အခွံမာကင်းပုစွန်၏ သဘာဝနှင့် အသုံးဝင်ပုံ

အခွံမာကင်းပုစွန်၏ သဘာဝနှင့် အသုံးဝင်ပုံ

ကင်းပုစွန်

ကင်းပုစွန်အပါအဝင်ပုစွန်မျိုးစိတ်များသည်ခြေ၊လက် ၅ စုံပါသော အခွံမာရေသတ္တဝါ(decapods crustaceans) များ ဖြစ်ကြပြီး မျိုးပေါင်းစု (Phylum) – Arthropoda, မျိုးစဥ်(Order)-Decapoda အောက် တွင် ပါဝင်ပါသည်။ ပုစွန်မျိုးစိတ်များသည် အမြီးရှည်ရှည်နှင့် မျက်လုံး ပြူးသည့်ရေသတ္တဝါလည်း ဖြစ်ပေသည်။

ပုစွန်အမျိုးအစားပေါင်း မြောက်များစွာ ရှိကြပါသည်။၄င်းတို့မှာ ပုစွန်ဖြူ၊ ပုစွန်မီးနီ၊ ပုစွန်ဆိတ်၊ ပုစွန်ကျော့၊ပုစွန်ထုပ်၊ကင်းပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်ကျား စသဖြင့် ရှိကြပါ သည်။ထိုထဲတွင်မှအခွံမာရေသတ္တဝါ ကင်းပုစွန်အကြောင်းလေ့လာ တင်ပြ ပေးပါမည်။

ကမ္ဘာပေါ်တွင် ကင်းပုစွန်မျိုးစိတ်ပေါင်း ၄၅၀ နှင့် မြန်မာနိုင်ငံတွင် ၇ မျိုးခန့်တွေ့ရပါသည်။အရောင်အနေ ဖြင့် ဝါ၊စိမ်း၊နီ၊ညို၊ဖြူ၊လိမ္မော်၊ခရမ်း ဖြစ်သည်။ဒေသတွင်းတွင် အစိမ်းရောင်ကို အများဆုံး တွေ့ရတတ်ပါသည်။

ကင်းပုစွန်သည် ရွှံ့နွံ ၃ ဆခန့်နှင့် သဲဆန်မြေ ၁ ဆခန့်ရှိသော ကမ်းခြေတွင်းခေါင်းထဲတွင် အများဆုံးတွေ့ရ တတ်ပါသည်။ နေ့ဖက်တွင် တွင်းအောင်းနေတတ်ကြပြီး ညဖက်ရောက်မှ တွင်းပေါ်ကမ်းခြေသို့တက် ရောက်ကာ အစာရှာဖွေစားသောက်ကြကြောင်း သိရှိရပါသည်။

ကင်းပုစွန်၏ အလေ့အထနှင့်ပြင်ပလက္ခဏာ

ကင်းပုစွန်သည် ပုစွန်မျိုးကွဲတစ်မျိုးဖြစ်၏။ “ကင်းမြီးကောက်၏အမြီး နှင့်တူသောအမြီး၊ ပုစွန်၏လက်မနှင့် တူသောလက်မ”စသည့် အင်္ဂါရပ်များ ပါဝင်သောကြောင့် ကင်း ပုစွန်ဟုအမည်ပေးထားခြင်းလည်းဖြစ်၏။

ကင်းပုစွန်ကို ရွှံ့ထူထပ်သော ကမ်းခြေရေပြင်များနှင့် ပင်လယ်ပိုင်းတွင် တွေ့နိုင်သည်။အောက်ခြေရွှံ့တွင်းများတွင် နေလေ့ရှိသည်။အစာရှာရန်အတွက်သာ တွင်းထဲမှအပြင်သို့ ထွက်လေ့ရှိသည်။ ညဘက်တွင်မှ အစာရှာသည်။ရေအနက်ပေ ၄၀ ခန့်အထိ တွေ့နိုင်သည်။ပုစွန်၊ကျောက်ပုစွန်တို့နှင့် ပုံစံတူသည်။ရေကူးရန် ခြေထောက် ၅ စုံရှိသည်။လက်တွင်ရှိသောညှပ်မှာ ကြီးမားရှည်လျားသည်။ ညှပ်အတွင်းဘက်၌ လွှသွားပုံဆူးအထစ်များရှိသည်။

