ဈေးကွက်တွင်ကျယ်လာသည့် စားတော်ပဲ (သို့မဟုတ်) ပဲစိမ်းသီး

ဈေးကွက်တွင်ကျယ်လာသည့် စားတော်ပဲ (သို့မဟုတ်) ပဲစိမ်းသီး

စားတော်ပဲ

ယခင် မြန်မာမင်းများလက်ထက်ကတည်းက စား၍အလွန်ကောင်းကာ နူးညံ့လှသည့် အဆင့်မြင့် ပဲတစ်မျိုးကို ဘုရင်များစားသုံးတော်မူကြ၍ စားတော်ပဲဟုခေါ်ခဲ့ပါသည်။ ယခုအခါ အရည်အသွေးမီ ဟင်းသီးဟင်းရွက်အဖြင့် အသုံးပြုလာကြ၍ ပဲစိမ်းသီး  (ခေါ်) Green Pea ကို အဆင့်မြင့်စားသောက်ဆိုင်ကြီးများတွင် ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုမှု တွင်ကျယ်လာပါသည်။ ပဲစိမ်းသီးပင်၏ ရုက္ခဗေဒအမည်မှာ Pisum Sativum ဟုခေါ်ပါသည်။ အင်္ဂလိပ်အမည်မှာ Green Pea၊ English Pea၊ Sweet Pea ဟုခေါ်ပါသည်။ မြန်မာအမည်ဖြင့် စားတော်ပဲဟုခေါ်ပါသည်။ စားတော်ပဲ (ခေါ်) ပဲစိမ်းသီးကို နေရာဒေသတိုင်းတွင် စိုက်ပျိုး၍ မရပါ။ ပဲစိမ်းသီးသည် အေးမြသော ရာသီဥတုရှိသည့် အပူချိန် ၁၀ ဒီဂရီမှ ၁၈ဒီဂရီ စင်တီဂရိတ်ရှိသော ဒေသတို့တွင် အော်ဂဲနစ်မတ်တာ ကြွယ်ဝသော မြေကောင်းများတွင်ဖြစ်ထွန်းပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းအညာဒေသများနှင့် ရှမ်းပြည်နယ်၏ အချို့ဒေသများတွင် စိုက်ပျိုးကြပါသည်။ 

စာရေးသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဝက်တိုး နိုင်ငံပိုင်စိုက်ကွင်းစခန်း အမှတ်(၃) တာဝန်ခံအဖြစ်ဆောင်ရွက်စဉ် မြေဆီဩဇာ ထက်သန်သော မြေနိမ့်ပိုင်းတွင် ဆောင်းသီးနှံအဖြစ် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင်စားတော်ပဲစိုက်ပျိုး ထုတ် လုပ်ခြင်းနှင့်စပ်လျဉ်း၍ အတွေ့အ ကြုံရခဲ့ပါသည်။ ရခဲ့သောအတွေ့အကြုံကို အသုံးပြု၍ Internet နှင့် Google တို့မှ အတွေ့အကြုံတို့နှင့်ပေါင်းစပ်ကာ ဤဆောင်းပါးကို ရေး သားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ပဲစိမ်းသီးမျိုးကောင်းမျိုးသန့်များ

ပဲစိမ်းသီးကို စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးရပါသည်။ မြန်မာနိုင်ငံတွင် စားတော်ပဲ (ပဲစိမ်းသီး) စိုက်ပျိုးထုတ်လုပ်မှု အားနည်းခဲ့ပါသည်။ ထို့ပြင် ပဲစိမ်းသီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးထုတ်လုပ်မှုလည်း နည်းခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ ပဲစိမ်းသီး မျိုးကောင်းမျိုးသန့်များကို တရုတ်နိုင်ငံမှတင်သွင်း ၍ မြစ်ကြီးနား၊ ဗန်မော်ဒေသတွင် စိုက် ပျိုးထုတ်လုပ်ကြပါသည်။ ပဲစိမ်းသီးမျိုးကောင်းမျိုးသန့်၏ ဈေးနှုန်းများလည်း မြင့်မားပါသည်။

