စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမြေကို ဘယ်လိုအကျိုးရှိစွာ အသုံးချမလဲ

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည် နယ် ၁၅ ခုရှိပြီး မြို့နယ် ၃၃၀ တို့၏ တည်ရှိမှုအရ နေရာဒေသတစ်ခုနှင့်တစ်ခု ရေမြေသဘာဝအနေအထား တူညီမှုမရှိခြင်း၊ ရာသီဥတုအခြေနေများအပေါ်တွင်မူတည်ပြီးမြေယာဖော်ထုတ်မှုနည်းလမ်းများ ပြောင်းလဲမှု ရှိခြင်းတို့ကြောင့်လည်းကောင်း၊ ဒေသအလိုက်နေထိုင်သူတို့၏ ပြုပြင်ပြောင်းလဲ အသုံးချမှုကြောင့် လည်းကောင်း၊ မြေအသုံးချမှုအခြေအနေများ နှစ်စဉ်ပြောင်းလဲလျက်ရှိပါသည်။
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်လျက်ရှိသော ၂၀၂၃-၂၀၂၄ခုနှစ်၊ အသုံးချလျက်ရှိသောမြေများကို မြေအမျိုးအစားအလိုက် ခွဲခြားဖော်ပြသည့် စာရင်းအရ လက်ရှိ စိုက်ပျိုးမြေဧရိယာ ၃၀,၉၇၄,၈၁၈ ဧက၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဧရိယာ ၄၈,၄၈၆,၂၂၅ ဧက၊ တောရိုင်းမြေဧရိယာ ၃၄,၈၉၁,၂၁၆ ဧက၊ မြေရိုင်းဧရိယာ ၁၆,၂၇၀,၁၅၉ ဧက၊ စိုက်ပျိုးခြင်းမပြု နိုင်သောမြေဧရိယာ ၃၆,၅၆၃,၄၀၆ ဧက၊ စုစုပေါင်းဧရိယာအကျယ်အဝန်း ၁၆၇,၁၈၅,၈၂၄ ဧကရှိပါ သည်။ အသားတင်စိုက်ပျိုးသည့်မြေဧရိယာ ၂၉,၈၄၂,၆၄၁ ဧကဖြစ်သဖြင့် စိုက်ပျိုးခြင်းမရှိဘဲ လှပ်ထားသည့်မြေဧရိယာ ၁,၁၃၂,၁၇၇ ဧကရှိပါသည်။
လက်ရှိ အသားတင်စိုက်ပျိုးသည့်မြေဧရိယာ ၂၉,၈၄၂,၆၄၁ ဧကအပြင် ကျူးလွန်စိုက်ပျိုးသည့်မြေဧရိယာ ၃,၅၈၁,၁၉၆ ဧက စိုက်ပျိုး ခဲ့သည့်အတွက် စုစုပေါင်းအသားတင်စိုက်ပျိုးမြေဧရိယာ ၃၃,၄၂၃,၈၃၇ ဧကဖြစ်၍ နိုင်ငံစုစုပေါင်းဧရိယာ၏ ၁၉ ဒသမ ၉၉ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ပါသည်။
မစိုက်ပျိုးဘဲ လှပ်ထားသည့်မြေဧရိယာ ၁၁၃၂၁၇၇ ဧကကို အများပြည်သူတွေအနေနဲ့ မြို့/ ရွာနဲ့ နီးစပ်တဲ့ နေရာတွေမှာရှိတဲ့ စိုက်ပျိုးမြေတွေမှာ မြေကွက် ရိုက်ရန် လှပ်မြေအဖြစ်ထားရှိလျက်ရှိပါသည်။ စိုက်ပျိုးမြေကို စိုက်ပျိုးရေးလုပ်ငန်းအတွက် အကျိုးရှိစွာအသုံးမပြုဘဲ လူနေထိုင်ရန် အလို့ငှာ မြေကွက်ရိုက်ရောင်းဝယ်ခြင်းသည် လယ်ယာမြေဥပဒေအရ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ ဥပဒေကို ကျူးလွန်ဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။
လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (က) တွင် လယ်ယာမြေဆိုတာ “လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေတွေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးတဲ့ ခြံမြေတွေ၊ မြေနုကျွန်းမြေ ရွှေ့ပြောင်းတောင်ယာမြေ”များ ပါဝင်ပါသည်။ ဒီစကားရပ်မှာ ဥပဒေ စတင် အာဏာ သက်ရောက်တဲ့ အချိန်မှစ၍ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေ အိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေး အတွက် အသုံးမပြုသောမြေများ မပါဝင်” လို့ အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။
တည်ဆဲလယ်ယာမြေဥပဒေ ပုဒ်မ ၁၂ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသော တောင်သူ လယ်သမားများအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက် ၉ ချက်ကို ပြဋ္ဌာန်းထားပါသည်-
လယ်ယာမြေဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်၊
လယ်ယာမြေနဲ့စပ်လျဉ်းပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စည်းကြပ်တဲ့ မြေခွန်နဲ့ အခြားအခွန်အခများကို ပေးဆောင်ရမည်၊
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်း/ ပေါင်/ လဲ/ ငှား/ ပေးတို့ကို ဆောင်ရွက်တဲ့အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်တဲ့ လယ်ယာမြေတန်ဖိုးနဲ့အညီ တည်ဆဲဥပဒေအရ သတ်မှတ်တဲ့ တံဆိပ်ခေါင်း ခွန်နဲ့ ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်ပြီးတော့ သက်ဆိုင်ရာမြို့နယ် ဦးစီး ဌာနရုံးတွင် မှတ်ပုံတင်ရမည်၊
