သဘာဝကပေး အစာနှင့်ဆေး ၊ စမုံစပါး

စမုန်စပါးပင်၏ အင်္ဂလိပ်အမည်မှာ Fennel Plant ဟု ခေါ်ဆိုသကဲ့သို့ Sweet cumin ဟု ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Foeniculum vulgare Mill ဖြစ်ပြီး မုန်လာဥနီ၊ တရုတ်နံနံ၊ နံနံပင်တို့နှင့် မျိုးရင်းတူသည့် Apiaceae တွင်ပါဝင်၏။ စမုန်စပါးဟုဆိုလိုက်လျှင် စိမ်းညိုဖန့်အရောင် သို့မဟုတ် အစိမ်းဖျော့ရောင်ရှိသော၊ စပါးစေ့ နှင့် ပုံစံခပ်ဆင်ဆင် တူသော၊ သင်းပျံ့သည့်မွှေးရနံ့ရှိသော အသီးလေးများကို ကွမ်း ယာထဲတွင်လည်းကောင်း၊ ဟင်းခတ် အမွှေးအကြိုင် မာဆလာကြိတ်သည့်အထဲတွင်ပါဝင်သည့် အမယ်တစ်မျိုးအနေဖြင့်လည်းကောင်း၊ အစာကြေ လျက်ဆားများ ဖော်စပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်ဟု လူသိများကြ၏။ စမုန်စပါးပင်သည် မြေထဲ ပင်လယ်၏ ကမ်း ရိုးတန်းဒေသမှ စတင်ကာ နောက် ပိုင်းတွင် နေရာဒေသအတော်များများတွင် အထူးသဖြင့် ပင်လယ် ကမ်းရိုးတန်းနှင့် မြစ်ကမ်းပါးများအနီးရှိ ခြောက်သွေ့သောမြေများတွင် ကျယ်ကျယ်ပြန့်ပြန့် သဘာဝအတိုင်း ဖြစ်ထွန်းလာခဲ့ခြင်းဖြစ်၏။

စမုန်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့် ၃ ပေခန့် ထိ ရှင်သန်ကြီးထွား၏။ ပင်လုံးသေး၍ အခေါင်းပါ၏။ ရိုးတံမှ အကိုင်းအခက်ကလေးများ ထွက်၏။ အရွက်များမှာ နူးညံ့ပြီး သွယ်လျသော အမျှင်ကလေးများ ဖြစ်ကြပြီး သင်းပျံ့သော မွှေးရနံ့ရှိ၏။ အပွင့်များမှာ သေးငယ်၍ အဝါရောင်ရှိပြီး ထီးပုံသဏ္ဌာန် ပန်း ခိုင်တွင်ပွင့်၏။ ထိုမှတစ်ဖန် ဘဲဥပုံသဏ္ဍာန် အသီးကလေးများ အစုလိုက်သီးကြ၏။ အသီး၏ အတွင်း၌ အစိမ်းရောင်အစေ့များရှိပြီး အချိန်ကြာသည့်အခါ အဝါရောင်အဖြစ် ပြောင်းလဲသွားကြ၏။ အစေ့မှာ မွှေးကြိုင်သော အနံ့ရှိ၏။ စမုန်စပါးပင်သည် မြန်မာနိုင်ငံ၏ အအေးပိုင်းဒေသတွင်သာမက အပူပိုင်းဒေသများမှာပါ ပေါက်ရောက်၏။ တောင် ပေါ်ဒေသတွင် အမြင့်ပေ ၆၀၀၀ အထိ ပေါက်ရောက်နိုင်၏။
လတ်ဆတ်သောစမုန်စပါးပင်တွင် အစာစွမ်းအင်ကယ်လိုရီ ၂ ရာခိုင် နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၂ ရာခိုင်နှုန်း၊ ပရိုတင်း ၂ ရာခိုင်နှုန်း၊ ကြေလွယ်အမျှင် ၁၂ ရာခိုင်နှုန်း၊ ဗီတာမင်စီ ၂၀ ရာခိုင်နှုန်း၊ ဖိုလိတ်ဓာတ် ၇ ရာခိုင် နှုန်း၊ ဗီတာမင်အေ ၃ ရာခိုင်နှုန်း၊ နိုင်ရာစင် ၃ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁၂ ရာခိုင်နှုန်း၊ မဂ္ဂနိစ် ၁၀ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၅ ရာခိုင်နှုန်း၊ ဖော့စပ်ဖရပ်စ် ၅ ရာခိုင်နှုန်း၊ သံဓာတ် ၄ ရာခိုင်နှုန်းနှင့် မဂ္ဂနီစီယမ် ၄ ရာခိုင် နှုန်းတို့ အသီးသီးပါဝင်၏။

