သဘာဝကပေး အစာနှင့်ဆေး ၊ စွယ်တော်

စွယ်တော်ပင်ကို မဟာလှေကားဖြူပင်ဟုလည်း ခေါ်ဆိုကြပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ Apta plant, Dwarf White Bauhinia, White Orchid-tree ဟု ခေါ်ဆိုကြသကဲ့သို့ Snowy Orchid-tree ဟု ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Bauhinia acuminata L. ဖြစ်ပြီး မျိုးရင်း Fabaceae တွင်ပါဝင်၏။ စွယ်တော်ပင်သည် မုတ်သုန်ရာသီ ဥတုရှိသော အရှေ့တောင်အာရှနိုင်ငံများ အထူးအားဖြင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံရှိ (ဂျာဗား၊ ဘော်နီယို၊ ကာလီမန်တန်နှင့် လက်ဆာဆူ ဒန်ကျွန်းများ)နှင့်ဖိလစ်ပိုင်တို့တွင် သဘာဝအတိုင်း ပေါက်ရောက် ဖြစ် ထွန်း၏။ အိန္ဒိယ၊ တရုတ်၊ အထူးသ ဖြင့် မြန်မာနိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်ဖြစ်ထွန်းလာ၏။ သြစတြေးလျ၊ Cape York ကျွန်းဆွယ်တွင် သဘာဝအတိုင်း ပေါက်ရောက်ဖြစ်ထွန်း၏။
စွယ်တော်ပင်သည် ပန်းပွင့်သော ချုံပင်မျိုးဖြစ်ပြီး အမြင့် ၆ ပေမှ ၁၀ ပေ အထိတိုင်အောင် ကြီးထွားနိုင်၏။ အရွက်များမှာ အခြားသော Bauhinia မျိုးစိတ်ဝင်အပင်များကဲ့သို့ပင် နှစ်ခြမ်းရှိပြီး နွားခွာပုံသဏ္ဌန်ရှိသည်။ အရွက်များ မှာ ၆ စင်တီမှ ၁၅ စင်တီမီတာအထိ ကျယ် ဝန်းရှည်လျား၏။ အရွက်အလယ်ရှိအဟိုက်လေးမှာ ၅ စင်တီမီတာ အထိနက်နိုင်ကာ အညှာမှာ ၁ ဒဿ မ ၅ စင်တီမီတာမှ ၄ စင်တီမီတာအထိ ရှည်လျားနိုင်သည်။ ပန်းပွင့်တွင် အဖြူရောင်ပွင့်ချပ် ၅ ခုပါဝင်ပြီး အဝါရောင်ဝတ်ဆံတိုင် ၁၀ ခုပါဝင်ကာ အနည်းငယ်သင်းပျံ့သောမွှေးရနံ့ရှိကာ အချင်း ၈ စင်တီမီတာ မှ ၁၂ စင်တီမီတာ အထိရှိ၏။ အပူပိုင်းဒေသများတွင်စွယ်တော်ပင်ကို အလှစိုက်အပင်အဖြစ် ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြ၏။
စွယ်တော်ပင်တွင် ပရိုတင်းကြမ်း ၂၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၂၀ ဒဿမ ၈ ရာခိုင်နှုန်း၊ အပင်တွင်တွေ့ရသည့် အဆီများ ၂၄ ဒဿမ ၉ ရာ ခိုင်နှုန်းနှင့် ကာဘိုဟိုက်ဒရိတ် ၄၈ ရာခိုင်နှုန်းတို့ပါဝင်၏။ Phyto-chemical analysis အရ စွယ်တော်ပင်တွင် ဖလေဗာနွိုက်၊ အယ်လ်ကာလွိုက်၊ ဂလိုက်ကိုဆိုက်၊ ဆာပိုနင်၊ တန်နင်နှင့် စတီးရွိုက်တို့ ပါဝင်ပြီး ယင်း၏ အရွက်၊ အခေါက်၊ အမြစ်၊ ပန်းပွင့်နှင့် အစေ့များကို ရိုးရာတိုင်းရင်းဆေးအဖြစ် အသုံးပြုကြ၏။