အမွေဆက်ခံခြင်းနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိတဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ် ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရမည်၊
စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်ပဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုတဲ့ ဘဏ်မှာသာပေါင်နှံရမည်၊
လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းသုံးစွဲလို့ မရ၊
လက်ရှိစိုက်ပျိုးနေတဲ့ ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးလို့ မရ၊
ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားလို့ မရပါဘူး။ ဒါပေမယ့် လယ်ယာမြေကို လှပ်ထားဖို့ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်မယ် ဆိုရင်လည်း မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရမှာ ဖြစ်ပါကြောင်း။ ဒီလို လှပ်ထားခြင်းဟာလည်း ရွှေ့ပြောင်း တောင်ယာမြေမှအပ နှစ်နှစ် ဆက်တိုက်ထက် မပိုရ၊
လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလ ဒါမှမဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်းပြီး အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ကာလတွေမှာ လယ်ယာမြေကို ရောင်း/ ပေါင်/ လဲ/ ငှား/ ပေး ဆောင်ရွက်လို့ မရ၊

လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်ကို လိုက်နာမှုမရှိပါက အရေးယူ ဆောင်ရွက် နိုင်ဖို့ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူတွေအနေနဲ့ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုပါက လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၉ အရ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေနဲ့ -
သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊
သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက် အအုံများကို ဖယ်ရှားခြင်း စသည့် အမိန့် တစ်ရပ် ဖြစ်စေ၊ တစ်ရပ်ထက် ပို၍ ဖြစ်စေ အမိန့် ချမှတ်နိုင်ပါသည်။
လယ်ယာမြေဥပဒေပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိထားသူကို ထိုအမိန့်မှာ ပါရှိတဲ့ သတ်မှတ်ရက် ကျော်လွန် သွားလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒါမှမဟုတ် အဖွဲ့က တာဝန်ပေးအပ်တဲ့ ပုဂ္ဂိုလ်က လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၀ (က) အရ သက်ဆိုင်ရာ တရားရုံးမှာ ဦးတိုက် လျှောက်ထား တရား စွဲဆိုသွားမှာ ဖြစ်ပါသည်။
တရားစွဲဆိုတဲ့အခါ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ အရ အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါသည်။ တရားစွဲဆိုခံရသူသည် ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရတာရှိပါက (အကြိမ်ကြိမ် ပြစ်မှုကျူးလွန်နေသူ ဖြစ်ပါက) လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၆ အရ ထပ်မံ ကျူးလွန်သော ပြစ်မှုအတွက် လယ်ယာမြေပုဒ်မ ၃၅ ပါ အများဆုံး ထောင်ဒဏ်ကို ချမှတ်ခြင်းခံရမှာ ဖြစ်ပါသည်။
လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၃ တွင် “လယ်ယာမြေနှင့် စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့် ဆင့်က ဥပဒေနှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။” ဟု ပြဋ္ဌာန်းထားသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူ ဖြစ်စေ၊ ပုံစံ (၇) မရရှိသူဖြစ်စေ အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ယူသူဖြစ်စေ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ချမှတ်တဲ့ အမိန့်ကို လိုက်နာရမှာ ဖြစ်ပါသည်။
