ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိရေး၊ ဖျက်ပိုးဘက်စုံ ကာကွယ်ပေး

ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ၊ဆီမုန်ညှင်း၊ပန်းနှမ်း) များပန်းတိုင်အထွက်နှုန်းရရှိနိုင်ရန် ဖျက်ပိုးများ (ပိုးမွှား၊ ရောဂါ၊ ပေါင်း) ကာကွယ်နှိမ်နင်းခြင်းများအား စတင် မျိုးစေ့ချချိန်မှစ၍ ရိတ်သိမ်းချိန် တစ်လျှောက်လုံးအချိန်ကိုက်ဆောင်ရွက်သွားရန်အထူးလိုအပ်လှပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် ရာသီအလိုက်ကျရောက်တတ်သော ဖျက်ပိုးများအား သီးနှံစိုက်တောင်သူများသိရှိစေရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများအချိန်မီ ဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေး ချက် (Early warning) များအား တိုင်းဒေသကြီး/ပြည်နယ်များသို့ ထုတ်ပြန်ပေးပို့ခြင်း၊ သီးနှံကာကွယ်ရေးဌာနခွဲ ဝက်ဆိုက် (website)တွင် ထုတ်ပြန်ကြေညာခြင်းများ အားအချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရန် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ၊ဆီမုန်ညှင်း၊ ပန်းနှမ်း) များ တိုးချဲ့စိုက်ပျိုးလျက်ရှိရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရန် ဆီထွက်သီးနှံများတွင် ကျရောက်တတ်သော အင်းဆက်ပိုးမွှား၊ ရောဂါနှင့်ပေါင်းများအား နှိမ်နင်းနိုင်ရန် အောက်ဖော်ပြပါ ဘက်စုံကာကွယ်နှိမ်နင်း နည်းလမ်းများအား လိုက်နာဆောင်ရွက်သင့်ပါသည်။
ဆီထွက်သီးနှံများတွင်အင်းဆက်ဖျက်ပိုးများ (မြေပဲရွက်ထွင်းပိုး၊ ရွက်စုံစားခူဝါ၊ ဖိုးလမင်းကျိုင်း၊ သီးလုံးဖောက်ပိုး၊ ငမြောင်တောင်) စသည့် လိပ်ပြာဖလံပိုးများ ကျရောက်တတ်သဖြင့် စိုက်ခင်းအား ပေါင်းမြက်များအားရှင်းလင်း၍ ပင်ကြွင်းပင်ကျန်များအား မီးရှို့ခြင်း၊ မြေပြင်ချိန်တွင် ခိုအောင်းနေသော ရုပ်ဖုံးများ၊ လောက်ကောင်များအား နှိမ်နင်းရန် ထယ်ထိုး ထွန်မွှေခြင်းများအား သီးနှံစိုက်ပျိုး ချိန်မတိုင်မီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အပင်ကြီးထွားချိန်တွင်ကျရောက်တတ်သော ဖလံများအားဖမ်းယူရန် တစ်ဧကလျှင် မီးထောင်ချောက်တစ်ခုထောင်ခြင်း၊ ထရိုင်ဂိုဂရားမားနဂျီ (Trichogramma) လွှတ်ပေးခြင်းများ ဆောင်ရွက်ရပါမည်။ (သီးနှံကာကွယ်ရေးဌာနခွဲတွင် မှာယူနိုင်ပါသည်)
