သဘာဝကပေး အစာနှင့်ဆေး ၊ ရှထုံ (သို့မဟုတ်) ဘိစပ်

သဘာဝကပေး အစာနှင့်ဆေး ၊ ရှထုံ (သို့မဟုတ်) ဘိစပ်

ပိစပ်

ရှထုံပင်ကို  ရှထုံဖိုပင်ဟု ခေါ်သကဲ့သို့ အရပ်ထဲတွင် လျှာထုံပင်၊ လျှာထုံဖို၊ ရိုးရိုးဘိစပ်ပင်ဟုလည်း လူသိများခေါ်ဆိုကြ၏။ ယင်း၏အင်္ဂလိပ်အမည်မှာ toothache plant ဟု လူသိများပြီး electric daisy, eyeball plant နှင့် paracress ဟု ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Acmella paniculata  Wall. ex DC. ဟု ခေါ်ဆိုသကဲ့သို့ Spilanthes paniculata Wall. ex DC.  ဟုလည်း ခေါ်ဆိုကြပြီး ဒေစီပန်းမျိုးရင်း Asteraceae တွင်ပါဝင်၏။  ရှထုံပင်၏အပွင့်ကို ဝါးစားလိုက်လျှင် လျှာတွင်ထုံသွားသည့်ခံစားမှုမျိုးကို ပေးစွမ်းသည့်အတွက် ရှထုံပင်ဟု လူသိများပြီး ယင်းကို သွားကိုက်ဝေဒနာနှင့် သွားဖုံးရောဂါများအတွက် အသုံးပြုကြခြင်းကြောင့် သွားကိုက် ပျောက်ဆေးပင်ဟုလည်း တင်စားခေါ်ဝေါ်ကြ၏။ ရှထုံပင်သည် အမေရိက တိုက်မှ စတင်ဖြစ်ထွန်းခဲ့ပြီး ယင်းမှတစ်ဆင့် သမနွေးပိုင်းနှင့် ပူနွေးသော ရာသီဥတုရှိသည့်ဒေသများဖြစ်သည့် အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် ပစိဖိတ်ကျွန်းစုရှိ နိုင်ငံများ၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့သို့ ပြန့်နှံ့ပေါက် ရောက်၏။ မြန်မာနိုင်ငံတစ်နံတစ်လျားတွင်လည်း ရှထုံပင်သည် လယ် ကန်သင်းရိုးတစ်လျှောက်တွင်လည်း ကောင်း၊စပါးစိုက်ခင်းများတွင်လည်းကောင်း၊  အိမ်ခြံဝင်းများ၊ ရေစပ်စပ်ရှိပြီး အစိုဓာတ်များသည့် နေရာများတွင် အလေ့ကျပေါက်ရောက်တတ်သည့် အပင်မျိုးဖြစ် ၏။

ရှထုံပင်သည် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး အခက်အလက်များဝေဖြာသည့်အပင်မျိုးဖြစ်ပြီး အပင်အလျား ၁၀ မှ ၂၀ စင်တီမီတာအထိ ရှည်လျားပြီး ထောင်မတ်စွာပေါက် ရောက်တတ်၏။ အရွက်များမှာ မျက်နှာချင်းဆိုင်ထွက်ပြီးအရွက်ဖျား တွင် အသွားများပါရှိပြီး  အရွက်မျက် နှာပြင်တွင် အမွှေးနုလေးများပါရှိကာ အနည်းငယ်ကြမ်း၏။  ရှထုံပင် ပင်စည်အကိုင်းအခက်များ၏ထိပ်ပိုင်း တွင် အဝါရောင်သို့မဟုတ် လိမ္မော် ရောင်ရှိပြီး အလယ်တွင် နီညိုရောင်လုံး၀ိုင်းသော ပန်းဦးခေါင်းလေးရှိသောပန်းပွင့်လေးများပွင့်ကြ၏။ ယင်းကို ပန်းပွင့်ဟု ခေါ်ဆိုကြသော်လည်း တကယ်တမ်းတွင်မူ သေးငယ်သော ပန်းပွင့်လေးများ အစုလိုက်ပွင့်နေကြသည့် ပန်းခိုင်လေးဖြစ်၏။ 

ရှထုံပင်၏ လတ်ဆတ်သော အညွန့်ရွက်နုနှင့် ပန်းဖူး ၁၀၀ ဂရမ်တွင် ရေဓာတ် ၈၉ မှ ၉၃ ဂရမ်၊ ပရိုတင်း ၂ ဂရမ်၊ အဆီဓာတ် သုည ဒဿမ ၃ ဂရမ်၊ ကာဘိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ် ၁၆၂ မီလီဂရမ်၊ ဖော့စ်ဖရပ်စ် ၄၁ မီလီဂရမ်၊ သံဓာတ် ၄ မီလီဂရမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီတို့ ကြွယ်ဝစွာပါဝင်၏။ ထို့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းများ ဖြစ်စေတတ်သည့် ဖလေဗာနွိုက်၊ အယ်လ်ကာလွိုက်၊ အယ်လ်ကာမိုက်၊ တန်နင်၊ တာပင်နွိုက်နှင့် ဖိနိုလစ်ကွန်ပေါင်းတို့လည်း ပါဝင်၏။ 

ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ရှထုံပင်ကို သွားကိုက်ပျောက်ဆေး၊ သွားနှင့် ခံတွင်းကျန်းမာရေးကောင်း မွန်ဆေး၊ အသည်းရောင်အသားဝါပျောက်ဆေး၊ အဖျားရောဂါများကို တိုက်ဖျက်နိုင်သည့် ဆေးဝါးများအဖြစ် ဖော်စပ် အသုံးပြုကြ၏။  ရှထုံပင်ဟု ဆိုသည့်အတိုင်း အပင်၏ ပဥ္စငါးပါးစလုံးသည် ခါး၏။ စပ်ဖျဥ်းဖျဥ်း၊ ထုံခြင်း အာနိသင်များရှိ၏။ အပွင့်မှာ စူးရှသော ရနံ့ရှိပြီး အရသာမှာ ပူစပ်၏။ 

  • ရှထုံပင်တွင် ဖလေဗာနွိုက်ပါဝင်ခြင်းကြောင့် ကိုယ်တွင်းရောင်ရမ်း နာကျင်ကိုက်ခဲခြင်းမှ သက်သာစေနိုင်စွမ်းရှိ၏။

  • သွားကိုက်ခြင်း၊ သွားနာခြင်း၊ သွား ဖုံးရောင်ပြီး နာကျင်ခြင်းဝေဒနာများအတွက် ရှထုံပင်၏ ပန်းပွင့်ကို ဝါးပြီးငုံထားပေးခြင်းဖြင့် ဝေဒနာကို သက် သာစေနိုင်၏။ ရှထုံပင်၏ ပဥ္စငါးပါးကို  ပေါင်းခံပြီး ရရှိသည့် အရည်ကို ငုံခြင်း၊ အာလုပ်ကျင်းခြင်း၊ လိမ်းကျံခြင်းတို့ပြုလုပ်ခြင်းဖြင့်လည်း ဝေဒနာ ကို သက်သာ စေနိုင်၏။

  • လည်ချောင်းနာကျင်ခြင်းနှင့် သလိပ်ကပ်ခြင်းတို့အတွက်လည်း ရှထုံရွက်နှင့်ပန်းပွင့်ကို ဝါးပြီးငုံထားပေးခြင်းဖြင့် သက်သာစေနိုင်၏။

  • ခေါင်းကိုက်ခြင်း၊ ဇက်လေးခြင်း ဝေဒနာများအတွက်လည်း ရှထုံရွက်နှင့် ပန်းပွင့်များကို ကြိတ်ချေပြီး အရည်ကိုဝေဒနာခံစားရသည့်နေရာ တွင် လိမ်းကျံပေးခြင်းဖြင့် သက်သာစေနိုင်စွမ်းရှိ၏။

  • တံတွေးအထွက်နည်းသူများမှာ အစာမျိုချရန် အခက်အခဲရှိသည့် အတွက် ရှထုံအညွန့်အရွက်ပန်းပွင့်ကို စားသုံးပေးခြင်းဖြင့် လိုအပ်သည့် တံတွေးပမာဏကို ရရှိစေနိုင်သည့်အပြင် လည်ချောင်းတစ်လျောက် အေးမြစေနိုင်၏။

  • ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းဝေဒနာများခံစားနေရသူများအတွက် လည်း ရှထုံရွက်ညွန့်နှင့် ပန်းပွင့်များ ကို ကြိတ်ချေပြီး လိမ်းကျံနိုင်သလို ပြုပြင်ချက်ပြုတ်စားသုံးနိုင်၏။

  • ဘက်တီးရီးယားနှင့် မှိုကြောင့် ဖြစ်ပွားတတ်သည့် အရေပြားနီရဲရောင်ရမ်းခြင်း၊ ယားနာခြင်း အစရှိသည့် ဝေဒနာများအတွက် ရှထုံရွက်ကို ဆေးအဖြစ် အသုံးပြုနိုင်၏။

  • ရှထုံရွက်ညွန့်နှင့် ပန်းပွင့်တို့တွင် ဆီးကိုရွှင်စေနိုင်သည့် အာနိသင်ကောင်းရှိသည့်အတွက် ကိုယ်ခန္ဓာအတွင်းရှိ ပိုလျှံနေသော အရေများကို စွန့်ထုတ်ရာတွင် အထောက်အကူကောင်းဖြစ်စေနိုင်၏။