စမုန်စပါးစေ့မှာ ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ဝမ်းလျှောဝမ်းကိုက်ပြီး ဝမ်း ဗိုက်ရစ်နာခြင်းဝေဒနာကို သက်သာစေနိုင်စွမ်းနှင့် ဘက်တီးရီးယားပိုး မွှားများကို တိုက်ဖျက်နိုင်စွမ်းတို့ရှိ၏။
ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောနှင့် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သည့် ကြေလွယ်အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့် စမုန်ပင်သည် နှလုံး ရောဂါဖြစ်ပွားနိုင်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်း၊ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေနိုင်စွမ်းတို့ရှိ၏။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သည့် စမုန်စပါးပင်သည် နာတာရှည် ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းနာကျင်မှုကို ဆန့်ကျင်ပေးနိုင်ခြင်း၊ ရုတ်တရက်နှလုံးအမောဖောက်ခြင်းနှင့် လေ ဖြတ်ခြင်းဝေဒနာတို့ မဖြစ်ပွားစေရန် ကူညီပေးနိုင်စွမ်းရှိ၏။
သုတေသနပြုချက်များအရ စမုန် စပါးမှ ထုတ်ယူရရှိထားသည့် အဆီ အနှစ်သည်စိတ်ပူပင်သောက ရောက် ခြင်းမှ လျော့ကျကင်းဝေးစေနိုင်စွမ်းရှိ၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက စမုန်စပါးကို အစောကြေဆေးအဖြစ် အသုံးပြုလေ့ရှိကြ၏။ စမုန်စပါး တွင်ပါဝင်သည့် အင်ဇိုင်းများသည် အစာခြေရည်၏ပြင်းအားကိုတိုးစေပြီး အစာမကြေခြင်း၊ လေထိုး လေအောင့်ဖြစ်ခြင်း၊ အစာ အိမ်နာကျင်ခြင်းတို့ကို သက်သာစေနိုင်၏။ ထို့အပြင် အစာရေမျို၊ အစာ အိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် ကိုလည်း ကျန်းမာကြံ့ခိုင်စေနိုင်၏။
ဝမ်းချုပ်တတ်သူများအတွက် စမုန်စပါးကို စားသုံးပေးခြင်းဖြင့် ဝမ်းမှန်စေ၏။
ရေနွေးတစ်ဖန်ခွက်ထဲသို့ စမုန် စပါး လက်ဖက်စားဇွန်း တစ်ဇွန်းကို ထည့်နှပ်ထားကာ မနက်တစ်ကြိမ် ညနေတစ်ကြိမ်နှုန်းဖြင့် ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ် ပုံမှန်သောက် သုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ကျစေနိုင်၏။
ကိုယ်တွင်းအပူချိန်များသူများအတွက် စမုန်စပါးရေနွေးကြမ်းကို သောက်သုံးပြီးလျှင် စမုန်စပါးအသီးဖတ်လေးများကိုပါ ဝါးစားပေးခြင်းဖြင့်အပူငြိမ်းစေနိုင်သည့်အပြင် ခံတွင်း ရနံ့ကိုပါ ရှင်းသန့်စေနိုင်၏။
