ရေချိုပုစွန်ထုပ်၏ သဘာဝနှင့် အသုံးဝင်ပုံ

ရေချိုပုစွန်ထုပ်၏ သဘာဝနှင့် အသုံးဝင်ပုံ

ပုစွန်ထုပ်

ရေချိုပုစွန်ထုပ်ကြီးများကို မြန်မာနိုင်ငံတွင် ရေချိုရေငန်စပ်ဒေသဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ယင်းဒေသများနှင့် နီးစပ်ဆက်သွယ်နေသော ရေချိုမြစ်ချောင်း၊အင်းအိုင်များတွင် အများအပြားတွေ့ရှိရပါ သည်။ရေချိုပုစွန်ထုပ်ကြီးမျိုးစိတ်ပါဝင်လျက်ရှိသောမျိုးစုတွင် မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိပြီး ကမ္ဘာ့ အပူပိုင်းဒေသများတွင် ပြန့်နှံ့ကျက်စားလျက်ရှိပါသည်။၄င်းမျိုးစိတ်များအနက် မြန်မာနိုင်ငံတွင် မျိုးစိတ် ၂၅ ခုခန့်ရှိကြောင်း သိရှိရပါသည်။၄င်းမျိုးစိတ်များအနက် ရေချိုပုစွန်ထုပ်ကြီးသည် အရွယ်အစား ကြီးမားပြီး ကြီးထွားမှုကောင်းမွန်သောကြောင့် မွေးမြူရေးလုပ်ငန်းတွင်အသုံးပြုခြင်း ဖြစ်သည်။   
ရေချိုပုစွန်ထုပ်ကြီးမျိုးရင်း Macrobrachium ကို ကမ္ဘာအရပ်ရပ်ရှိ အပူပိုင်းနှင့် သမပိုင်းဒေသတို့၌ တွေ့ရှိရသည်။သို့ရာတွင် Macro-brachium မျိုးစိတ်ကိုမူ သီရိလင်္ကာ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊တောင်ပိုင်းတရုတ်ပြည်၊ထိုင်ဝမ်၊ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊မလေးရှား၊မြောက်ပိုင်း သြစတေးလျဒေသတို့၏ ကမ်းရိုးတန်းတစ်လျောက် အင်း၊အိုင်၊ချောင်း၊မြောင်းတို့၌ သဘာဝအလျောက် တွေ့ရှိရ၏။သို့ရာတွင် ယခုအခါ စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော မျိုးစိတ်တစ်မျိုးဖြစ်နေ၍ နိုင်ငံတော်တော်များများ၌ တွင်ကျယ်စွာ မွေး မြူလျက်ရှိကြသည်။

ရေချိုပုစွန်ထုပ်ကြီး၏ ဦးချိုအပေါ်ဘက်တွင် အသွား(၁၁ ခု မှ ၁၄ ခု)အထိ ရှိပြီး အောက်ဘက်တွင်အသွား(၈ ခုမှ ၁၃ ခု)သာ ရှိခြင်းသည် အခြားသော ရေချိုပုစွန်မျိုး စိတ်များနှင့် အဓိကကွာခြားသောအချက် ဖြစ်ပါသည်။ 

ရေချိုပုစွန်ထုပ်သည် ခြေ၊ လက် ၅ စုံပါသော အခွံမာရေနေသတ္တဝါ (decapods crustaceans)များဖြစ်ကြပြီး ရှည်လျှားသော ဦးမှင်အင်္ဂါ ၂ ခုမှာ ယင်းတို့၏ဦးခေါင်းထိပ်တွင် ရှိကြပါသည်။ပုစွန်မျိုးစိတ်များမှာ အမြီးရှည်ရှည်နှင့် မျက်လုံးပြူးသည့်ရေသတ္တဝါလည်း ဖြစ်ပေသည်။ တစ်မူထူးခြားသည်မှာ ရေချိုပုစွန်ထုပ်၏ သွေးအရောင်မှာ နက်ပြာရောင် ဖြစ်နေပါသည်။

