ငါးမွေးတောင်သူများ သိထားသင့်သည့် ငါးမွေးမြူရေးကန် အမျိုးအစားများ

ငါးမွေးတောင်သူများ သိထားသင့်သည့် ငါးမွေးမြူရေးကန် အမျိုးအစားများ

ငါးကန်

ငါးမွေးမြူရေးကန်အမျိုးအစားကို အကြမ်းအားဖြင့် အောက်ဖော်ပြပါ အမျိုးအစား လေးမျိုးလေးစား ခွဲခြားထားနိုင်ပါသည်။၄င်းတို့မှာ-
  ၁။ မျိုးဖောက်ငါးကြီးများထားရန်ကန်
  ၂။ မျိုးပွားကန်
  ၃။ ဥပေါက်ကန်
  ၄။ ငါးမွေးမြူရေးကန်တို့ ဖြစ်ပါသည်။

၁။ မျိုးဖောက်ငါးကြီးများထားရန် ကန် 

ငါးများကို စီးပွားဖြစ်အကြီး အကျယ်မွေးမြူသူများအဖို့မျိုးဖောက်ရန် ငါးကြီးကန်၏ ဧရိယာပင် တစ်မတ်မှ တစ်ဧကအထိရှိ၍ ရေစောက်အနက်မှာ ၅ပေ ရှိသည်။ရေသွင်း၊ ရေထုတ်ပိုက်များ တပ်ဆင်ထားသည်။

ခြေနိုင်လက်နိုင်မွေးမြူသူများအတွက်မူ ဤမျှဧရိယာအကျယ်မလိုပါပေ။ဂျပန်နိုင်ငံ၌ လယ်ကွက်များတွင် ငါးမှုန်များကို မျိုးပွားယူရန်အတွက် မျိုးဖောက်ငါးကြီးများ ငါးကန်ထား၏။ အချို့နိုင်ငံများတွင်မူ မျိုးငါးများကို ရိုးရိုးငါးမွေးကန်တွင်ပင်ထည့်မွေး၏။

မျိုးငါးကန်ကို အေးမြသောလေအေး ရုတ်တရက်မတိုက်နိုင်သော လေဟာပြင်နေရာမျိုးကို ရွေးချယ်ပြီး တူးရသည်။အဘယ်ကြောင့်ဆိုသော် ရာသီဥတုအေးလျှင် သားပေါက်မှုနောက်ကျသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်၏။

ခိုင်ခံ့သောကန်ပေါင်များရှိပြီး လုံလောက်သော ရေတံခါးများရှိလျှင် ပိုမိုကောင်းပါသည်။ မျိုးငါးကြီးများအား လိုအပ်သောအာဟာရဓာတ်များပါသည့် အစာများကို ကျွေးရန် ဂရုစိုက်ရပါသည်။ သားဖောက်ခါနီးတွင် လက်ရွေးစင်မျိုးငါးကြီးများကို ငါးလှောင် ကန်များတွင် ခေတ္တထည့်၍ အထီးအမ ခွဲခြားထားရသည်။

မျိုးငါးကြီးများ ခေတ္တထားရသည့် လှောင်ကန်

လှောင်ကန်ပြုလုပ်ရန် မျှင်ဝါးလုံးတိုင် လေးတိုင်လိုအပ်ပါသည်။လှောင် ကန်အရွယ်အစားအလိုက် မြေတွင်ခိုင်မြဲစွာ စိုက်ရပါမည်။ယိုင်လဲမသွားစေ ရန် ဝါးလုံးတန်းများဖြင့် ထိန်းထားဖို့လိုပါမည်။လှောင်ကန်အရွယ်အစားမှာ ၆ပေ x ၆ပေ x ၃ပေ ရှိ၍ ခြင်ထောင်ဇာ သို့မဟုတ် နိုင်လွန်ဇာကွက်ရှိသော ပိတ်စဖြင့် ပတ်ပတ်လည် လုံခြုံစွာချုပ်ထား၏။ထောင့်ရှစ်ထောင့်၌ ဝါးလုံး များတွင်ချည်ရန် ကွင်းများပါသည်။အထက်ပိုင်းတွင် ငါးများထည့်သွင်းနိုင်ရန် အပေါက်ငယ်ရှိသည်။အဆိုပါအပေါက်တွင် ငါးများ ခုန်မထွက်နိုင်ရန် အပိတ်တစ်ခု ထားပေးရသည်။