စမုန်စပါးပင်၏ အစိတ်အပိုင်းများဖြစ်သည့် အမြစ်ဥ၊ အရွက်၊ အစေ့တို့ကို ဟင်းလျာများအဖြစ် ပြင်ဆင်ချက်ပြုတ်စားသုံးလေ့ရှိကြ၏။ စမုန်စပါးရွက်နှင့် အမြစ်ဥတို့ကို ယခုလိုရာသီတွင် စျေးထဲတွင် အလွယ် တကူဝယ်ယူပြီး ဟင်းလျာများ ပြင် ဆင်ချက်ပြုတ်စားသုံးနိုင်၏။ စမုန် စပါးစေ့ကိုလည်း ပရဆေးဆိုင်များ၊ Super market များ၏ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများအတန်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်၏။
လတ်ဆတ်ပြီး ညွန့်ဖြာနေသော စမုန်စပါးရွက်နုလေးများနှင့် အမြစ်ဥများကို သန့်စင်အောင် ဆေးကြောပြီးလျှင် ခရမ်းချဥ်သီးပန်ထွေဖျော်၊ ပဲပုပ်ထောင်း၊ ပဲပုပ်ချက်၊ ခရမ်းချဉ်သီးငါးပိချက်၊ ငါးပိသုပ်၊ ငါးပိထောင်း သံပရာရည်ဆမ်း၊ ငါးပိရည်ကျိုဖျော်တို့ နှင့် တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးကြ၏။
စမုန်စပါးညွန့်လေးများကို လိုအပ်သလို လှီးဖြတ်ပြီးနောက် ကြက်ဥ/ဘဲဥတို့နှင့် ခေါက်ကာ အချပ်လိုက် ကြော်၊ မွှေကြော် နှစ်သက်သလို ကြော်ပြီး ထမင်းဖြူပူပူလေးနှင့် တွဲဖက်စားသုံးကြ၏။ စမုန်စပါးရွက်ညွန့်၏ မွှေးရနံ့က ဝမ်းကို ပိုမိုဆာ လောင်စေပြီး ထမင်းမြိန်စေ၏။
စမုန်စပါးပင်၏အမြစ်ဥပိုင်းကို ဗူးသီး၊ ကိုင်းခရမ်းချဥ်သီး၊ ပဲပုစွန်သီးတို့အပါအဝင် နှစ်သက်ရာ အသီးအရွက် များနှင့် ရောစပ်ကာ ချဥ်ရည်ဟင်း ချက်သောက်နိုင်၏။
သန့်စင်ပြီးသော စမုန်စပါးရွက်နုလေးများကို လက်တစ်ဆစ်ခန့်အရွယ်လှီးဖြတ်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆန်ထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် စမုန်ရွက်သုပ်လေး ရပါပြီ။
ကြက်ရိုးပြုတ်ရည်/ ငါးမီးအုံးဟင်းခါး/ အသားလုံးဟင်းရည် ချက်ပြီး စမုန်စပါးညွန့်ကို ခပ်ပြီး သောက်သုံးပေးခြင်းဖြင့် ခွန်အားကို တိုးစေနိုင်၏။ ခရမ်းချဥ်သီးထောင်း စပ်စပ်လေးနှင့် တွဲဖက်စားသုံးနိုင်၏။
မြေထဲပင်လယ်ဒေသနှင့် အီတလီရိုးရာအစားအသောက်များတွင် စမုန်စပါးပင်၏အစိတ်အပိုင်းများကို ကျန်းမာရေးအကျိုးအာနိသင်ကောင်း များရရှိရန်အတွက် ထည့်သွင်းချက် ပြုတ်တတ်ကြ၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် စမုန်စပါးပင်မှ ရရှိသည့် အစိတ်အ ပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင် ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်