ကမ္ဘာပေါ်တွင် ပုစွန်ထုပ်မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိကြပြီး Macro-brachium Rosenbergii မျိုးစိတ်သည်အကြီးမားဆုံးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း တွေ့ရှိရပါသည်။ အမြင့်ဆုံးအလျား ၂၉-၃၃ စင်တီမီတာထိ ရှိကြပါသည်။

ပုစွန်ထုပ်မှာလည်း ကဏန်းကဲ့သို့ပင် ခြေ၊ လက် ၅ စုံပါပြီး ပထမအစုံကို ‘လက်မ’ဟု ခေါ်သည်။လက်မတစ်ဖက်မှာ ကြီး၍ တုံးသောသွားများပါရှိကာ ယင်းလက်မဖြင့် မိမိ၏ အစာကို ကြိတ်ချေကြသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုကြသည်။ ပုစွန်ထုပ်များမှာ အစုံစား (omni-vorous) များဖြစ်ကြ၍ ခရု၊ ကမာ၊ ရေမှော်၊ပုစွန် စသည်တို့ကို ၄င်းတို့၏ အစာအဖြစ်စားသုံးကြပါသည်။

ရေချိုပုစွန်ထုပ်ကြီး၏ ခန္ဓာဗေဒအချက်အလက်များ 

ရေချိုပုစွန်ထုပ်သည် နှစ်ပေထိပင် ရှည်တတ်သည်။ အချို့ ပုစွန်ထုပ်ကြီးများမှာ ၃၅ ပေါင်အထိပင်အချိန် စီးတတ်သည်။  ကိုယ်ပေါ်တွင် အပြာရောင်ခပ်ပြောင်ပြောင် အခွံမာ ဖုံး အုပ်နေသည်။ အမြီးမှာ ယပ်တောင်သဖွယ် ကားနေသည်။ ကိုယ်ထည်မှာ လုံးနေပြီး အစိတ်အပိုင်း ၆ ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေသည်။ ဦးခေါင်းထိပ်တွင် ရှည်လျားသော အမှင်အင်္ဂါ ၂ ခုရှိသည်။ ပုစွန်ထုပ်သည် တသက်လုံး ဤအခွံနှင့်ချည်း နေသွားသည် မဟုတ်ချေ။ မကြာခဏ အခွံလဲသည်။ ပထမ တစ်နှစ်သားအတွင်း ၁၄ ကြိမ်မှ ၁၇ ကြိမ်အထိ အခွံလဲသည်။ နောက်ကြီးသောအခါ တစ်နှစ် တစ်ကြိမ် လဲသည်။ ပုစွန်ထုပ်သည် အခွံလဲတော့မည်ရှိသောအခါ ကဏန်းကဲ့သို့ပင် လုံခြုံစိတ်ချရသော နေရာကောင်းတစ်ခုကို မရအရ ရှာဖွေစမြဲ ဖြစ်သည်။ သူ၏ ရှည်လျားသော အမှင်အင်္ဂါဖြင့် တွေ့သမျှ အပေါက်များအထဲသို့ ထိုးသွင်းစမ်းသပ်ခြင်းဖြင့် သင့်တော်မည့် အပေါက်၊ သို့မ ဟုတ် "တွင်း"ကို ရှာဖွေသည်။ ထိုးစမ်းကြည့်သော အပေါက်ထဲတွင် မည်သည့်ဘေးအန္တရာယ်မျှ မရှိဟူ၍ စိတ်ချလောက်မှ တွင်းအောင်းခြင်းအမှုကို ပြုလေသည်။