ကင်းပုစွန်သည် အခွံမာကျောပြီး ထိခိုက်ပွန်းပဲ့လျှင်လည်းပြန်၍ အသားတက်နိုင်သည်။ ရေလည်း ကူးတတ်၍ နောက်ပြန်ကူးရာတွင် အလွန်လျင်မြန်သည်။မြန်မာနိုင်ငံတွင် ကင်းပုစွန်များကို ပင်လယ်ကမ်းရိုးတန်းဒေသများတစ်လျှောက် တွေ့ရှိရပေသည်။အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း၊ မြိတ်ကမ်းရိုးတန်းတို့ 
တွင် အများအပြား ရရှိကြသည်။

အမည်အမျိုးမျိုး မှည့်ခေါ်ပုံ

ကင်းပုစွန်ကို အင်္ဂလိပ်လို - Mantis Shrimp ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်  Harpiosquilla sp ဖြစ်ပါသည်။ မြိတ်ဒေသအခေါ်မှာ"ကန်း”ဟုသိရပြီး ရခိုင်ဒေသအခေါ်မှာ “စောင်းခြစ်” ဖြစ်သည်။

အထီး၊အမ ခွဲခြားခြင်း 

ကင်းပုစွန်အစိမ်းရောင်ကို အထီး၊ အမ ခွဲခြားဝယ်ယူကြပြီး အနီမျိုးကိုမူ အထီး၊ အမ မခွဲခြားဘဲ ဝယ်ယူကြပါသည်။ ကင်းပုစွန် အထီး၊ အမအား ပြင်ပလက္ခဏာ (External Feature)ကိုကြည့်ပြီး ခွဲခြားနိုင်သည်။ရှေ့လက် ညှပ်တိုပြီး တုတ်ခိုင်နေလျှင် အမဖြစ်ပြီး လက်ညှပ်ရှည်ပြီး သေးသွယ်နေလျှင် အထီးဖြစ်သည်။

ကင်းပုစွန်ဖမ်းဆီးခြင်း သဘာဝ

ကင်းပုစွန်ကို ပင်လယ်ပိုင်းတွင် ရေအနက် ၃၀-၄၀ ပေခန့်တွင် တွေ့ရတတ်ပြီး စုတ်ပြဲနေသော သုံးထပ်ပိုက်အဟောင်းများအား ကင်းပုစွန်ဖမ်းပိုက်အဖြစ်အသုံးပြုကြသည်။ကမ်းခြေသောင်ပြင်တွင်မူ လက်ဖြင့် တွင်းခေါင်းထဲကို နှိုက်၍ ဖမ်းဆီးရမိကြသည်။

ကင်းပုစွန်ကို ကျားပါးစပ်၊သုံးထပ်ပိုက်နှင့် ငါးဖမ်းကိရိယာလွတ် အနေဖြင့် တွင်းခေါင်းထဲသို့ လက်တစ်ဆုံးနှိုက်ပြီးလည်း ရှာဖွေရမိတတ်ကြသည်။ ဒီရေတောစပ်နှင့် ရွှံ့နွံတွင်းများထဲမှ လက်နှိုက်၍ ဖမ်းဆီးခြင်း ဖြင့်လည်း ရမိတတ်ကြပါသည်။ နိုဝင်ဘာလမှ မေလအထိ ရမိတတ်ကြပြီး အထူးသဖြင့် ဆောင်းတွင်း ဘက် အအေးများချိန်၌ ပို၍ ရမိတတ်ကြပါသည်။

မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် ကင်းပုစွန်ဖမ်းသည့် ရေလုပ်ငန်းကို ‘ကင်းပိုက်’လုပ်ငန်း ဟုလည်း ခေါ်ကြသည်။

ကင်းပုစွန် စားဖွယ်စုံ

ကင်းပုစွန်၏ ထူးခြားချက်မှာ သာမန်ပုစွန်များထက် ပင်ကိုအဆီ အနှစ်အရသာမှာ နှစ်ဆ ပိုချိုနေခြင်း ဖြစ်သည်။ ကင်းပုစွန်ကို ကင်စား၊သုပ်စား၊ပေါင်းစားကြပြီး အသားကို အချိုကြော်စားခြင်း၊ကင်းပုစွန် မဆလာချဥ်စပ်၊ကွန့်ထန်ချက်၊မာလာပူစပ် စသဖြင့် ပြုလုပ်စားကြပြီး ခေါင်းနှင့်အခွံကိုလည်း ဟင်းခတ် အမွှေးအကြိုင်များဖြင့် စွပ်ပြုတ်ပြုတ် စားကြပါသည်။