ပဲစိမ်းသီးမျိုးတို့တွင် အခွံလည်းစိမ်း၊ အစေ့လည်းစိမ်းသောမျိုးနှင့် အခွံဝါမျိုးဟူ၍ ရှိပါသည်။ ဟင်းသီးဟင်းရွက်များအဖြစ် အစိမ်းမျိုးက ပို၍ ကောင်းပါသည်။ ပဲစိမ်းသီးအမျိုးအမျိုးရှိသည့်အနက် စားသုံးမှုအပေါ်မူတည် ၍ Snap Pea၊  Sweet Pea ဟူ၍ခေါ်ကြသည်။ အချို့မှာ အဆင့်မြင့် စား သောက်ဆိုင်များတွင် အစိမ်းကြော်အဖြစ် အသုံးပြုကြပါသည်။ Field Pea (ခေါ်)စားတော်ပဲမျိုး များကိုမူ ကွင်းကျယ်ထဲတွင် စိုက်ပျိုးကြပါသည်။ Green Pea (ခေါ်) မျိုးများကိုမူ ဉယျာဉ်ခြံ(Garden) တို့ထဲတွင် စိုက်ပျိုးကြ၍ Garden Pea ဟုလည်းခေါ်သည်။ Garden Pea ကို ဟင်းသီးဟင်းရွက် အဖြစ် အသုံးပြု၍ အစိမ်းကြော်နှင့် အသုပ်များပြုလုပ်၍ စားသုံးကြပါသည်။ စားတော်ပဲကိုမူ အစေ့အခြောက်အဖြစ်ရရှိရန် စိုက်ပျိုးထုတ်လုပ်၍ စားတော် ပဲပြုတ်အဖြစ် စားသုံးကြပါသည်။

ပဲစိမ်းသီးမျိုးကောင်းမျိုးသန့် Snap Pea နှင့် Shelling Pea ရှိပါ သည်။ ပဲစိမ်းသီးမျိုးများတွင် Arka မျိုးကွဲများမှာ အကောင်းဆုံးဖြစ်ပါသည်။

ကြိုက်နှစ်သက်သော မြေအမျိုးအစား

ပဲစိမ်းသီးသည် စိုက်ပျိုးမြေနှင့် ရာသီဉတု ရွေးချယ်မှုရှိသော သီးနှံဖြစ်၏။ ဒေသတိုင်း၊ ရာသီဉတုတိုင်းတွင် မဖြစ်ထွန်းနိုင်ပါ။ နှုံးမြေ၊ ရွံ့နှုံးမြေတို့တွင် ဖြစ်ထွန်းနိုင်ပြီး မြစ်နှုံးပို့မြေနှင့် အော်ဂဲနစ်မတ်တာ ကြွယ်ဝသော ရေစီးရေလာကောင်းမွန်သည့် မြေကောင်းများကို ကြိုက်နှစ်သက်၏။ မြေအချဉ်အငန်ဓာတ် Ph 6 မှ 7.5 အထိ ကြိုက်နှစ်သက်၏။

ပဲစိမ်းသီးကြိုက်သောမိုးရေချိန်မှာ စိုက်ပျိုးထုတ်လုပ်မှုရာသီ (၃)လတွင် မိုးရေချိန် လက်မပေါင်း ၄၀၀-၅၀၀ မီလီမီတာဖြစ်ပါသည်။ အေးမြသော စိုက်ပျိုးချိန်တစ်လျှောက် မြေတွင်း အစိုဓာတ် အနေတော်ဖြစ်အောင် ရေသွင်းရေထုတ်၍လည်း စိုက်ပျိုးနိုင်သည်။ 

စိုက်စနစ်၊ စိုက်တန်းနှင့် အပင်အကွာအဝေး

ပဲစိမ်းသီးအထွက်နှုန်းကောင်းမွန်ရန် စိုက်စနစ်၊ စိုက်တန်းနှင့် အပင်အကွာအဝေးမှန်ကန်ရန် လိုအပ်ပါသည်။ ထိုသို့ ကောင်းစွာစိုက်ပျိုးနိုင်ရန် ရှေးဦးစွာ စိုက်ပျိုးမြေ ပြုပြင်ရာတွင် မြေကို လိုအပ်သလို ထယ်ထိုး ထွန်မွှေပြုလုပ်ပြီး ထယ်ရေးနက်ထွန်ရေးညက်အောင်ကောင်းစွာ ပြုပြင် ရမည်။ သို့မှသာလျှင် ပဲစိမ်းသီးပင်များ အမြစ်ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။ မြေပြုပြင်ချိန်တွင် အော်ဂဲနစ်မတ်တာကို တစ်ဧကလျှင် ၅တန်ခန့် ထည့်ပေးရမည်။ ပဲစိမ်းသီးမျိုးစေ့များကို Rhizobium Legumino num ပဲမြစ်ဖု ဇီဝ မြေဩဇာတို့နှင့် လူးနယ်စိုက်ပျိုးရသည်။