ပုစွန်ထုပ်

တွင်းအောင်းရင်းပင် ပုစွန်ထုပ်သည် အပြင်းအထန် တွန့်လိမ်လှုပ် ရှားကာ အရေခွံလဲရသည်။ အရေခွံလဲရသည်မှာ အခွံမာကြီးများကို ကိုယ်ပေါ်မှ ပြုတ်ထွက်သွားအောင် အပြင်းအထန်ကြိုးပမ်းရသည်ဖြစ်ရာအားကုန်ပင်ပန်းလှသည်ဖြစ်သောကြောင့် ပုစွန်ထုပ်သည် အခွံ ကျွတ်သည့်အခါ ခေတ္တမျှ မလှုပ်မယှက်နိုင်ဘဲ မေ့မြော၍ပင် သွားရှာတတ်သည်။ သို့သော် အသစ်ပေါ် ပေါက်လာသော အရေခွံ အတန်ငယ်မာလာသည်နှင့် တပြိုင်နက် အင် အားတဖန် ပြန်လည်ပြည့်ဝလာလေသည်။ အရေခွံဟောင်းကွာ၍ အခွံသစ် မာကျောလာခြင်းမရှိမီအချိန်တွင် ရန်သူတို့ကို အထူးသတိထား၍ နေကြရသည်။ ဤကဲ့သို့ အခါအား လျော်စွာ အခွံလဲပေးမှသာလျှင် ယင်းတို့၏ ကိုယ်ခန္ဓာအရွယ်အစား နှင့် အလေးချိန် တဖြည်းဖြည်း ကြီးထွားလာနိုင်မည်ဖြစ်သည်။ယင်းဖြစ်စဥ်ကို ပုံသွင်းခြင်း(Moulting) ဟု ခေါ်သည်။

ပုစွန်ထုပ်သည်ရေထဲတွင် ယက်ကာယက်ကာဖြင့် လေးလေးမှန်မှန် သွားလေ့ရှိသည်။ သို့ရာတွင် တစုံတရာ အရေးကြီးသော ကိစ္စကြုံလာလျှင် ရေထဲသို့ လျင်မြန်သော အရှိန်ဖြင့် နောက်ပြန် ပစ်ကူးလေ့ရှိသည်။ တစ်ခါတရံ ခပ်ကျဲကျဲသွား၍ တစ်ချက်တစ်ချက် ခုန်တတ်သေးသည်။ သွားရာနေရာ၌ တွင်းများတွေ့လျှင် သူ၏လက်မကြီးဖြင့် နှိုက်စမ်းကြည့်တတ်သည်။ ရန်သူကို တွေ့ပါက လက်မဖြင့် ညှပ်ပစ်လေသည်။

ရွှံ့နွံထူထပ်သော နေရာမျိုးတွင် ပုစွန်ထုပ်ကို တွေ့ရခဲသည်။ ယင်းတို့သည် ကျောက်တောင်ထူထပ်ပေါ များသော ကမ်းခြေ ရေတိမ်ရာ နေရာများကို အထူးသဖြင့် ကြိုက် နှစ်သက်တတ်သော်လည်း ရေနက်ရာ အရပ်များတွင်လည်းတွေ့ရတတ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာဖက်ရှိ အမေရိကန်ကမ်းခြေတစ်လျောက်တွင် တွေ့ရသော ပုစွန်ထုပ်မျိုးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမျိုး ဖြစ် သည်။ ဥရောပတိုက် ကမ်းခြေတစ်လျောက်တွင် တွေ့ရသော ပုစွန်ထုပ်မျိုးမှာမူ အမေရိကန် ပုစွန်ထုပ်လောက် မကြီးချေ။ ပင်လယ်ပုစွန် ထုပ်မျိုးတွင် အာဖရိကတိုက် ဂွတ်ဟုတ်အငူ ကမ်းခြေတွင် တွေ့ရသော ပုစွန်ထုပ်မျိုးသည် အငယ်ဆုံးဖြစ်သည်။ နိုင်ငံအရပ်ရပ်ရှိ မြစ်ချောင်းတို့မှဖမ်းယူရရှိသော ရေချိုပုစွန်ထုပ်တို့မှာမူ အကြီးဆုံး ၈ လက်မခန့်သာ ရှိလေသည်။