လှောင်ကန်အပေါ်ပိုင်းကို ရေမျက်နှာပြင်မှ ၆ လက်မ ၁၀ လက်မ ခန့် အမြင့်၌ ထောင့်လေးထောင့်ကို ဝါးလုံးတိုင် ၄ တိုင်တွင် ဆွဲ၍ချည်သည်။ဤနည်းအတိုင်း အောက်ဘက်လေးထောင့်ကိုလည်း ဆွဲချည်ထားသော လှောင် ကန်ဖြစ်သည်။ စိုက်ထားသောဝါးလုံးသည် လှောင်ကန်ထက် တစ်တောင်ခန့်   
မြှင့်ထားရသည်။

အထက်ပါလှောင်ကန်များတွင် မျိုးဖောက်မည့် ငါးကြီးများကို အထီးအမခွဲခြား၍ သားဖောက်မည့်ဆဲဆဲတွင် ခေတ္တလှောင်ထားရပါသည်။

၂။ မျိုးပွားကန်

အချို့က ငါးသားဖောက်မျိုးပွားရန်ကန်ကို သားပေါက်ကန်၊ မိတ် လိုက်ကန် ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ငါးထီးနှင့် ငါးမ အလွယ်တကူ ထိတွေ့နိုင် ရန်အတွက် မျိုးပွားကန်သည် သေးငယ်ဖို့လို၏။ထောင့်မှန်စတုဂံပုံရှိသင့်သည်။ ရွှေဝါငါးကြင်းမျိုးပွားရန် သုံး၏။

ကန်၏ဧရိယာစတုရန်းပေအကျယ်မှာ ၁၇၂ စတုရန်းပေမှ ၄၃၀ စတုရန်းပေ သို့မဟုတ် ပျှမ်းမျှအလျား ၁၇ ပေ၊ အနံ ၁၀ ပေမှ အလျား ၃၀ ပေ၊အနံ ၁၅ ပေအတွင်း ကန်ငယ်ကလေးများ ဖြစ်ရပါမည်။ရေအနက်မှာ ၂ပေ မှ ၃ပေ အနက်အထိ ရှိရပါမည်။

ကန်အောက်မြေသည် မြေမာဖြစ်ပြီး ရွှံ့ညွန်များ မရှိစေရပါ။ဖြစ်နိုင်လျှင် ကန်ထဲတွင် ငါးများမိတ်လိုက်၍ ပြေးလွှားကြသည့်အခါတွင် ရေနောက်မလာစေရန် ကန်အောက်ခြေတွင် အမှိုက်များ မရှိစေရပါ။ယင်းသို့ မဖြစ်လျှင် သဲကြမ်းများဖြင့် ဖုံးထားရပါမည်။ကန်အောက်တွင် မြက်ပင်၊ပေါင်းပင်များ မရှိရန် ဆောင်ရွက်ထားဖို့လိုသည်။သို့မဟုတ်ပါက ငါးဥများသည် အထူးပြုလုပ်ထားသော ဥစုကိရိယာထဲသို့ မကျဘဲ ထိုမြက်ပင်သစ်ပင်များတွင် တွယ်ကပ်နေပေလိမ့်မည်။