ပဲစိမ်းသီးကို နှစ်မျိုးစိုက်ပျိုးနိုင်ပါသည်။ စိုက်ပေါင်နှင့် စိုက်ပျိုးခြင်း ( Ridge Sowing) နှင့် ရိုးရိုးစိုက်သောနည်းဖြစ်သည့် မြေပြင်ပေါ်တွင် စိုက်ပျိုးခြင်း( Flat Sowing) တို့ဖြစ်ပါသည်။ စိုက်ပေါင်နှင့် စိုက်ပျိုးရာတွင် ပေါင်တစ်ပေါင်ကို ၆၀ cm ပြုလုပ်၍ ပေါင်ပေါ်တွင် ၂၅ cm ခြား၍ စိုက်တန်းနှစ်တန်း ဖော်ရပါမည်။ စိုက်တန်းပေါ်တွင် တစ်ကျင်းနှင့်တစ်ကျင်း ၁၀ cm ခြားပြီး စိုက်ပျိုးရပါမည်။ Flat Sowing စိုက် ပျိုးရာတွင် စိုက်တန်းတစ်တန်းနှင့်တစ်တန်း ၂၅ cm ခြား၍ စိုက်တန်းဖော်ပြီး စိုက်တန်းထဲတွင် တစ်ကျင်းနှင့်တစ်ကျင်း ၁၀ cm ခန့်ခြား၍ ၂.၅ cm အနက်တွင် မျိုးစေ့ချ စိုက်ပျိုးရပါမည်။ ပဲစိမ်းသီးပင်များကို တိုင်ထောင်နွယ်တက်၍ သွပ်ကြိုးတန်းထိုး၍လည်း စိုက်ကြပါသည်။

သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အသုံးပြုခြင်း

ပဲစိမ်းသီးပင်သည် မြေဆီဩဇာ ထက်သန်သောမြေတွင် စိုက်မှသာ အရည်အသွေးမီကာ အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ပါသဖြင့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲခြင်းနှင့် ဓာတ်မြေ ဩဇာများ စနစ်တကျ အသုံးပြုရန် လိုအပ်ပါသည်။

ရာသီမှန်ရန်နှင့် ရေသွင်းရေထုတ် စနစ်တကျ လုပ်ပေးခြင်း

အပူချိန် ၁၀ ဒီဂရီမှ ၁၈ ဒီဂရီအတွင်းရှိ အေးမြသောရာသီတွင် စိုက်ပျိုးရန်လိုသကဲ့သို့ သွင်းရေကို လိုအပ်သလို စနစ်တကျ သွင်း ပေးရန်လိုအပ်ပါသည်။ လိုသည်ထက်ပို၍ လွန်ကဲစွာ မိုးရွာ၍ စိုက်ခင်းရေနစ်မြုပ်ပါက ရေကို စနစ်တကျ ထုတ်ပစ်ရန်လည်းလိုပါသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ

ပဲစိမ်းသီးတွင် အဓိကအားဖြင့်ကျရောက်တတ်သော ပိုးမွှားတို့မှာ ပျ၊ ပဲစိမ်းသီးဖလံနှင့် အရွက်တွင် ကျရောက်တတ်သည့် အညိုရောင် ကျိုင်း ကောင်ငယ်များဖြစ်ပါသည်။ အဆိုပါပိုးများကို ကာကွယ်နှိမ်နင်းရာတွင် ဘက်စုံကာကွယ်နှိမ်နင်းနည်းစနစ် Integrated Pest Control စနစ်ကို အသုံးပြုရပါမည်။ ပိုးသတ်ဆေးကို လိုအပ်၍အသုံးပြုမည်ဆိုပါက ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုး (သို့မဟုတ်)တမာပိုးသတ်ဆေးကိုလည်းကောင်း၊ ထိသေ၊ စားသေဆေးတစ်မျိုးမျိုးကိုလည်းကောင်း အသုံးပြုရပါမည်။

ပဲစိမ်းသီးတွင် ကျရောက်သောရောဂါများမှာ အဓိကအားဖြင့် ၃ မျိုးရှိပါသည်။ Downy Gray Mieldew Powdery Mildew နှင့် Root Rot ရောဂါတို့ဖြစ်ပါသည်။ အဆိုပါရောဂါတို့ကိုလည်း Integrated Disease Mansgement ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းကို အသုံးပြုရပါမည်။ လိုအပ်၍ ဆေးကိုအသုံးပြုရမည်ဆိုပါက Powdery Mieldew အတွက် difeno cona zole နှင့် Triadimefen ဆေးကို အသုံးပြုသင့်ပါသည်။ Downy Mieldew ရောဂါအတွက် Raze ဆေးကို အသုံးပြုသင့်ပါသည်။ Root Rot ရောဂါအတွက်မူ မြစ်ရောဂါနိုင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူးအညွှန်းပါအတိုင်း အသုံးပြုရပါမည်။