ပုစွန်များသည် အစုံစားသတ္တ ဝါ (Omnivorous)ဖြစ်ပြီး၊ အစာမဝသည့်အခါတွင်လည်းကောင်း၊ အစာ အာဟာရမပြည့်ဝသည့်အခါတွင် လည်းကောင်း အရေခွံလဲခြင်းနှင့်ကြုံကြိုက်လျှင် အချင်းချင်းပြန်စားလေ့ရှိသည်။အလင်းရောင်ကို ကြိုက် နှစ်သက်သော်လည်း တိုက်ရိုက်အလင်းရောင်ကို မကြိုက်နှစ်ပါ။ရေချိုပုစွန်ထုပ်ကြီးသည် အဓိကအားဖြင့် ကြီးထွားမှုတွင် အဆင့် ၄ ဆင့်ရှိပါသည်။၄င်းတို့မှာ ဥ၊ သား လောင်း၊ သားပေါက်နှင့် သက်ကြီးကောင်တို့ပင်ဖြစ်သည်။

မျိုးပွားခြင်း 

ရေချိုပုစွန်ထုပ်ကြီးမျိုးဖြစ်သော် လည်း မျိုးပွားရာသီတွင် ရေချိုရေ ငန်စပ်ရှိရာ မြစ်ဝကျွန်းပေါ်သို့ သွား ရောက်၍ မျိုးပွားကြသည်။ ရေချိုပုစွန်ထုပ်ကြီး၏ သက်တမ်း ‌၇ လမှ ၉ လအတွင်း အရွယ်ရောက်ပြီး မိတ်လိုက်ရန် ရှေးဦးစွာ အရေခွံလဲခြင်း ပြုလုပ်ရသည်။

အရွယ်ရောက်သည့် ပုစွန်အထီး နှင့် အမ မိတ်လိုက်ရန်အတွက် အထီး၏အရေခွံမှာ မာကျော၍ အမ၏ အရေခွံမှာ ပျော့ပျောင်းနေရသည်။ဤကဲ့သို့ အမ၏အရေခွံပျော့ ပျောင်းနေစေရန်အတွက် မိတ်မလိုက်မီအချိန်တွင် အမသည် အကြိုမိတ်လိုက်ခြင်းကိုပုံဖော်ခြင်း(Pre-mating moult)ကိုပြုလုပ်သည်။အထီးနှင့်အမမိတ်လိုက်သည့်အခါတွင် အမ၏ ကျောခွံ(Carapace) အောက်ပိုင်းရှိရင်ဘတ်ပိုင်း (Thoracic Region)တွင်ရှိသည့် သုက်ပိုးလက်ခံမှု(sperm receptacle) ၌ အထီး၏မျိုးရည်ကို ကျောက်ကျောကဲ့သို့ အရည်တစ်မျိုးဖြင့် တွယ်ကပ်စေ၏။ပုစွန်ထုပ်ကြီးများသည် သဘာဝအားဖြင့် တစ်နှစ်ပတ်လုံး မိတ်လိုက်သည်။သို့သော် တခါတရံ မိတ်လိုက်မှုမြင့်မားခြင်းကို တွေ့ရသည်။မိတ်လိုက်ပြီး နာရီပိုင်းအနည်းငယ်အကြာတွင် အမ၏ ဥများကို ကျောခွံ(carapace) တွင်းမှ စစ်ထုတ်ပြီး သုက်ရည်နှင့် ရောနှော သန္ဓေအောင်စေ၍ ဝမ်းဗိုက်အောက် အတွင်းရှိဥအိတ်တွင် ကျောက်ကျော ကဲ့သို့အရာဖြင့်တွယ်ကပ်ထားသည်။ သန္ဓေအောင်ပြီးဥများကို  အမသည် ရေယက်များဖြင့် သန့်စင်ပေးသည်။ ၄င်းဥများကို ၁၈ ရက်မှ ၂၁ ရက်ကြာသိုလှောင်ထားပြီး ဥစကပ်ချိန်တွင် လိမ္မော်ရောင်ဖြစ်ကာ လိမ္မော်ရင့်ရောင်သို့ ပြောင်းလာပြီး၊ ဥပေါက် ကာနီးအချိန်တွင် အညိုရင့်ရောင် ဖြစ်လာသည်။