  • မြွေ၊ ကင်းအစရှိသည့် အဆိပ်ရှိသတ္တဝါများ အကိုက်ခံရပါကလည်း ရှထုံအရွက်နှင့် အပွင့်တို့ကို အဆိပ်ဖြေဆေးအဖြစ်အသုံးပြုနိုင်၏။

  • ဝမ်းဗိုက်အတွင်း သန်ကောင်၊ တုတ်ကောင်များရှိပါကလည်း ရှထုံရွက်ညွန့်အပွင့်တို့ကို နှစ်သက်သလို ပြုပြင်ချက်ပြုတ်စားသုံးပေးခြင်းဖြင့် သန်တုတ်ကင်းစင်စေနိုင်စွမ်းကို ရစေနိုင်၏။

  • အမျိုးသားများတွင် ခံစားရတတ်လေ့ရှိသည့် ဆီးပူညောင်းကျ ဒူလာပါဒရက်ရောဂါ၊ ဆီးနှင့် ဆီးကြိတ် ရောင်ခြင်းဝေဒနာများအတွက်လည်း ရှထုံရွက်ညွန့်နှင့် ပန်းခိုင်တို့ကို ဆေးအဖြစ် မှီဝဲ စားသုံးပေးသင့်၏။

ရှထုံပင်၏ အရွက်အညွန့်အနုလေးများ၊ အဖူးနှင့် ပန်းခိုင်များကို ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ်ပြင်ဆင် စားသုံးလေ့ရှိကြ၏။ ယင်းတို့ကို စျေးထဲတွင် (စျေးအခေါ် ဘိစပ်ရွက်) ဝယ်ယူရရှိနိုင်သကဲ့သို့ မိမိအိမ်ခြံဝင်းထဲစိုက်ပျိုးထားလျှင် ချက်ပြုတ်လိုသည့်အခါ အလွယ် တကူ အချိန်မရွေးဆွတ်ခူးနိုင်၏။ နေရာမရွေး အလေ့ကျ ပေါက်ရောက်သည့် အပင်မျိုး ဖြစ်သည့်အတွက် ဒေသစုံ၊ နယ်ပယ်စုံမှ ချက်ပြုတ်နည်းစုံလင်စွာဖြင့် ရှထုံပင်ကို ပြင်ဆင်ချက်ပြုတ်စားသုံးတတ်ကြ၏။ 

  • ရှထုံအရွက်အညွန့်အနုနှင့် ပန်းခိုင်လေးများကို  အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ သရက်သီးထောင်း၊ ငရုတ်သီးထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ်  စားသုံးတတ်ကြ၏။ 

  • ရေနွေးဖျောထားသည့် ရှထုံအညွန့်နှင့် ပန်းခိုင်များကို မထူမပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက် သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရှထုံညွန့်သုပ်လေး ရပါပြီ။  

  • ရှထုံရွက်ညွန့်များကို နှစ်သက်ရာ ရာသီပေါ်ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာပင်ပေါက် / ကန်စွန်းရွက်/ ဇရစ်ရိုး အစရှိသည့်နှင့် အတူတွဲစပ်ကာ ချဥ်ရည်ဟင်း သို့မဟုတ် ဟင်းလှော်အဖြစ် ချက်ပြုတ်စားသုံးနိုင်၏။

  • ငါးသားလေးများကို အိုးကပ်ချက်ပြီး ရှထုံရွက်ညွန့်များများ အပေါ်မှ အုပ်ပြီး ချက်လျှင် တစ်ဖက်တွင် မွှေးကြွပ်သော ငါးလေးအိုးကပ်ရနံ့နှင့် တစ်ဖက်တွင် ရှထုံညွန့်ရနံ့များနှင့် မွှေးကြိုင်ပြီး ထုံရှသည့်အရသာရှိသော ငါးလေးအိုးအပ်ဟင်းရ၏။ 

  • ငါးခူ၊ ငါးရံ့အပါအဝင် ငါးဟင်းလျာများ ချက်ပြုတ်သည့်အခါ ရှထုံရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အုပ်ကာ ချက်တတ်ကြ၏။

  • ငါးမီးအုံးဟင်းခါး၊ ပုစွန်ခေါင်းဟင်းခါးတို့တွင်လည်း ရှထုံရွက်ကို ခပ်ကာ ဟင်းချိုချက်သောက်နိုင်၏။

  • ရှထုံရွက်ညွန့်များကို ချဥ်ဖတ်တည်ပြီးလည်းတို့စရာအဖြစ်လည်းကောင်း၊ အသုပ်အဖြစ်လည်းကောင်း ပြင်ဆင်စားသုံးနိုင်၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ရှထုံပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်