ကင်းပုစွန်အသုံးဝင်ပုံ

ကင်းပုစွန်သည် အသားသာမက အခွံသည်လည်း လွန်စွာအသုံးဝင်ပါသည်။ကင်းပုစွန်အခွံကို အိမ်ဧည့်ခန်းတွင် အလှဆင်ပစ္စည်းအဖြစ် ထား ခြင်း၊အစည်းအဝေးခန်းမ၊ ရုံးခန်းများတွင်လည်း အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲလေ့ရှိကြပါသည်။ထို့ပြင်ဧည့် သည်များကို အမှတ်တရလက်ဆောင် အဖြစ် ပေးလေ့လည်း ရှိကြသည်။

ကင်းပုစွန်စားခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်းပုစွန်တွင် ပရိုတင်းဓာတ် ကြွယ်ဝစွာပါရှိပြီး Selenium ဓာတ်, ဗီတာမင် B-12, ကယ်လ်စီယမ်, Phosphorus, ကလိုရင်း, ကော့ပါး, ဇင့်, အိုင်အိုဒင်း, ဗီတာမင် B-3, ဗီတာမင်-E,ဗီတာမင် B-6,Omega-3 အဆီဓာတ်,Pantothenic အက်ဆစ်နှင့် ဗီတာမင်-A စသည်တို့ ပါဝင်ပါသည်။

ကင်းပုစွန်စားခြင်းဖြင့်-

၁။ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း

အခြားပင်လယ်စာများကဲ့သို့ ကင်းပုစွန်တွင် Omega-3 fatty acid ပါဝင်ပါသည်။ ထိုအက်စစ်ဓာတ်များသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါမခံစား ရအောင် ကာကွယ်ပေးပါသည်။ ထို့ပြင် ကင်းပုစွန်တွင် ပါဝင်သော Selenium ဓာတ်သည်လည်း နှလုံးကို ထောက်ပံ့ ကူညီပေး ပါသည်။Selenium ဓာတ်မလုံလောက်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ပါသည်။

၂။ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

ကင်းပုစွန်တွင် Selenium ဓာတ် အများဆုံးပါဝင်သောကြောင့်အဆိုပါ Selenium ဓာတ်သည် ကင်ဆာဆဲလ် များ ကြီးထွားမှုကို တားမြစ်ပေးပါသည်။ အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ကင်းပုစွန်စားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ကင်း ပုစွန်တွင် ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်ပါသည်။

၃။ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

ကင်းပုစွန်တွင် ပါဝင်သော Omega-3 fatty acid နှင့် ဗီတာမင် B-12 တို့သည် ဦးနှောက်နှင့် စိတ်ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပါသည်။လေ့လာ မှုများအရ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝသော အစားအစာများကို စားသုံးသူများသည် လေဖြတ်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ကျရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာမှုများက ဖော်ပြသည်။

အလားတူလေ့လာမှုများအရ ဗီတာမင် B-12 ပမာဏနည်းပါးခြင်းသည် စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါတို့ နှင့် ဆက်စပ်နေကြောင်း လေ့လာမှုများက ဖော်ပြသည်။သို့သော် အချို့သော လေ့လာမှုများအရ ဗီတာမင် B-12 ဖြည့်စွက်ခြင်းသည် dementia ဖြစ်နိုင်ခြေကို ၂၀ ရာနှုန်း လျှော့ချနိုင်ပြီး သက်ကြီးရွယ်အိုများတွင် ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်း မွန်စေကြောင်း တွေ့ရှိရသည်။

ထို့ပြင် ကင်းပုစွန်တွင်ပါဝင်သော Selenium ဓာတ်သည် စိတ်ဓာတ်ကျခြင်းကို သက်သာ ပျောက်ကင်း အောင် ကူညီပေးနိုင်ပါသည်။ထို့ကြောင့် စိတ်ဓာတ်ကျနေချိန်တွင် ကင်းပုစွန်ကို စားပေးပါ။ထိုသာမက ကင်းပုစွန်တွင်ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချိုရောဂါမဖြစ် ပွားအောင်လည်းကူညီပေးနိုင်သည်။ထို့ကြောင့် သင့်အစားအစာတွင် ကင်းပုစွန်ထည့်ခြင်းသည်သင့်ဦးနှောက်နှင့် စိတ်ကျန်းမာရေးအတွက် အကျိုးပြုစေမည်ဖြစ်သည်။