ပုစွန်ထုပ်
ပုစွန်ထုပ်အမ ဥ ဥနှုန်း

ပုစွန်ထုပ်အမတစ်ကောင်၏ ဥချသောဥအရေအတွက်မှာ အရွယ်အ စားပေါ်တွင် မူတည်သည်။ အရွယ် ရောက် ဥဆောင်အမတစ်ကောင်လျှင် ဥ ၁၀၀၀၀ မှ ၅၀၀၀၀ အထိ ဥချတတ်ပြီး၊ အကောင်ကြီးများတွင် ဥ ၁၀၀၀၀၀ နီးပါး ဥချတတ်သည်။ပုစွန်အမသည် ရေယက်များကို လှုပ် ရှားခြင်းဖြင့် ဥများကို ဥချသည်။ဥပေါက်ပြီး ဥများကုန်ရန် တစ်ရက်မှ နှစ်ရက်ကြာတတ်သည်။ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် အမြဲကပ်နေအောင် သယ် ဆောင်ထားကြပါသည်။ပုစွန်ထုပ်ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်များမှာ ပုစွန်ထုပ်များရေကူးရာတွင် ၄င်းတို့လှော်တက်များသဖွယ် အသုံးပြုကြသည်။

ပုစွန်ထုပ်အမမှာ ဥများကို ၁၁ လမျှကြာအောင် ၄င်းတို့ရေကူးအဂ်ါငယ်များတွင် သယ်ဆောင်ထားစုပြီး နောက် ပုစွန်ထုပ်ကလေးများ ပေါက် ဖွားလာကြပါသည်။အများအားဖြင့် နွေဦးရာသီတွင် ပုစွန်ထုပ်လေးများ ဥမှပေါက်လေ့ရှိကြပါသည်။ပေါက်ခါစတွင် ပုစွန်ထုပ်ကလေးများမှာ ၁ လက်မ ၄ ပုံ၁ပုံခန့်သာ အရှည်ရှိကြပါသည်။ ဦးခေါင်းကြီး၍ အမြီးငယ်သည်။ ထိုမှစ၍ ပုစွန်ထုပ်ကလေးများသည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည့် အရွယ်ကြီးလာပြီး အလေးချိန်လည်းစီးလာကြပါသည်။

ပုစွန်သားလောင်း၏သဘာဝ

ပုစွန်သားလောင်းသည် မျှောလှေး(planktonic)ဖြစ်၍ ရေစီးနှင့် မျောပါရာတွင် အကြီးသည် အပေါ်ပိုင်းတွင်နေသည်။ သားလောင်းများအသက်ရှင်ရန်အတွက် ရေငန်လိုအပ်သဖြင့် ရေချိုတွင်ပေါက်သောသားလောင်းများ ရေငန်သို့ ရက်အနည်းငယ်အတွင်း မရောက်ရှိပါက သေဆုံးကြရသည်။သားလောင်းများ အသက်ရှင် ကြီးထွားနိုင်ရေးတွင် ရေအငန်နှုန်း 8 ppt မှ 15 ppt အတွင်း ယင်းအငန်နှုန်းဘောင်ပြင်ပသို့ ရောက်လျှင် ခံနိုင်မှုမရှိချေ။

ပုစွန်များသည် ကိုယ်ခန္ဓာကြီးထွားစေရန် အရေခွံလဲခြင်း ပြုလုပ်ရပြီး၊ သား လောင်းဘဝမှ သားပေါက်ဘဝပြောင်းလဲရန်အရေခွံလဲနှုန်း မြင့်မားသည်။ သက်ကြီးကောင်ဘဝတွင် အရေခွံလဲနှုန်း နည်းပါးသည်။ သား လောင်းဘဝမှ သားပေါက်ဘဝသို့ ပြောင်းလဲရန် သားလောင်းမွေးကန် (Hatchery) အတွင်း ရက်၃၀ မှ ၅၀ ရက်အထိ ကြာတတ်သည်။ ရေအခြေအနေ၊ အပူချိန်နှင့်အာဟာရပေါ်မူတည်ပြီး သားပေါက်မှု နှေးခြင်း ၊ မြန်ခြင်း ရှိတတ်သည်။

သဘာဝတွင် အသက်ရှင်နှုန်းမှာ သုညဒသမ ၁ ရာခိုင်နှုန်းသာရှိပြီး သားပေါက်ဖြစ်စတွင် ပျမ်းမျှ အလေး ချိန် သုညဒသမ ၀၁ ဂရမ်ရှိပြီး ပျမ်းမျှအရွယ်အစားမှာ သုညဒသမ ၆ စင်တီမီတာအရွယ် ရှိပါသည်။ အငန်နှုန်းရုတ်တရက်ပြောင်းလဲမှုကို ခံနိုင်သော်လည်းအပူချိန်ရုတ်တရက် ပြောင်းလဲမှု(Temperatuer Shock) လုံးဝခံနိုင်ခြေမရှိပါ။

အစာစားခြင်း အလေ့အထ

ပုစွန်သားလောင်းများသည် အစာကိုဆက်တိုက်စားသောက်ကြသည်။ အဓိကအားဖြင့် အကောင်မျှောလှေး (zooplankton)၊ သေးငယ်သည့် တုပ်ပြားကောင်၊ သန်ကောင်များ (worms)နှင့် ရေနေကျောရိုးမဲ့သတ္တဝါများ၏ သားလောင်းများကို စားသောက်ကြသည်။

သားလောင်းအဆင့် ၁၁ ဆင့် ကူးပြောင်းကြီးထွားပြီး သားပေါက်အဆင့်သို့ ကူးပြောင်း၍ သက်ကြီး ကောင်ကဲ့သို့ပင် အောက်ခြေတွင် တွားသွားသောအလေ့အထရှိလာသည်။ရေချိုပုစွန်ထုပ်ကြီး သား ပေါက်သည် အငန်နှုန်း(saliny)ပြောင်းလဲမှုဒဏ်ကို ကြံ့ခိုင်နိုင်ရည်ရှိသည်။သားပေါက်များသည် ရေငန်မှရေချိုသို့ ဆန်တက်လာခြင်းကို သား ပေါက်ဖြစ်သည့်နေ့မှ တစ်ပါတ်မှ နှစ်ပါတ်အရွယ်ရောက်သည်တွင် စတင် ၍ ရေစီးကြမ်းသောဒီရေကို ဆန်တက်နိုင်ခြင်း၊ကမ်းနံဘေးရှိ ကျောက် ဆောင်၊ကျောက်ခဲများတွင် တွယ်၍ တွားသွားခြင်းဖြင့် ရေချိုဘက်သို့ ကူးပြောင်းလာကြသည်။ စွတ်စို၍ စိုထိုင်းမှုများသည့် ရာသီဥတုအခြေအ နေတွင် ပုစွန်များသည် ကုန်းပေါ်သို့ဖြတ်တက်လာကြ၍ လှုပ်ရှားမှုရှိကြသည်။

သက်ကြီးကောင်ပုစွန်များသည် အစုံစားသတ္တဝါဖြစ်၍ ၄င်းတို့သည် ရေနေအင်းဆက်ပိုးများ၊ ၄င်းတို့၏ သားလောင်းများ၊ရေညှိရေမှော်၊ အစေ့အဆံ၊ အသီး၊ ကျောရိုးမဲ့ရေ သတ္တဝါငယ်လေးများနှင့် အခွံမာရေ သတ္တဝါများကို စားသောက်ကြသည်။ထို့ပြင်၄င်းတို့သည် အချင်း ချင်း စားသောက်သည့်အလေ့အထလည်း ရှိကြသည်။ 