စွယ်တော်ပင်တွင် ဓာတ်တိုးခြင်းဆန့်ကျင်နိုင်စွမ်း၊ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်စွမ်း၊ အဏုဇီဝပိုးမွှားများကို သေစေနိုင်စွမ်း၊ ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်စွမ်း၊ ပြည်တည်နာများကို သက်သာစေနိုင်စွမ်း၊ ပန်းနာရင်ကျပ်ခြင်းဝေဒနာကို သက်သာစေနိုင်စွမ်း၊ အစာကြေလွယ်နိုင်ခြင်း၊အသားအရေကို အထောက်အကူကောင်း ဖြစ်စေနိုင်စွမ်းတို့ရှိ၏။
စွယ်တော်ပင်၏ အစိတ်အပိုင်းများကို ရိုးရာတိုင်းရင်းဆေးပညာအရ ဝက်ရူးပြန်ရောဂါ၊ အတက်ရောဂါ၊ ကိုယ်လက် ရောင်ရမ်းနာ ကျင်ခြင်း၊ ဆီးချိုရောဂါ၊ အဆုတ်အအေးမိခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်အမြှေးရောင်ခြင်း တို့ကို ကုသရာတွင် အသုံးပြုကြ၏။ သန္ဓေအောင်နိုင်စွမ်းကောင်းရန်အတွက်လည်း ဆေးအဖြစ် အသုံးပြုကြ၏။
ဂျာဗားကျွန်းရှိဒေသခံများက အအေးမိပြီး နှာစေးချောင်းဆိုးဖြစ်ခြင်းနှင့် ပန်းနာရင်ကြပ်ခြင်း ဝေဒနာခံစားရပါ က စွယ်တော်ပင်၏အမြစ်ကို ဆေးအဖြစ် အသုံးပြုကြ၏။
အိန္ဒိယနိုင်ငံသားများက ပန်းနာရင်ကြပ်ခြင်းဝေဒနာအတွက် စွယ် တော်ပင်၏ အရွက်နှင့် အခေါက်ကို ဆေးအဖြစ် အသုံးပြုကြ၏။
မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စွယ်တော်ပင်ကို အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ကုသရာတွင် အသုံးပြုသည်။
စွယ်တော်ရွက်ကို ဆီးကျောက် တည်ခြင်း၊ ကာလသားရောဂါ၊ နူနာ ရောဂါ၊ ပန်းနာရင်ကြပ်ဖြစ်ခြင်းနှင့် အစာခြေ ရောဂါများအတွက် ဆေးအဖြစ် အသုံးပြုကြ၏။
စွယ်တော်ပင်မှ အစိတ်အပိုင်းများ သည် အရေပြားရောဂါနှင့် အရေပြားပေါ်တွင် ဖြစ်ပွားတတ်သည့် ပြင်ပဒဏ်ရာများ၊ အနာများ၊ ယားယံခြင်းများအပြင် အရိုးကျိုးခြင်း၊ အဖျားရောဂါများ၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါများနှင့် မျက်စိနာခြင်းတို့ကို ပျောက်ကင်းစေပါသည်။
အဆိပ်ရှိသော အင်းဆက်များ၊ မြွေ၊ ကင်းမြီးကောက်ကိုက်ခံရခြင်းများအတွက်လည်း စွယ်တော်ပင်မှ အစိတ်အပိုင်းများကိုအဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြ၏။
စွယ်တော်ပွင့်နှင့် အစေ့ကို ဝမ်း နှုတ်ဆေးအဖြစ် အသုံးပြုကြ၏။
စွယ်ပင်တော်မှ အရွက်နုလေးများ၊ အဖူးနှင့် ပန်းပွင့်များကို ဟင်းသီးဟင်း ရွက်အဖြစ် ချက်ပြုတ်ပြင်ဆင် စားသုံးလေ့ရှိကြ၏။
စွယ်တော်ရွက်နုလေးများ၊ ဖူး၊ အပွင့်နှင့် အသီးတောင့်များကို ရေနွေးဖျောပြီး ငပိရည်ကျို၊ ငပိထောင်း၊ ငပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊သရက်သီးထောင်း၊ ငရုတ်သီးထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြင် စားသုံးတတ်ကြ၏။
