနိုင်ငံများက စားငါးအဖြစ် လက်ခံမွေးမြူရာကနေ ငါးမွေးမြူရေးကန်များမှ မတော်တဆ လွတ်မြောက်ခြင်း၊ အပန်းဖြေငါးမျှားဖို့ရန်အတွက် ရည်ရွယ်ချက်ရှိရှိလွှတ်လိုက်ခြင်းများကြောင့် ၄င်းတို့ရှိသင့်သည့် နေရာဒေသ၏ ပြင်ပနေရာများသို့ပါ ပျံ့နှံ့ကုန်ပါသည်။

ပီးကော့ငါးသည် အရှည် ၇၄ စင်တီမီတာ (၂၉ လက်မ) အထိရှိပြီး အခြားသော Cichla မျိုးကွဲများနှင့် မျိုးစပ်နိုင်ပါသည်။ အသားစားငါးမျိုးဖြစ်ပြီးကြီးမားသောပါးစပ်ဖြင့် အစာကိုလျင်မြန်စွာစားသုံးနိုင်ခြင်း၊ အခြားသော ငါး/ ပုစွန်ငယ်များအား အလွယ်တကူစားသုံးနိုင်ခြင်း၊ စွမ်းရည် ရှိကြသည်။ ၎င်းငါးမျိုးစိတ်များ သည်မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ အစာစားပုံအလေ့အထကြောင့်သော်လည်းကောင်းအချိန်တိုအတွင်း အလျင်အမြန်ကြီးထွားနိုင်သည်ဖြစ်၍ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေပြီး ဒေသခံတိုင်းရင်းငါးမျိုးများကို ပြုန်းတီးစေသည့်အတွက်  ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့ လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရပါသည်။

၄။ စုပ်ခွက်ငါး

သိပ္ပံအမည်  - Hypostomus plecostomus
အင်္ဂလိပ်အမည် - Suckermouth catfish
မြန်မာအမည်  - စုပ်ခွက်ငါး (သို့)  လေယာဉ်ပျံငါး
တွေ့ရှိရာဒေသ - တောင်အမေရိက

စုပ်ခွက်ငါးကို ပလီကို(plecos)ဟုလည်း လူသိများကြပြီး ရေညှိရေမှော်များကိုစားသောကြောင့် အလှမွေးငါးကန်များကို သန့်ရှင်းပေးသောငါးဟုလည်း ထင်ရှားသည်။ စုပ်ခွက်ငါး၏ ခန္ဓာကိုယ်သည် ရှည်မျောမျောရှိပြီး ကြမ်းတမ်းမာကျောသည့် အကြေးခွံများနှင့် ဖုံးအုပ်ထားသည်။ သံချပ်ဝပ်တန်ဆာကဲ့သို့ မာကျောသောကြေးခွံများကြောင့်လည်း “ချပ်ဝပ်ငါးခူ”ဟုလည်း ခေါ်ကြပါသေးသည်။

စုပ်ခွက်ငါးသည် အရှည်ဆုံးအလျား ၁၉ လက်မ (SL) နှင့် အလေးချိန် ၂၀ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ အလှမွေးငါးအဖြစ်မွေးမြူရန်နှင့် အလှမွေးငါးကန်များတွင် ရေညှိရေမှော်များရှင်းလင်းရန်အတွက် ပြည်ပမှတင်သွင်းလာသည့် စုပ်ခွက်ငါးများသည် ယခုအခါ မြန်မာနိုင်ငံ၏ မြစ်ချောင်းများတွင် ပြန့်နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် လုပ်ငန်းရှင်များအရှုံးပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းများ၊ ဒေသတွင်းတိုင်းရင်းငါးမျိုးစိတ်များ၏ မျိုးပြန့်ပွားမှုများအား အဟန့်အတားများဖြစ်စေကြောင်း တွေ့ရှိရသဖြင့် အလှမွေးငါးများအားမွေးမြူရာတွင် ပြင်ပသို့လွတ်ထွက်စေခြင်း မရှိစေရေးနှင့် စုပ်ခွက်ငါးများအားသဘာဝရေပြင်တွင်တွေ့ရှိပါက ရေသတ္တဝါအစာအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုကြရန် သင့်လျော်သောနည်းလမ်းဖြင့်ဖယ်ရှားဖျက်ဆီးကြပါရန် ပညာပေးနှိုးဆော်စာများ ထုတ်ပြန်ထားရှိပြီး သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြု လုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း သိရပါသည်။ 

အချုပ်အားဖြင့် ဆိုရသော်-

သဘာဝငါးသယံဇာတများကို ထိခိုက်ပျက်စီးစေသည့် ပြည်ပမှ ပြည်တွင်းသို့ တရားမဝင် တင်သွင်းလာသော အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)၊ စုပ်ခွက်ငါးများအား သဘာဝ (မြစ်၊ချောင်း၊အင်းအိုင်)များသို့ စေလွှတ်ခြင်း မပြုကြစေရေးနှင့် သဘာဝ ရေပြင်များတွင် ပြန့်ပွားမှုမရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကာကွယ်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း-ငါးလုပ်ငန်းဦးစီးဌာန