ကန်ထဲသို့ ထည့်ထားသောရေသည် ရေကြည်ဖြစ်ရမည်။အကယ် ၍ ရေနောက်သာရှိနေပြီး ရေကြည်မရခဲ့လျှင် ထိုရေကို အနည်ထိုင်ရေလှောင် ကန်ထဲမှ ဖြတ်သွားစေပြီး ရေသွင်းပေါက်မှ သွင်းရပါမည်။

အထူးပြုလုပ်ထားသော မျိုးပွားကန်များမရှိပါက သင့်လျော်သော ကန်မြေနှင့် ရေကောင်းရှိသည့် ကန်ထဲတွင် ငါးလှောင်ခြံများ၊မျိုးပွားလှောင်ကန်များပြုလုပ်၍ သားဖောက်နိုင်ပါသည်။

မျိုးပွားလှောင်ကန်မှာလည်း ဝါးစိုက်ထူပုံ၊ ဇာပိုက်တပ်ဆင်ပုံများမှာ မျိုးငါးကြီးများ အထီးအမ ခွဲခြားပြီး လှောင်ကန်လုပ်ထားသကဲ့သို့ ပြုလုပ်ရပါသည်။ဇာပိုက်ကို ငါးအရွယ်အစားလိုက်၍ ၈ပေ x ၈ပေ x ၃ပေ သို့မဟုတ် သင့်လျော်သည့် အရွယ်အစားဇာပိုက်များကို ချုပ်ရပါသည်။

ဤလှောင်ကန်ချုပ်ရာတွင် ခြင်ထောင်ဇာ သို့မဟုတ် အကွက်စိပ် သော ချည်ဇာဖြင့် ချုပ်ရ၏။ ၄င်းချည်သည် ရေတွင်ပွလာသဖြင့် ချည်ကွက်များ ကျဥ်းလာသောကြောင့် ဥများယိုထွက်ခြင်းမှ တားဆီးနိုင်ပေသည်။

မျိုးပွားကန်၏ အောက်ခြေသည် မာကျောပြီး ကျောက်ခဲများ ပေါ်ပါက ငါးများလှုပ်ရှားသည့်အခါ ထိခိုက်နာကျင်စေတတ်ပါသည်။ဤသို့မဖြစ်ရန် ရေသွင်းပေါက်နားတွင် ရေအနက် လက်မ ၂၀ ခန့်ရှိစေပြီး ရေထုတ်ပေါက်နားတွင် ၂၈ လက်မခန့် ရှိစေရမည်။ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ကန်မှရေထုတ်ရာတွင် ပိုမိုလွယ်ကူစေပါသည်။

အေးမြသောရာသီဥတုတွင် ကန်ရေသည် အနည်းဆုံး ၁ပေခွဲခန့် ရှိစေရပါမည်။ ရေမသွင်းမီ သား ပေါက်ကန်မြေသည် ဥပေါက်ကန်မြေထက်ပိုမိုခြောက်သွေ့သင့်သည်။အဘယ်ကြောင့်ဆိုသော် သားပေါက်ကန်မြေသည်ပိုမိုမာကျောရန်လိုအပ် သောကြောင့် ဖြစ်သည်။

၃။ဥပေါက်ကန်

ရွှေဝါငါးကြင်းဥများဖြင့် ကပ်နေသည့် ဗေဒါပင်များကို ဆယ်၍ ဥပေါက်ကန်တွင် ဥပေါက်စေကြသည်။ဥပေါက်ကန်တစ်ခု၏ အကျယ်ဧရိယာမှာ ၅၀၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေ သို့မဟုတ် အလျား ၃၅ ပေ၊အနံ ၁၅ ပေမှ အလျား ၅၀ ပေ၊အနံ ၂၀ ပေအထိ ငါးကန်များ ဖြစ်ရပါမည်။လေအေးမတိုက်ခတ်နိုင်သော နေရာ တွင် တူးဖော်ရပါမည်။နေရောင်ခြည်လည်း ရနိုင်သလောက် ရရမည့်နေရာလည်း ဖြစ်ရပါမည်။