ရေနွေးဖျောထားသည့် စွယ်တော်ရွက်နု၊ အဖူးလေးများကို မထူမပါးလှီးပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင် လှသည့် စွယ်တော်ရွက်သုပ်လေး ရပါပြီ။
စွယ်တော်ရွက်နုလေးများ၊ အဖူး၊ အပွင့်နှင့် အသီးတောင့်များကို မုန့် နှစ်ရည်လူးကာ တန်ပူရာကြော်စားလျှင်လည်းကောင်း၏။ မန်ကျည်းနှစ် အချဥ်လေးနှင့် တွဲဖက်စားသုံးလျှင် အလွန်ခံတွင်းမြိန်စေ၏။
စွယ်တော်ရွက်နုဖူးလေးများကို ဆူးပုပ်ရွက်နုနှင့်အတူရောကာ ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ပြီး ကြော်ချက်လေး ချက်စားလျှင်လည်း ကောင်း၏။
ကြက်ရိုးပြုတ်ရည်/ ငါးမီးအုံးဟင်းခါး/ ပုစွန်ခြောက်ဟင်းခါးရည်ချက်ပြီး စွယ်တော်ရွက်နု၊ အဖူး၊ အပွင့်နှင့် အသီးတောင့်များကို ဟင်း ချိုခပ်ပြီး ချက်စားခြင်းဖြင့် ကျောက် ကပ်ရောဂါ၊ အမျိုးသမီးများအတွက် သွေးဆုံးမီးယပ်ဝေဒနာများကို သက် သာ စေသည်ဟု ဆို၏။
စွယ်တော်ရွက်နုကို မန်ကျည်းရွက် ကင်ပွန်းရွက်ချဥ်ရည်ထဲသို့ ခပ်ပြီး စားလျှင်လည်း စားမြိန်စေ၏။
စွယ်တော်ရွက်နုကို ဆူးပုပ်ရွက်နုနှင့်အတူပြင်ထားပါ။ ပြီးလျှင် ကြက် သွန်ဖြူနှင့် ငရုတ်သီးစိမ်း တောက် တောက်စင်း၊ ကြက်သွန်နီ ပါးပါးလှီးတို့ထည့်၊ ဆား၊ အရသာမှုန့်တို့အတူထည့်ကာကြက်ဥနှင့်အတူ ခလောက် ထားပါ။ ပြီးလျှင် ဆီအိုးတည်၊ ဆီပူလာလျှင် ခလောက်ထားတဲ့ ကြက်ဥနှင့် အရွက်တို့ကို ထည့်ပြီး အချပ်လိုက်လေး ရအောင် ကြော်၊ သင်းပျံ့မွှေးကြိုင်ပြီးအရသာရှိလှသည့် ဟင်း တစ်ပွဲတိုးစေ၏။
ပဲဟင်းချိုချက်သည့်အထဲတွင်လည်း စွယ်တော်ရွက်နုကို ဟင်းခပ်ရွက်အဖြစ် ထည့်သောက်နိုင်၏။
အိုးတစ်လုံးထဲ ရေထည့် ပွက်ပွက်ဆူအောင်တည်ပြီးနောက် ကြက် သွန်ဖြူ၊ နီ၊ ခရမ်းချဥ်သီး၊ ပဲပုပ်ထောင်း အနည်းငယ်နှင့်အတူ နှစ် သက်ရာ ကြက်ရိုး/ဝက်ရိုး တို့ကိုထည့်ပြီး ဟင်းရည်ကျအောင်တည်၊ အရသာအတွက် ဆား၊ ဟင်းခပ်မှုန့်ထည့်၊ ပြီးလျှင် စွယ်တော်ရွက်၊ ဆူးပုပ်ရွက်တို့ထည့်ခပ်၊ ဆူလာလျှင် အရသာညှိပြီးလျှင် ကျန်းမာရေးနှင့်ညီညွတ်သော အရိုးပြုတ်စွယ်တော်ရွက်ဟင်းရည်လေး ရ၏။ ခရမ်းချဥ်သီးထောင်း စပ်စပ်လေးနှင့် တွဲဖက်စားသုံးနိုင်၏။
စွယ်တော်ဖူးနှင့် အသီးတောင့်နုလေးများကို အချဉ်တည်ပြီးလည်း ပြင်ဆင်စားသုံးတတ်ကြ၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် စွယ်တော်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်