သဘာဝကပေး အစာနှင့်ဆေး ၊ ကင်ပိမ့်ပင်

သဘာဝကပေး အစာနှင့်ဆေး ၊ ကင်ပိမ့်ပင်

india spinish

ကင်ပိမ့်ပင်ကို အရပ်အခေါ် မှင်သီးပင်ဟု လူသိများပြီး ဆေးဖက်အခေါ် နွယ်နီနတ်ပန်းပင်ဟုလည်း ခေါ်တတ်ကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Malabar spinach ဟုခေါ်ပြီး Vine spinach နှင့် Ceylon spinach ဟုလည်း လူသိများ ယင်း၏ရုက္ခဗေဒအမည်မှာ Basella alba ဖြစ်ကာ မျိုးရင်း Basellaceae တွင် ပါဝင်၏။ ကင်ပိမ့်ပင် သည် အင်းဒီးယန်းတိုက်ငယ်မှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် နယူးဂီနီယာနိုင်ငံများမှ စတင်ဖြစ်ထွန်းပြီး နောက်ပိုင်းတွင်တရုတ်၊ အပူပိုင်းအာဖရိက၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အနောက်အင်းဒီစ်၊ ဖီဂျီနှင့် ပြင်သစ် ပိုလီနေးရှား နိုင်ငံများအထိ ပေါက်ရောက် နေရာယူလာကြ၏။ ကင်ပိမ့်ပင်သည် နှစ်ရှည်နွယ်ပင်မျိုးဖြစ်ပြီး ယင်းကို အရှေ့တောင် အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် ဟင်းသီးဟင်းရွက်အဖြစ် တွင်ကျယ်စွာ စားသုံးကြ၏။

ကင်ပိမ့်ပင်သည် လျင်မြန်စွာကြီးထွားဖွံ့ဖြိုးနိုင်သော နူးညံ့သောပင်စည်ရှိသည့်နွယ်ပင်မျိုးဖြစ်ပြီး ၁ဝ မီတာ အထိ ရှည်လျားစွာ ပေါက်ရောက်ကြ၏။ ယင်း၏ ထူပြီး အရည်ရွှမ်းသော အသည်းပုံအရွက်များသည် အနံ့ အနည်းငယ်ရှိပြီး ချွဲကျိကျိအလွှာဖြင့် တည်ဆောက်ထားကြ၏။ ကင်ပိမ့်ပင်၏ ပင်စည်အရောင်ပေါ်မူတည်ပြီး အစိမ်းနှင့် အနီဟူပြီး နှစ်မျိုးရှိ၏။ ပင်စည်အစိမ်းမျိုးကို Alba ဟု ခေါ်ပြီး ခရမ်းနီရောင်မျိုးကို Rubra ဟု ခေါ်ကြ၏။  

ကင်ပိမ့်ရွက်ခြောက် ၁ဝဝ ဂရမ်တွင် ၂၇၅ ကယ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ နိုင်ရာစင်၊ ဘီစစ်၊ ဗီတာမင်စီ တို့ ကြွယ်ဝစွာပါဝင်၏။ ထို့အပြင်သံဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်၏။ ထိုမျှသာမက ပရိုတင်း၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက် စီယမ်တို့လည်း အမြောက်အများပါဝင်၏။ ဓာတ်တိုးဆန့်ကျင်နိုင်သော လူတင်န် lutein နှင့်  ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်၏။   

ကင်ပိမ့်ရွက်တွင်ပါဝင်သည့် ဖိုလိပ်ဓာတ်သည် ကိုယ်ခန္ဓာတစ်ခုလုံး၏ ဇီဝကမ္မဖြစ်စဉ်ကောင်းမွန်စေရန်  ထမ်းဆောင်ပေးနိုင်သည့်အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း ဖြစ်စဉ်များလည်းကို ထိန်းချုပ်ပေးနိုင်စွမ်း၏။ ထို့အပြင် နှလုံးသွေးကြော ဆိုင်ရာ ဆက်စပ်ရောဂါများ၊  ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ လေးလံ နှေးကွေးလာခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ် ဖောက်ပြန်ခြင်းနှင့်ဇရာအကြို မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဝေဒနာများအတွက် ကင်ပိမ့်ရွက်ကို နေ့စဥ်စားသုံးသည့် အစားအစာများတွင် ထည့်သွင်းချက်ပြုတ်စားသုံးပေးသင့်၏။ 

  • ကင်ပိမ့်ရွက်ကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အူမကြီး၊ သားအိမ်ခေါင်း၊ ရင်သား၊ အဆုတ်နှင့် ဦးနှောက် ကင်ဆာများ ဖြစ်ပွားမှုကို ဟန့်တား စေနိုင်၏။ 

  • သံဓာတ်ကြွယ်ဝစွာပါဝင်သည့်  ကင်ပိမ့်ရွက်ကို ချက်ပြုတ်စားသုံးပေးခြင်းသည် သွေးနီဥကျန်းမာရေးကောင်းမွန်စေပြီး သွေးအားနည်းမှ သက်သာစေခြင်း၊ သွေးကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်းတို့မှ သက်သာစေနိုင်၏။ 

  • ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိခင်သည် သံဓာတ်ချို့တဲ့ခဲ့ပါက မွေးဖွားလာသည့်ရင်သွေးငယ်တွင် ဦးခေါင်းခွံ မဆက်ခြင်း၊ မွေးရာပါကျောရိုးအမြှေးကျွံခြင်း၊ ကိုယ်လက်အင်္ဂါမပြည့်စုံခြင်းနှင့် မွေးရာပါနှလုံးရောဂါများ ပါလာတတ်သည့် ရင်သွေးငယ်ကို မွေးဖွားခြင်း အစရှိသည်တို့ ကြုံတွေ့ရတတ်၏။  သို့ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကင်ပိမ့်ရွက်ကို စားသုံးပေးသင့်၏။

  • လူသားတို့နေ့စဥ်လုပ်ငန်းဆောင်တာများကို စွမ်းဆောင်ရည်အပြည့်နှင့် ဆောင်ရွက်လိုသူများ၊ သွေးဆုံးချိန်အကြို ဝေဒနာခံစားနေရသည့်အမျိုးသမီးများအတွက် သံဓာတ်ကြွယ်ဝသည့် ကင်ပိမ့်ရွက်ကို စားသုံးပေးခြင်းဖြင့်တစ်နေ့တာ လုပ်ငန်း စဥ်များကို စိတ်ရောကိုယ်ပါတက်ကြွစွာဖြင့် လုပ်ဆောင်နိုင်စေ၏။

  • လတ်ဆတ်သည့်ကင်ပိမ့်ရွက် ၁ဝဝ ဂရမ်တွင် အစာစွမ်းအင် ၁၉ ကယ်လိုရီသာပါဝင်ပြီးအဆီပါဝင်မှု အလွန်နည်းပါးကာ ဗီတာမင်၊ သတ္တု ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိတို့ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် ကင်ပိမ့်ရွက်ကို ကြော်လှော်ချက်ပြုတ်ပြီး စားသုံးနိုင်၏။

  • ထူထဲပြီးအရည်ရွှမ်းသော ကင်ပိမ့်ရွက်တွင် ကစီဓာတ်မပါဝင်သော ပိုလီဆက်ခရိုက်နှင့်  စေးကပ်ကျိချွဲသည့် mucilage တို့ကြွယ်ဝစွာပါဝင်ခြင်း၊ အရွက်နှင့်ကိုင်းနုလေးများတွင် သဘာဝအမျှင်ဓာတ်ပါဝင်ခြင်းတို့ကြောင့် အစာခြေစနစ်ကို ချောမွေ့စေခြင်း၊  မကောင်းသည့် ကိုလက်စထရောစုပ်ယူခြင်းကို လျော့ကျစေခြင်း၊  ကျင်ကြီးကျင်ငယ်စွန့်ခြင်း ဆိုင်ရာ အခက်အခဲများကို တားဆီးပေးနိုင်စွမ်းရှိ၏။

  • ကင်ပိမ့်ရွက်နှင့် အကိုင်းနုတို့တွင် ဗီတာမင်အေကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အကျိအချွဲအလွှာနှင့် အရေပြားတို့ကို ကျန်းမာရေးစေသည့်အပြင် အမြင်အာရုံကို ပိုမိုကြည်လင်ကောင်းမွန်စေနိုင်၏။

  • ဗီတာမင်စီကြွယ်ဝစွာပါဝင်သည့် ကင်ပိမ့်ရွက်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင်ခြင်း၊ ကူးစက်ရောဂါများကို ခံနိုင်ရည်စွမ်းရှိခြင်း၊ အရေပြားကို ကျန်းမာစေခြင်းနှင့် အရွယ်တင်နုပျိုစေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းတို့ကို ရရှိနိုင်၏။

  • လူသားတို့ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များနှင့် ကိုယ်တွင်းအရည်များကျန်းမာရေးအတွက် အရေးပါသော ပိုတက်စီယမ် ဓာတ်သည် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို ထိန်းညှိရာတွင် အထောက်အကူပြုနိုင်သည့်အတွက်  ကင်ပိမ့်ရွက်ကို စားသုံးပေးသင့်၏။

  • ကင်ပိမ့်ရွက်တွင် ဇင့်နှင့် မဂ္ဂနီစီ   ယမ်ဓာတ်တို့ ကြွယ်စွာပါဝင်သည့်အတွက် ညဘက်တွင် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူစေနိုင်ခြင်း၊   ဆုံးရှုံးသွားသော ကိုယ်တွင်းစွမ်းအင်များကို စက္ကန့်ပိုင်းအတွင်း ပြန်လည်အားဖြည့်ပေးနိုင်ခြင်းကြောင့် ကိုယ်ရောစိတ်ပါ လန်း ဆန်းစေနိုင်စွမ်းရှိ၏။