ပဲစိမ်းသီးကို စားသုံးရန်အတွက် အသုံးပြုပုံ

ပဲစိမ်းသီးကို ၆၅-၇၀ ရက်သားတွင် အသီးနုများကို ခူး၍ အစေ့များကိုထုတ်ကာ ပြုတ်စားခြင်း၊ လှော်စားခြင်း၊ သုပ်စားခြင်း၊ ဆန်၊ ခေါက်ဆွဲတို့နှင့် စွပ်ပြုတ်လုပ်စားခြင်း၊ ဟင်းချက်စားခြင်းများ ပြုလုပ်နိုင်ပါသည်။ စည်သွတ်ဘူးများ၊ အေးခဲဘူးများနှင့်လည်း စည်သွတ်၍ ကြာရှည်စားသုံးနိုင်အောင် စီမံကာ စားသုံးကြပါသည်။ စားတော်ပဲစေ့ကဲ့သို့ အစေ့ခြောက်ကို သိုလှောင်ထား၍လည်း ပြုတ်စားကြပါသည်။ အညွန့်နု၊ အရွက်နုများကိုသုတ်စားခြင်း၊ အစိမ်းကြော် ကြော်စားခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

ပဲစိမ်းသီးတွင်ပါဝင်သော အာဟာရဓာတ်များ

ပဲစိမ်းသီးတွင် ပရိုတင်း၊ ဘီတာမင်မျိုးစုံ၊ ကစီဓာတ်၊ အမျှင်ဓာတ်နှင့် လူကိုအကျိုးပြုသော သတ္တုဓာတ်မျိုးစုံ ပါဝင်ပါသည်။

ပဲစိမ်းသီးဈေးကွက်အခြေအနေ

ပဲစိမ်းသီးဈေးအနေဖြင့် ယခုအခါ မြန်မာပြည်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဈေးကွက်ကောင်းလျက်ရှိပါသည်။ အာဟာရဓာတ်နှင့်ပြည့်စုံပြီး စားသုံးရသည်မှာလည်း အရသာ အလွန်ရှိသဖြင့် အဆင့်မြင့်စားသောက်ဆိုင်များတွင် ပဲစိမ်းသီးအစို၊ အညွန့်၊ အရွက်များကို အစိမ်းကြော်၊ အသုပ်နှင့် အဆင့်မြင့် ပဲစိမ်းသီးအလှော်များကို စားသုံးမှု များပြားလာသဖြင့် ဈေးကွက် ကောင်းမွန်နေပါသည်။

ဈေးကွက်အတွက်အရည်အသွေးမီ ပဲစိမ်းသီးဆွတ်ခူးခြင်း

ပဲစိမ်းသီးဈေးကွက် ကောင်းမွန်နေသောကြောင့် စိုက်ပျိုးသူများအနေဖြင့် အရည် အသွေးမီ ပဲစိမ်းသီးများကို စနစ်တကျ ဆွတ်ခူးရိတ်သိမ်းရန် လိုပါသည်။ ဈေးကွက်လိုအပ်ချက်အရ ပဲစိမ်းသီးအစို အရည်အသွေးမီရနိုင်သောမျိုးနှင့် သက်တမ်းအရစိုက်ပြီး ရက် ၆၀-၇၀ ရက်သားတွင် ဆွတ်ခူးပြီး စနစ်တကျထုပ်ပိုးပြင်ဆင်၍ ဈေးကွက်သို့ ပို့ကြရပါမည်။ ပဲစိမ်းသီးများကို စည်သွတ်မည် ဆိုပါက အချိန်ကိုက် ဆွတ်ခူးပေးရပါမည်။ အစေ့ခြောက်ကို ရိတ်သိမ်းရမည်ဆိုပါက အစေ့များ ရင့်မှည့်ပြီး ခြောက်မှသာ ရိတ်သိမ်းကာ အစေ့ထုတ်ပြီး စနစ်တကျသိမ်းရပါမည်။

ယခုအခါမြန်မာနိုင်ငံတွင် ပဲစိမ်းသီးမျိုးကောင်းမျိုးသန့်များ မထုတ်လုပ်နိုင်သေးဘဲ တရုတ်နိုင်ငံမှ ဝယ်ယူကာ စိုက်ပျိုးနေရ၍ နိုင်ငံတော်နှင့် စိုက်ပျိုး ရေးဌာနများက ပြည်တွင်းတွင် မျိုးစေ့ထုတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

လှဆန်း(စိုက်ပညာရှင်)