ကန်မြေမှာ သြဇာဓာတ်ပြည့်ဝသော ရွံ့စေးမြေဖြစ်ဖို့ လိုပါသည်။ဆင် ခြေလျှောဖြစ်ပြီး ရေသွင်းပေါက်အနားတွင် ရေအနက် ၁ပေ မှ ၂ပေ ၄လက်မ အထိရှိပြီး ရေထုတ်ပေါက်အနားတွင် ရေအနက် ၂ ပေ ၈ လက်မခန့် ရှိရပါမည်။ 

စီးပွားဖြစ်မွေးမြူရန်အတွက် ကန်များကို သင့်လျော်သည့် အချိုး အစားအလိုက်ထားရသည်။ ပြုစုကန်ဧရိယာသည် ဥပေါက်ကန်ဧရိယာထက် နှစ်ဆ၊ သုံးဆခန့်ရှိရမည်။

အချို့မွေးမြူရေးသမားများသည် ဤဥပေါက်ကန်ကိုပင် ပြုစုကန်အ ဖြစ် အသုံးပြုကြသော်လည်း အချို့မှာ တစ်နေရာတွင် ဥပေါက်စေပြီးမှ ပြင် 
ဆင်ထားသည့် ဥပေါက်ကန်ထဲသို့ ထည့်၍ ငါးမှုန်များပြုစုကြပါသည်။

ပြုစုကန်၊ဥပေါက်ကန်များကို လုပ်ငန်းမစမီ ရေထုတ်အခြောက်လှန်းရ သည်။သုံးလေးရက် အချိန်ယူနေလှန်းရမည်။၄င်းကန်များထဲသို့ သားပေါက် ကန်ထက် ရေနှစ်ရက်၊သုံးရက်စော၍ ထည့်ရမည်။ဥပေါက်ကန်အောက်ခြေ ကို ညှိလိုက်ရမည်။ရေဖြည့်ခြင်းကို နံနက်စောစော ၁၀ နာရီခန့်တွင် ပြုလုပ်ရ သည်။

ရွှေဝါငါးကြင်းအတွက် ဥပေါက်ကန်သာမက အချို့ငါးမျိုးများအတွက် ဥဖောက်လှောင်ကန်လည်း လိုပါသည်။အသုံးပြုသော ဝါးစိုက်ထူပုံ၊ပိုက်တပ် ဆင်ပုံတို့မှာ မျိုးဖောက်ရန် ငါးကြီးများ အထီးအမခွဲခြားထားသည့် လှောင် ကန်အတိုင်းပင် ဖြစ်သည်။ဥဖောက်လှောင်ကန်တွင် အတွင်းဥဖောက်လှောင် ကန်၊ အပြင်ဥဖောက်လှောင်ကန်ဖြင့် လုပ်ကိုင်ရပါသည်။

အတွင်းဥဖောက်လှောင်ကန်

အရွယ်အစား ၅ပေ x ၂ပေခွဲ x ၁ပေခွဲရှိ နိုင်လွန်ခြင်ထောင်ဇာဖြင့် ချုပ်ထားသည့် ဆန်ခါများကဲ့သို့ ဖြစ်နေသဖြင့် ဥတင်နိုင်၏။အကောင်ပေါက် ကလေးများသည် ဥထက်သေးငယ်သဖြင့် ဆန်ခါပေါက်ကလေးများမှ အပြင်ဥဖောက်လှောင်ကန်ထဲသို့ ကျသွား၏။ ထို့ကြောင့် ဥခွံနှင့် ငါးမှုန်ခွဲခြားသွားပြီး ဥခွံများကို အလွယ်တကူ ဖယ်ထုတ်နိုင်ပါသည်။