  • ကင်ပိမ့်မြစ်သည် အရေပြားကို စေ့ပြီး သွေးတိတ်စေနိုင်စွမ်းရှိ၏။ 

  • ဝမ်းပျက်ဝမ်းလျှောဝေဒနာခံစားရပါက ကင်ပိမ့်မြစ်ကိုချက်ပြုတ်ပြီး စားသုံးရ၏။

  • ကင်ပိမ့်အမြစ်ကိုတူးပြီး သန့်စင်အောင်ရေဖြင့်ဆေးကြောကာ ကြိတ်ပြီး ရရှိလာသည့်အနှစ်ကို အဆစ်အမြစ်များနှင့်ရောင်ရမ်းနာကျင်သည့် နေရာများတွင် လိမ်းကျံပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။

  • မကြာခဏဝမ်းချုပ်တတ်သူများ ကင်ပိမ့်ရွက်နှင့် ကိုင်းနုလေးများကို ချက်ပြုတ်ပြီးစားသုံးသင့်၏။ 

  • ဝမ်းကိုက်ဝေဒနာခံစားနေရာပါက ကင်ပိမ့်ရွက်ကိုဖျော်ရည်ပြုလုပ်ကာ သောက်သုံးသင့်၏။ 

  • ကင်ပိမ့်ရွက်ကို ဆီးရွှင်ဆေး၊ အဖျားကျစေဆေး၊ နှာစေးချောင်း ဆိုးပျောက်ဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြု ကြ၏။

  • အပူလောင်ခြင်းနှင့် ဆက်စပ်အနာများအတွက်လည်း ကင်ပိမ့်ရွက်ကို ခူးဆွတ်ကာ ရေဖြင့်သန့်စင်အောင် ဆေးကြော ပေးပြီး အနှစ်ပြုလုပ်ကာ အနာပေါ်တွင်အုံပေးခြင်းဖြင့် အသုံး ပြုနိုင်၏။

  • ကင်ပိမ့်ပန်းကို အဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြ၏။ 

  • ကင်ပိမ့်သီးမှရရှိသောအရည်ကို မျက်မြှေးရောင်နာနှင့်မျက်စိနာသည့် အခါ မျက်စဉ်းဆေးအဖြစ် အသုံး ပြုနိုင်၏။

ကင်ပိမ့်ပင်သည် ငှက်ကလေးများမှတစ်ဆင့်အလွယ်တကူ အလေ့ကျပျံ့နှံ့ပေါက်ရောက်သော အပင်မျိုးဖြစ်သည့်အတွက် အလွယ် တကူ ဆွတ်ခူးရရှိနိုင်သကဲ့သို့ စျေးထဲတွင်လည်း ဝယ်ယူရရှိနိုင်၏။ 

ကင်ပိမ့်အညွန့်ရွက်နှင့် အကိုင်းနုလေးများကို ရေနွေးဖျောပြီးနောက် ခရမ်းချဥ်သီးပန်ထွေဖျော်၊ ပဲပုပ်ထောင်း၊ ပဲပုပ်ချက်၊ ခရမ်းချဉ် သီးငါးပိချက်၊ ငါးပိသုပ်၊ ငါးပိထောင်း သံပရာရည်ဆမ်း၊ ငါးပိရည်ကျိုဖျော်တို့ နှင့် တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးကြ၏။

ကင်ပိမ့်ရွက်ညွန့်များကို သန့်စင်အောင်ဆေးကြောပြီးနောက် ကြက် သွန်ဖြူဓားပြားရိုက် ဆီသတ်ပြီး ကြော်စားနိုင်၏။

ကင်ပိမ့်ရွက်ညွန့်နုလေးများကို ရေနွေးဖျောပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဥ်သီး၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင် လှသည့် ကင်ပိမ့်ရွက်သုပ်လေးရပါပြီ။  သွေးအားနည်းသူများအတွက် နေ့စဥ်စားသုံးပေးသင့်သည့် ဟင်းတစ်မယ်ဖြစ်၏။

ကင်ပိမ့်ရွက်ကို နှစ်သက်ရာ ငါး/ပုစွန်တို့နှင့်လည်း ချဥ်ရည်ဟင်းချက်စားနိုင်၏။

ကင်ပိမ့်ရွက်ကို အခြောက်လှန်းပြီး လက်ဘက်ခြောက်အဖြစ်လည်း နှပ်သောက်ကြ၏။ 

ကင်ပိမ့်သီးမှရရှိသော ခရမ်းရောင်အရည်ကို အစားအစာနှင့် မုန့်များ သကြားလုံးများပြုလုပ်ရာတွင် အရောင်ဆိုးဆေးအဖြစ်လည်းကောင်း၊ မှင်အဖြစ်လည်းကောင်း၊ အလှကုန်ပစည်းများထုတ်လုပ်ရာတွင် ရောင်ခြယ်အနေဖြင့်လည်းကောင်း အသုံးပြုကြ၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ကင်ပိမ့်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူး ကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်