သီးနှံများပင်ပိုင်းကြီးထွားလာချိန်မှစ၍ရိတ်သိမ်းချိန်အထိစုပ်စားပိုးများ (ပျပိုး၊ လှေးပိုး၊ ယင်ဖြူပိုး) များ ကျရောက်တတ်သဖြင့် သီးနှံမစိုက်မီ မျိုးစေ့အား မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ် စိုက်ပျိုးခြင်း၊ လေဝင်လေထွက်ကောင်းစေရန်အပင်ကြဲကြဲစိုက်ခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်မှုအားကင်းထောက်ခြင်း၊ နံနက် စောစော စိုက်ခင်း ပတ်ဝန်းကျင် လေတင်ဘက် မှ မီးခိုးမှိုင်းတိုက်ခြင်း၊ ခရမ်းချဉ်၊ ဆလပ်၊ ပြောင်း တို့ဖြင့် တွဲဖက်စိုက်ပျိုးခြင်း၊ ပိုးမွှား/ ရောဂါဒါဏ်ခံနိုင်ရန် ပိုတက်ရှ် မြေသြဇာကို မဖြစ်မနေထည့်သွင်းခြင်း၊ အဝါရောင်(သို့) အပြာရောင် ပိုးဖမ်းထောင်ချောက်များဖြင့်ဖမ်းယူခြင်းတို့ ဆောင်ရွက်ရပါမည်။
လိုအပ်ပါက ပိုးသတ်ဆေးကို အသုံးပြုပါ။ ပိုးသတ်ဆေးများကို တစ်မျိုးတည်း ဆက်တိုက်မသုံးပဲ အလှည့်ကျ အသုံးပြုရန်လိုအပ်ပါသည်။ စိုက်ခင်းပတ်ဝန်းကျင်တွင်ပင့်ကူများ၊ နှာတံရှည် နှံကောင်များ၊ ပုရွက်ဆိတ်များ၊ ပုဇင်းများ၊ လိပ်ခုံးကျိုင်းများ၊ ဇာတောင်ပိုး များကဲ့သို့သော ဇီဝထိန်း ချုပ်ပိုးမွှားများကို ထိန်းသိမ်း နိုင်ရန်ပန်းအဖြူ၊ပန်းအဝါပွင့်သောအပင်များ (ဥပမာ-ရုံးပတီ၊ ပန်းနှမ်း၊ ပိုက်ဆံလျှော်) များ စိုက်ပျိုး ပေးရမည်ဖြစ်ပါသည်။
ဆီထွက်သီးနှံများတွင်ကျရောက်သောရောဂါများအားဘက်စုံကာကွယ်နှိမ်နင်းနည်းများမှာ သီးနှံရိတ်သိမ်းပြီးပါက ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်း၊ထယ်ထိုး မြေလှန်ခြင်း၊ ရောဂါခံနိုင်ရည်ရှိသောမျိုးကိုအသုံးပြုစိုက်ပျိုးခြင်း၊ရောဂါကင်းသော စိုက် ခင်းမှ မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးခြင်း၊မြေပြင်စဉ်တွင် မြေဆောင်မှိုရောဂါများ ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဒါးမား(Trichoderma)မှိုသတ်ဆေးကို ထည့်သွင်းခြင်း၊ မစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ခြင်းများဉီးစွာဆောင်ရွက်ရပါမည်။
သီးနှံ စိုက်ပျိုးချိန်တွင်အပင်စိပ်စိပ်စိုက်ခြင်းအားရှောင်ကျဉ်ခြင်း၊ စိုက်ခင်းအတွင်းရေမဝပ်စေရန် ရေထုတ် မြောင်းများထားရှိခြင်း၊ ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာများကို အသုံး ပြုခြင်း၊ နိုက်ထရိုဂျင်ဓါတ်မြေဩဇာတစ်ခုထဲကို အသုံးမပြုဘဲ သီးနှံပင်အတွက် လိုအပ်သော အဟာရဓာတ်ပြည့်စုံအောင်၊ ထည့်သွင်းရန်ထောက်ခံထားသည့် ပမာဏ ပြည့်မီအောင် ထည့်သွင်းခြင်း၊ ရောဂါဒါဏ်ခံနိုင်ရန် ပိုတက်ရှ် မြေသြဇာကို မဖြစ်မနေ ထည့်သွင်း အသုံးပြုခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ရောဂါကျရောက်မှုရှိ/မရှိ ပုံမှန်ကင်းထောက်ခြင်းများ အားအချိန်ကိုက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဗိုင်းရပ်စ်နှင့် မိုက်ကိုပလပ်စ်မာ ရောဂါလက္ခဏာပြနေသော အပင်များကို နှုတ်ယူဖျက် ဆီး မီးရှို့ပါ။ ၎င်းရောဂါများသည် အပင်ငယ်စဉ် စုပ်စားပိုး များ ကြောင့်ကူးစက်မှု ဖြစ်ခြင်း ကြောင့် အပင်ငယ်စဉ်တွင် စုပ်စားပိုး များကျရောက်မှုမရှိအောင် ဆောင် ရွက်ပါ။ ကာကွယ်နှိမ်နင်း ရန်လိုအပ်ပါက ရောဂါသတ်ဆေးကို အသုံးပြုပါ။ ရောဂါသတ်ဆေးများကို တစ်မျိုးတည်းဆက်တိုက်မသုံးပဲ အလှည့်ကျ အသုံးပြုရန်လိုအပ်ပါသည်။
ဆီထွက်သီးနှံများသည် သီးနှံပင်သက်တမ်း အစောပိုင်း ကြီးထွားမှုနှေးသော သီးနှံပင်များ ဖြစ်သောကြောင် ပေါင်းကြောင့်အထွက်နှုန်းဆုံးရှုံးမှုမှာ (၁၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း) အထိရှိပါသည်။ ပေါင်းပုံမှန် မနှိမ်နင်းနိုင်လျှင် အထွက်နှုန်း ဆုံးရှုံးနိုင်သည့်အပြင် ပေါင်းပင်များ၏ အာဟာရ လုယူစားသုံးမှုကြောင့် ဆီထွက်သီးနှံများ၏ဆီပါဝင်မှုကိုပါ ကျဆင်းစေပါသည်။ ဆီထွက် သီးနှံများတွင် ပေါက်ရောက်တက်သော ပေါင်းအမျိုးအစားများမှာ ဝမ်းဘဲစာမြက်၊ ဆင်ငိုမြက်၊ လိပ်ရင်ဘတ်၊ မြူ၊ မြေစာမြက်၊ လက်သဲခွမြက်၊ ပင့်ကူထိပ်ပိတ်၊ ဟင်းနုနွယ် ဆူးပေါက်၊ လေးခွမြက်၊ မြက်သီး၊တောကြက်မောက်ကလေး၊ ကြက်မောက်ဖြူ၊ မြက်မုန်ညင်းဝါ၊ မြက်မုန်ညင်းဥနက်၊ ရှမ်းပြေး၊ ခွေးသေးပန်း တို့ဖြစ်ပါသည်။
ဆီထွက်သီးနှံများတွင်ပေါင်းဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများမှာ သီးနှံအလိုက် မျိုးရွေးချယ်ရာတွင်ယှဉ်ပြိုင်အား ကောင်းသော အောင်မြင်သော မျိုးသန့် မျိုးစေ့များ အသုံးပြုခြင်း၊ ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာနှင့် လယ်ယာစွန့် ပစ္စည်းများ အသုံးပြု ခြင်း၊ပေါင်းမျိုး စေ့နှင့်ပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများမှမျိုးပွား ခြင်းမရှိအောင် ဟန့်တား ခြင်း၊လယ်ယာသုံးကိရိယာများမှမပြန့်ပွားစေရန်အတွက်တစ်ခင်းမှတစ်ခင်းသို့ကူးရာတွင်သေချာစွာ သန့်ရှင်းခြင်း၊ မစိုက်ခင်ထွန်ယက်ပြီးမြေပေါ်တွင် အမြန်ကြီးသော ပဲမျိုးရင်း ဝင်ပင်များ (ဥပမာ - ညံပင်၊ ပိုက်ဆံလျှော်၊မြေနိမ့်ချယ်ရီ) စိုက်ပြီးထယ်ထိုးထွန်မွှေခြင်း၊ ပေါင်းစေ့များ နေရာင်ခြည်မရရှိစေရန်နှင့်ကြီးထွားမှုအဟန့်အတားဖြစ်စေရန်အတွက်ကောက်ရိုး ပြတ်များ၊ ပင်ကြွင်းများဖြင့်ဖုံးအုပ်ခြင်းနည်းစနစ်အသုံးပြုခြင်း၊သီးနှံအလိုက် စိုက်ပျိုးနည်းလမ်းများဖြင့် ကာကွယ်ခြင်း (သီး ညှပ်စိုက်ခြင်း၊ ကြားထွန်ဝင်ခြင်း၊ အပင်သားခွဲခြင်း၊ အပင်မှုန်းခြင်း၊ ဘောင်တင်ခြင်း) လုပ်ငန်းများအား အတန်း မပိတ်ခင်အထိ ဆောင်ရွက်ခြင်း၊ သီးနှံ ပင်သက် တမ်း အစောပိုင်း (သီးနှံသက်တမ်း၏သုံးပုံတစ်ပုံ / အရေးကြီးသောပေါင်း ယှဉ်ပြိုင်ကာလ) အတွင်းတွင်ပေါင်းမြက် ရှင်းလင်းခြင်း၊ ပေါက်ရောက်သော ပေါင်းပင် အမျိုးအစား နှင့်သက်တမ်းပေါ်မူတည်၍သင့်တော်သော ပေါင်းသတ်ဆေးကို သေချာစွာ ရွေးချယ်၍ အညွှန်းစာအတိုင်း မှန်ကန်သော ဆေးနှုန်း ထားကို အသုံးပြု၍ နှိမ်နင်းခြင်း၊ ပြီးခဲ့သောရာသီက စိုက်ပျိုးသီးနှံတွင် အသုံးပြုသော ဆေးအညွှန်းစာတွင် သီးလှည့်စိုက်ရန် စောင့်ဆိုင်း ရမည့်ကာလပါရှိသည့် သီးနှံများကို စိုက်ပါကအညွှန်းအတိုင်း လိုက်နာခြင်း၊ မစိုက်ခင် မြေဖျန်းဆေးအသုံးပြုပါက မစိုက်ခင် ၂ ပတ်အလိုတွင် အသုံးပြုပြီးမှ စိုက်ပျိုးခြင်း၊ (မြေဖျန်းဆေးအတွက် အစိုဓာတ်ရှိရန် လိုအပ်ပြီး မရှိပါကအသုံးပြုပြီး ၁ ပတ်အတွင်း သွင်းရေ (သို့) မိုးရေ ရရန် ဆောင်ရွက်ရန်)၊အပင်မပေါက်မီသုံးသောဆေးအား မျိုးစေ့ချပြီး ၀-၆ ရက်အတွင်း အသုံးပြုရန်နှင့် စိုက်ပြီး (သို့) မျိုးစေ့ချပြီး ၂၁ ရက်အကြာတွင် ထပ်မံပေါက် သောပေါင်း များအား ပေါင်းအမျိုးအစား အလိုက် သီးနှံအလိုက် ရွေးချယ် ပေါင်းသတ် ဆေးအသုံးပြုခြင်း၊ ရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရန် ထိရောက်သော အချိန်မှာ အပူချိန် ၁၅-၂၅ စင်တီဂရိတ် ရှိရန်၊ နံနက် ၈-၉ နာရီခန့်နှင့် ညနေ ၃-၄ နာရီအတွင်း အသုံးပြုရန်ဖြစ်သည်။ ဆေးဖျန်းပြီး မိုးလွတ်ရမည့်ကာလကိုလည်းအညွှန်းပါအတိုင်းလိုက်နာရန်ဖြစ်ပါသည်။
ဖျက်ပိုးများနှိမ်နင်းရာတွင်ကျရောက်မှုများ၍လိုအပ်မှသာဓါတုပိုးသတ်ဆေးများအသုံးပြုသင့်ပါသည်။ဖျက်ပိုးသတ်ဆေးတစ်မျိုးတည်းအားအသုံးပြုနှိမ်နင်းခြင်းသည်ပတ်ဝန်းကျင်တွင် ရှိသောမိတ်ဆွေပိုးများသေစေခြင်း၊သီးနှံများတွင်ဓာတ်ကြွင်းပါဝင်မှုမြင့်များခြင်း၊ စားသုံးသူများတွင် ကျန်းမာ ရေးထိခိုက်မှုများဖြစ်ပေါ်စေခြင်းနှင့် ပိုးသတ်ဆေးပက်ဖျန်းသူများ အားလုံးတို့တွင် အန္တရာယ် ဖြစ်စေနိုင်ပါသည်။သို့ဖြစ်ပါ၍ရေရှည်တည်တံ့ပြီးအထွက်နှုန်း ကောင်း၍ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သောဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သီးနှံကာကွယ်ရေးဌာနခွဲမှအကြံပြုထားသောဖျက်ပိုး (ပိုးမွှား၊ရောဂါ၊ပေါင်း) ဘက်စုံကာကွယ်နှိမ်နင်းနည်းများအား လိုက်နာဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
ဒေါက်တာခင်ခင်မာလာမြင့်နှင့်အဖွဲ့