အပြင်ဥဖောက်လှောင်ကန်

အရွယ်အစား ၆ပေ x ၃ပေ x ၃ပေ ရှိပြီး ဥကလေးများ နေရောင်ခြည် နှင့် လေရရှိရန် ထိပ်ပိတ်ဖုံး မလိုချေ။ချည်မဟုတ်သည့် နိုင်လွန် သို့မဟုတ် မြန်မာဖြစ်တက်ထရွန်၊ ငရမန်ပိတ်နှင့် အခြားအလွန်ပါးသည့် ရေအဝင် အထွက် ကောင်းသော အသားဖြင့်ချုပ်ရ၏။ အထက်နှင့်အောက် ထောင့်ရှစ်ထောင့် တွင် ကွင်းများပါသည်။အတွင်းပိုင်းတွင် အတွင်းဥဖောက်လှောင်ကန် ချည်ရန်အတွက် ကွင်းများပါ၏။

အထူးသတိပြုရမည့်အချက်မှာ လှောင်ကန်များ စိုက်ထူပြီးပါက ငါးရိုင်းများအတွင်းသို့ မဝင်နိုင်စေရန် အပြင်ဘက်မှနေ၍ ထပ်ဆင့်ပြီး နိုင်လွန်ပိုက်များကို ကာရံစိုက်ထူထားရပါသည်။ ဤဥဖောက်လှောင်ကန်များတွင်ဆေးထိုးသားဖောက်လုပ်၍ရသော ဥများကို ဖောက်ရန် အသုံးပြုကြသည်။

အထက်ဖော်ပြပါ မျိုးဖောက်ငါးကြီးများ ထားရန်ကန်၊မျိုးပွားရန်ကန်နှင့် ဥပေါက်ကန်နှင့် ပြုစုကန်၊ငါးကန်များနှင့် လှောင်ကန်ကလေးများမှာ ကိုယ်တိုင်သားဖောက်မျိုးပွားလိုသော ငါးမွေးမြူသူများအတွက်သာ ဖြစ်ပါ သည်။

သာမန်ငါးမွေးမြူသူများအတွက် ဤကန်များ မလိုအပ်ပေ။ မျိုးဖောက်ထားပြီး ငါးသားပေါက်များနှင့် သဘာဝအတိုင်း ပေါက်ဖွားလာသော ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာန၊ငါးသားပေါက်စခန်းများမှ ဖြစ်စေ၊ ပုဂ္ဂလိက ငါးသားပေါက်ရောင်းချသူများထံမှ ဖြစ်စေ အလွယ်တကူ ဝယ်ယူနိုင်ပါသည်။

၄။ ငါးမွေးမြူရန် ကန်

ငါးမွေးမြူရေးကန်ကိုမူ အသေးစိတ် အထူးရေးသားရန် မလိုတော့ပါ။ ငါးမွေးမြူရေးကန်ပြုလုပ်နည်းကို “ငါးမွေးကန်အဟောင်းနှင့် အသစ်အား ကြိုတင်ပြင်ဆင်ခြင်း” ဆောင်းပါးတွင် အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။(e-Paper 0022)

ငါးကန်များ တူးဖော်သင့်သောအနေအထား

ငါးကန်များတူးလျှင် မိမိကိုယ်တိုင် ငါးသားဖောက်သည် ဖြစ်စေ၊ ငါးကြီးများ တစ်ကန်မကမွေးမြူသည်အထိ တစ်ကန်နှင့်တစ်ကန် ငါးအပြောင်း အရွှေ့ လွယ်ကူစေရန်အတွက် စီမံပြီး တူးရပါမည်။အပြောင်းအရွှေ့အလွယ်ကူဆုံးမှာ တစ်ကန်နှင့်တစ်ကန် ကန်ပေါင် အနည်းဆုံး တစ်ပေါင်သာခြားခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။ထို့ကြောင့် မိမိဉာဏ်ရှိသလို မြေအလိုက်တတ်နိုင်သမျှ ကန်ပေါင်နည်းရန် တူးသင့်ပေသည်။     

ဇော်ကြီး(ငါးဦးစီး)