၄။ကြွက်သားများကိုသန်မာစေခြင်း

ကင်းပုစွန်သည် နွားနို့၊ကြက်ဥတို့ကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာ များတွင် ပါဝင်ပါသည်။တစ်နေ့တာလုံး သွက်လက်ဖျတ်လတ်စွာ သွား လာလှုပ်ရှားနိုင်စေရန်အတွက် ကြွက်သားများ သန်မာနေရန် လို အပ်ပါသည်။ကြွက်သားများ ဖွံ့ဖြိုး သန်မာစေရန်အတွက် ပရိုတင်းဓာတ် လိုအပ်ပါသည်။ ပရိုတင်းဓာတ်သည် ခြေသည်း၊လက်သည်း၊ဆံပင်ရှည်ရန်နှင့် ကြွက်သားများ ကြီးထွားစေရန်အတွက်အရေးပါပါသည်။ကင်းပုစွန်တွင် ပရိုတင်းဓာတ်မြောက်များစွာ ပါဝင်သောကြောင့် ကြွက်သားများ သန်မာဖွံ့ဖြိုးစေရန်အတွက် ကူညီပေးမည် ဖြစ်သည်။

၅။အရိုးအဆစ်များ သန်မာကြံ့ခိုင် အောင် ကူညီပေးခြင်း

အရိုးအဆစ်များ သန်မာစေရန်အတွက် အလိုအပ်ဆုံးဓာတ်သည် ကယ်လ်စီယမ်ဓာတ်ပင် ဖြစ်သည်။အရိုးအဆစ်များ သန်မာပြီး ကြံ့ခိုင်သော သွားများကို ပိုင်ဆိုင်ချင်သည်ဆိုလျှင် ကယ်လ်စီယမ်ဓာတ် မြောက် များစွာလိုအပ်ပါသည်။ထိုကဲ့သို့ လိုအပ်သော ကယ်လ်စီယမ်ဓာတ်ကို ကင်းပုစွန်ထံမှ ရရှိနိုင်ပါသည်။

၆။သိုင်းရွိုက်ရောဂါရှိသူများအတွက် အကျိုးပြုခြင်း

ကင်းပုစွန်တွင် Selenium နှင့် Iodine ပါဝင်မှု မြင့်မားပါသည်။ထိုကဲ့သို့ Selenium နှင့် Iodine ပါဝင်မှုမြင့်မားခြင်းသည် Hashimoto's thyroiditis ကဲ့သို့သော အော်တိုခုခံအား သိုင်းရွိုက်အခြေအနေ ရှိသူများအတွက်အကျိုးပြုနိုင်ပါ သည်။

သတိပြုရန်အနေဖြင့်-

ကင်းပုစွန်ကို အစိမ်းစားခြင်း (သို့မဟုတ်)မကျက်သေးသော ကင်း ပုစွန်များကို စားမိလျှင် အစာအဆိပ်သင့်နိုင်ခြေပိုများပါသည်။ လက္ခဏာ များမှာ ဝမ်းလျောခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ဖျားခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပါဝင်သည်။ထို့ကြောင့် မကျက်သေးသော ကင်းပုစွန်များကို ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ဗက်တီးရီး ယားပိုးမွှားများကို ရှောင်ရှားရန် လတ်ဆတ်ပြီး အပြည့်အဝချက်ပြုတ် ထားသော ကင်းပုစွန်များကိုသာ စား သင့်သည်။  ထို့ပြင် ပင်လယ်စာနှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ကင်းပုစွန်ကိုချင့်ချိန်စားသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်-

အခွံမာကင်းပုစွန်သည် ကျန်းမာရေး အတွက် ကောင်းကျိုးများစွာရရှိနိုင်သောရေသတ္တဝါဖြစ်ပြီးအသားကိုစားသုံး၍ရသည်သာမက အခွံကိုလည်းအလှဆင်ပစ္စည်းအဖြစ်အသုံး ပြုကြသဖြင့် ဘက်စုံအသုံးဝင်လှပါ သည်။ ထို့ပြင် ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပပို့ကုန်အဖြစ်လည်း စျေးကွက်တွင်နေရာရရှိနေ သဖြင့်နှစ်စဥ်နိုင်ငံခြားဝင်ငွေရရှိနေသောရေထွက်ကုန်ဖြစ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)