ထိုကဲ့သို့ ပုဒ်မ ၁၃ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသည့် မည်သူ့ကိုမဆို ထိုအမိန့်မှာ ပါရှိသော သတ်မှတ်ရက်ကျော်လွန်သွားရင် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဒါမှမဟုတ် အဖွဲ့က တာဝန်ပေးအပ်တဲ့ ပုဂ္ဂိုလ်က ပုဒ်မ ၂၀ (ခ) အရ သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမှာ ဖြစ်ပါသည်။
ထိုသို့ တရားစွဲဆိုသည့်အခါ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူဖြစ်စေ၊ ပုံစံ (၇) မရရှိသူဖြစ်စေ၊ အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ယူသူဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၇-က အရ အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါသည်။
ယခုကဲ့သို့ ယခင်ကာလများက လယ်ယာမြေကို ခွင့်ပြုချက် မရှိဘဲ (မြို့မြေ/ ရွာမြေ)အဖြစ် အခြားနည်းဖြင့် အသုံးပြုခဲ့ခြင်းများနှင့် ပတ်သက်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၁၄-၂-၂၀၂၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၃/၂၀၂၄ ဖြင့် “လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ” ကို ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ အဆိုပါ လုပ်ထုံးလုပ်နည်းများ အရ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုအခြေအနေကို ခွင့်ပြုရန် သင့်မသင့် စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းကော် မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၂-၂-၂၀၂၄) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၄၄/၂၀၂၄ ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များပါအတိုင်း မြေပြင် ကွင်းဆင်း စိစစ်စာရင်းပြုစု ဆောင် ရွက်လျက် ရှိပါသည်။
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေအနေနဲ့ခွင့်ပြုမိန့်မရှိဘဲ လယ်ယာ မြေတွေကို အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများမရှိစေရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ညွှန်ကြားချက်များကို ထုတ်ပြန်ပြီး ထိန်းသိမ်းကြပ်မတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်မျာကို သိရှိပြီး ဖြစ်ပါက လက်တွေ့မြေပြင်မှာ ဥပဒေ၊ နည်း ဥပဒေများကို ကျော်လွန်ပြီး လွဲမှားစွာ လုပ်ဆောင် နေမှုများ ရှိကြောင်း တွေ့ရှိရလျှင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များထံ တင်ပြနိုင်ပါကြောင်းနှင့် ဥပဒေနှင့် အညီ တိတိကျကျ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေနဲ့လည်း စိုက်ပျိုးမြေများ လျော့နည်းမှု မရှိစေရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမြေများကို အခြားနည်းဖြင့် လွှဲပြောင်းသုံးစွဲမှု မဖြစ်စေရေး မြေယာဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်နှင့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုချက်များ ထုတ်ပေးရာတွင် ဒေသဝမ်းစာဖူလုံမှုကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လမ်းညွှန်ထားပါသည်။