အထီး၊အမ ခွဲခြားခြင်း

ရေချိုပုစွန်ထုပ်ကြီး အထီးများ သည် ကြီးထွားမှုပိုမိုကောင်းမွန် သောကြောင့် အသက်တူ အမများထက် ၂ဆ မှ ၃ဆ အထိ ပို၍ကြီးထွားနိုင်ပါသည်။ အထီးနှင့် အမများ ၏ကွဲပြားသောလက္ခဏာများအနက် အထီး၏ဒုတိယလမ်းလျှောက် ခြေ ထောက်သည် အမမှာထက် ပို၍ရှည် လျားခြင်း၊အထီးများ၏ ပဥ္စမလမ်းလျောက်ခြေထောက် ၂ ခုသည် အရင်း၌ ပူးကပ်နေသော်လည်း အမများ၏ ၄င်းခြေထောက်၂ခု ကြား၌ ကွက်လပ်ဖြစ်နေခြင်းတို့မှာ သိသာထင်ရှားသော လက္ခဏာများ ဖြစ်ပါသည်။

ပုစွန်ထုပ်စားဖွယ်စုံ

ပုစွန်ထုပ်ကို ပုစွန်ထုပ်ဆီပြန် ဟင်း၊ ပုစွန်ထုပ်ထုပ်ကင်၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်ထုပ်ကုန်းဘောင်၊ ပုစွန် ထုပ်သုပ်၊ ပုစွန်ထုပ်တန်ပူရာ၊ ပုစွန် ထုပ်အချိုချက်/အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးပြီး ပင်လယ်စာထမင်းကြော်/ခေါက်ဆွဲကြော်၊မာလာရှမ်းကော/မောက်ချိုက်၊ hot pot၊ ပင်လယ်စာပီဇာ စသည်တို့တွင်လည်း ထည့်သွင်းစားသုံးကြသည်။

ပုစွန်ထုပ်
ပုစွန်ထုပ်အသုံးဝင်ပုံ

ပုစွန်အမျိုးမျိုးကို လူတို့သည် ဟင်းလျာအလို့ငှာ ဖမ်းယူကြသည်။ အများအားဖြင့် လတ်လတ်ဆတ် ဆတ် ချက်ပြုတ်စားသောက်သော် လည်း အနောက်နိုင်ငံများတွင် စည်သွတ်၍ ရောင်းချကြသည်။ မြန်မာ နိုင်ငံတွင် ပုစွန်ဖြင့် ငါးပိလုပ်ကြသေးသည် မျှင်ခေါ် အလွန်သေးငယ်သည့် ပုစွန်ကလေးဖြင့် ပြုလုပ်သည်။ ထိုမျှင်ငါးပိသည် အလွန်ထင်ရှားသည်။ ပုစွန်ဦးခေါင်းမှ ရရှိသည့် အဆီသက်သက်ကိုလည်း ချက်၍ ဟင်းလျာတမည်အဖြစ် စားသုံးကြသည်။ ပုစွန်ပေါသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပုစွန်ဥများကို သက်သက်ထုတ်၍ ရောင်းချကြသည်။

ရေချိုပုစွန်ထုပ်ကို မြန်မာနိုင်ငံရှိ ရေချို၊မြစ်ချောင်း၊အင်းအိုင်များတွင် ပိုမိုရမိတတ်ကြပြီး တော်သလင်း၊သီတင်းကျွတ်၊တန်ဆောင်မုန်းလများ၌ ပိုမိုရမိကြောင်းသိရသည်။

ပုစွန်ထုပ်မှာ လေထိုး၊ လေ အောင့် လေနာသည်များအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။

ပုစွန်ထုပ်စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး

ရေချိုပုစွန်ထုပ်တွင် Selenium ဓာတ်၊ ဗီတာမင် B-12 ၊ ပရိုတင်း ၊ Phosphorus ၊ ကလိုရင်း၊ ကော့ပါး၊ အိုင်အိုဒင်း၊ ဗီတာမင် B-3 ၊ ဇင့်၊ ဗီတာမင် E ၊ ဗီတာမင် B6 ၊ Omega-3 အဆီဓာတ်၊ Pantothenic အက်ဆစ်နှင့် ဗီတာမင်-A စသည်တို့ပါဝင်ပါသည်။ထိုကဲ့သို့ အာဟာရဓာတ်စုံလင်စွာပါရှိသောပုစွန်ထုပ်ကိုစားခြင်းဖြင့်အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