ဒါ့အပြင် နိုင်ငံတော်အစိုးရမှ ချမှတ်သော မူဝါဒနှင့်အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇.၉.၂၀၂၄) ရက်စွဲပါစာအမှတ်၊ (၁၂/လယ-၅ (၄၁၆/၂၀၂၄)ဖြင့် “လယ်ယာမြေများကို စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ် ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့် ပြုခြင်းဖြစ်ရာ အခြားနည်းဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရေး လျှောက်ထားလာပါက လယ်ယာမြေစီမံခန့်ခွဲမှု အဆင့်ဆင့်က မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စိစစ်ခြင်း၊ မြေပြင်တွင် ကြိုတင်အသုံးချထားမှု ရှိ မရှိ စိစစ်ခြင်း ဆောင်ရွက်၍ ဥပဒေနှင့် အညီသာ ခွင့်ပြုဆောင်ရွက်ပေးရန်၊ ဥပဒေတားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်သည့် လျှောက်ထားသူများ၊ စည်းကမ်းနှင့်အညီ ထိန်းကြောင်းရန် ပျက်ကွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း တိတိကျကျ အရေးယူ ဆောင်ရွက်သွားရန်” ညွှန်ကြားထားပြီး ဖြစ်ပါသည်။
လက်ရှိကာလမှာ မြို့မြေ မြေတန်ဘိုးများ မြင့်တက်လာမှုကြောင့် အများပြည်သူတွေအနေနဲ့ မဝယ်နိုင်ကြတဲ့အခါ မြို့/ရွာနဲ့ နီးစပ်တဲ့ နေရာတွေမှာရှိတဲ့ လယ်ယာမြေတွေမှာ ခွင့်ပြုချက် မရရှိပဲ မြေကွက်ရိုက် ရောင်းချနေတာတွေကို ဝယ်ယူလာတာတွေ တွေ့ရှိနေရပါသည်။ လူနေထိုင်ရန် အတွက် မြေကွက် ဝယ်ယူလိုသူတွေ အနေနဲ့ မြို့မြေ/ ရွာမြေ အမျိုးအစားတွေဖြစ်တဲ့ ဂရန်၊ ဘိုးဘွားပိုင်၊ လ/န-၃(ခ) ကျပြီးမြေ၊ အစိုးရ ကနေ တရားဝင်ချထားပေးတဲ့ မြေပေးမိန့်ရှိတဲ့ မြေတွေကိုသာ ဝယ်ယူကြဖို့ လိုအပ်ပါသည်။ မိမိဝယ်ယူမယ့် မြေတွေဟာ ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးချ ထားသည့် လယ်ယာမြေ ဖြစ်မယ်ဆိုရင် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့် မရရှိသေးပါက ဝယ်ယူခြင်းမပြုဖို့လိုပါသည်။
On Line (လူမှုကွန်ယက်) တွေပေါ်မှာ ရောင်းချနေတဲ့ ခွင့်ပြုချက် မရရှိပဲ အကွက်ရိုက်ထားတဲ့ မြေတွေ၊ ဈေးချိုတဲ့ မြေတွေကို မဝယ် သင့်ပါ။ ဝယ်ယူမယ့်မြေနေရာနဲ့ တစ်ဆက်စပ်တည်းမှာ လူနေအိမ်ခြေတွေ ရှိနေလို့ မြို့မြေ/ ရွာမြေ ဆိုပြီးလည်း တခြားသူတွေပြောစကားကို ယုံကြည်ပြီး မဝယ်သင့်ပါ။ လူနေထိုင်ရန်အတွက် မြေကွက် ဝယ်ယူလိုသူတွေ အနေနဲ့ မိမိဝယ် ယူမယ့် မြေနေရာရဲ့ မြေအမျိုးအစားကို ရှင်းရှင်းလင်းလင်း မသိရှိပါက သက်ဆိုင်ရာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည် တော်တို့မှာဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများထံ ဆက်သွယ် မေးမြန်းနိုင်ကြပါသည်။
လယ်ယာမြေကို သိလျက်နဲ့ သော်လည်းကောင်း၊ မသိဘဲနဲ့ သော် လည်းကောင်း ဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ် အသုံးပြုရင် ဥပဒေနဲ့အညီ အရေးယူခံရပြီး ကာယကံရှင်တွေအနေနဲ့ နစ်နာဆုံးရှုံးတာတွေ ရှိမှာဖြစ်တဲ့အတွက် ဂရုပြု ဆောင်ရွက် နိုင်ကြဖို့ အသိပေးလိုပါသည်။ လယ်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက်သာ ဝယ် ယူသင့်ပါသည်။
စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
လယ်ယာမြေများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လှပ်ထားခြင်းအားဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေပါသည်။ စိုက်ပျိုး ရေးလုပ်ငန်းများကို ထိခိုက်မှုရှိခြင်းအားဖြင့် နိုင်ငံတော်နှင့်နိုင်ငံတွင်းပြည်သူများအတွက် စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှုကို များစွာထိခိုက် စေနိုင်ပါသည်။ ပြည်သူများအနေဖြင့် စိုက်ပျိုးမြေများကို စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှုအတွက် အကျိုးရှိစွာစိုက်ပျိုးခြင်းအားဖြင့် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုစေနိုင်သလို တစ်ဖက်မှာလည်း တည်ဆဲလယ်ယာမြေဥပဒေကို လိုက်နာပြီးဖြစ်စေမှာ ဖြစ်ပါသည်။ တည်ဆဲလယ်ယာမြေ ဥပဒေကို လိုက်နာပြီး စိုက် ပျိုးနိုင်သည့်လယ်ယာမြေများကို စိုက်ပျိုးရေးအတွက် အကျိုးရှိစွာ အသုံးချရန် တိုက်တွန်းအပ်ပါသည်။
ထက်ဦး(ကြေး/မြေ)