ပုစွန်ထုပ်
ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ပုစွန်ထုပ်စားခြင်း   ဖြင့် ကာကွယ်နိုင်ပါသည်။ပုစွန်ထုပ်တွင် Selenium ဓာတ် အများဆုံးပါဝင်သောကြောင့် ထိုဓာတ်သည် ကင်ဆာဆဲလ်များကြီးထွားမှုကို တားမြစ်ပေးပါသည်။ ပုစွန်ထုပ်တွင်ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်
ပါသည်။

နှလုံးရောဂါ၊ဆီးချိုရောဂါနှင့် စိတ်ဓာတ်ကျမှုကိုကာကွယ်ပေးခြင်း

ကင်ဆာရောဂါကဲ့သို့ပင် ပုစွန်ထုပ်တွင်ပါဝင်သော Selenium ဓာတ်သည် နှလုံးကိုထောက်ပံ့ကူညီပေးပါသည်။ Selenium ဓာတ်မလုံ လောက်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ပါသည်။ထို့အပြင် ပုစွန်တွင်ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချိုမဖြစ်ပွားအောင်လည်း ကူညီပေးပါသည်။စိတ်ဓာတ်ကျနေလျှင်လည်း ပုစွန်များများစားလိုက်ပါ။ပုစွန်တွင်ပါဝင်သော Selenium ဓာတ်သည် စိတ်ဓာတ်ကျနေခြင်းကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါသည်။

Omega-3 ကြွယ်ဝစွာပါဝင်ခြင်း

ပုစွန်ထုပ်တွင် Omega-3 ဓာတ် ကြွယ်ဝစွာပါဝင်ပြီး Omega-3 ဓာတ်မှာ ဦးနှောက်ကျန်းမာရေးနှင့် အခြားကျန်းမာရေးအတွက် ကောင်းမွန်ပါသည်

ပရိုတင်းဓာတ်ကြွယ်ဝခြင်း

ပုစွန်ထုပ်သည် ကြက်ဥ၊နွားနို့တို့ကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝပါ သည်။ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာများတွင် ပုစွန်ထုပ်လည်း ပါဝင်ပါသည်။ ပရိုတင်းဓာတ်သည် ခြေသည်းလက်သည်း၊ ဆံပင်ရှည်ရန်နှင့် ကြွက်သားများ ကြီးထွားစေရန် အရေးကြီးပါသည်။

ပုစွန်ထုပ်၏ဆိုးကျိုး

ပုစွန်ထုပ်၏ ကျန်းမာရေးဆိုးကျိုးမှာ အများကြီး မရှိပေ။ပုစွန်ထုပ်နှင့် ဓာတ်မတည့်သူများ စားမိလျှင် အလားဂျစ်ဖြစ်တာမျိုး ရှိတတ်ပါသည်။ အလားဂျစ်ဖြစ်တတ်သူဆိုလျှင် ပုစွန်ထုပ်ကို ချင့်ချိန်စားသင့်ပါသည်။ 

အချုပ်အားဖြင့် ဆိုရသော်-

အခွံမာရေသတ္တဝါဖြစ်သော ရေချိုပုစွန်ထုပ်သည် စီးပွားရေးအရ အလွန်အရေးပါသောကြောင့် မွေး မြူသူလည်းများသည်။ထို့ပြင် ပုစွန် ထုပ်၏ သဘာဝမှာလည်း ထူးခြားလှပြီးကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့်  စားပေး သင့်သောပင်လယ်စာဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါပါသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)

References;
(1)Fish Base of Myanmar
(2)Inland Fisheries of Myanmar