သဘာဝကပေး အစာနှင့်ဆေး၊ ကဆစ်ပင်

ကဆစ်ပင်၏ အင်္ဂလိပ်အမည်မှာ bitter cucumber ဟု ခေါ်ဆိုကြသကဲ့သို့ bitter apple, desert gourd, vine of Sodom နှင့် wild gourd ဟု ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Citrullus colocynthis ဟု ခေါ်ဆိုပြီး ဖရုံ၊ သခွား၊ ဗူးတို့နှင့် မျိုးရင်းတူသည့် Cucurbitaceae တွင်ပါဝင် ၏။ ကဆစ်ပင်သည် ခြောက်သွေ့ သောသဲမြေများတွင် ပေါက်ရောက်သောကန္တာရနွယ်ပင်မျိုးဖြစ်ပါ သည်။ ယင်းသည် မြေထဲပင်လယ်ဒေသ ရှိနိုင်ငံများနှင့် အာရှတိုက်တို့မှ စတင်ပေါက်ရောက်ဖြစ်ထွန်းပြီး ယင်းမှသည် အာဖရိကမြောက်ပိုင်း ၏ အနောက်ဘက် ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် ဆာဟာရ၊ အီဂျစ်ကိုဖြတ်၍ အိန္ဒိယအထိ၊ မြေထဲပင်လယ်နှင့် ကက်စပီယံပင်လယ်တို့၏ မြောက်ဘက်ကမ်းရိုးတန်းတို့အထိ ပျံ့နှံ့ပေါက်ရောက်၏။ ဥရောပတောင်ပိုင်းနှင့် Aegean ကျွန်းတို့တွင်လည်း ပေါက်ရောက်လာခဲ့ကြ ၏။ ကဆစ်ပင်ကို ဆိုက်ပရပ်စ်ကျွန်းတွင် လွန်ခဲ့သည့် ၁၄ ရာစုနှစ်မှသည် အသေးစား လုပ်ငန်းအဖြစ် စိုက်ပျိုးလာခဲ့ကြရာ ၀င်ငွေအရင်းအမြစ်တစ်ခုအဖြစ် ရရှိသော လုပ်ငန်းအဖြစ် ယနေ့တိုင် စိုက်ပျိုး ထုတ်လုပ်တင်ပို့နေဆဲဖြစ်၏။
ကဆစ်ပင်သည် နှစ်ရှည်ခံ တွားသွားပေါက်ရောက်သည့်နွယ်ပင်မျိုးဖြစ်ပြီး အပင်အရှည် ၃ မီတာအထိရှိပြီး ယင်းတွင် မိုးနည်းသောဒေသများတွင် ရှင်သန်စေနိုင်သည့် အမြစ်များရှိ၏။ ပင်စည်များသည် ထောင့်များရှိပြီး ကြမ်း၏။ အရွက်များမှာ တောင့်တင်းပြီး ရွက်မွှာ ၃ မွှာမှသည် ၇ မွှာအထိရှိတတ်၏။ ပန်းပွင့်မှာ အဝါရောင်ဖြစ်ပြီး အဖိုပွင့်နှင့် အမပွင့် သီးခြားစီ ပွင့်၏။ အသီးမှာ စိမ်းဝါရောင်၊ အစိမ်းရောင်တို့ရှိပြီး ဖရဲ သီးနှင့် ဆင်တူကာ သေးငယ်လုံး ဝန်း၏။ အသီးအပြင်အခွံမှာ မာပြီး အတွင်းသားမှာ ပျော့ပျောင်းပြီး အဝါ ဖျော့ဖျော့အရောင်ရှိ၏။ အတွင်းသားပျော့ဖတ်မှာ ချောမွေ့ပြီး စားသုံးနိုင်သော အစေ့များစွာ ပါဝင်၏။ အသီး ရင့်မှည့်လာသောအခါ အဝါရောင်၊ လိမ္မော်ရောင်သို့ ပြောင်းသွား၏။ အစေ့များသည် မီးခိုးရောင်ဖြစ်ပြီး ခါးသော အရသာရှိပြီး အဆီနှင့် ပရိုတင်းဓာတ်များ ကြွယ်ဝ၏။
ကဆစ်ပင်တွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့်အတူ cucurbitacin၊ flavonoids နှင့် polyphenols ကဲ့သို့သော ဇီဝဗေဒဆိုင်ရာ ဒြပ်ပေါင်းများ ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါကို ဆန့်ကျင်နိုင်စွမ်း၊ ဘက်တီးရီးယားပိုးများကို သေစေနိုင်စွမ်း၊ ကင်ဆာရောဂါကိုဆန့်ကျင်နိုင်စွမ်း၊ ရောင် ရမ်း နာကျင်ခြင်းကို တိုက်ဖျက်နိုင် အကိုက်အခဲပျောက်ဆေး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာစေနိုင်စွမ်း၊ မျိုး ဆက်ပွားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း၊ ရောဂါပိုးမွှားကာကွယ်တိုက်ဖျက်နိုင်စွမ်း၊ ပိုးသတ်ဆေး၊ ဓာတ်မတည့်ခြင်းကို သက်သာနိုင်စွမ်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်စွမ်းတို့ရှိ၏။

ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ကိုယ်တွင်းရောင်ရမ်းနာဝေဒနာခံစားရသူများနှင့် အသည်းရောဂါခံစားနေရသူများအတွက် အကိုက် အခဲ ပျောက်ဆေးအဖြစ် အသုံးပြုကြ၏။ ကဆစ်ပင်မှထုတ်လုပ်ရရှိထားသည့် ဆေးကတ္တရာကို နှင်းခူနာနှင့် နာတာရှည်ထိခိုက်ဒဏ်ရာများအတွက် လိမ်းဆေးအဖြစ်အသုံး ပြုကြ၏။ ရေယုန်ပေါက်ခြင်းဝေဒနာအတွက် ဆေးကတ္တရာကို လိမ်းပေးခြင်းဖြင့် ဝေဒနာကို ငါးရက်အတွက် ပျောက်ကင်းစေနိုင်၏။
ကဆစ်သီး၏အတွင်းသားပျော့ဖတ် နှင့် အစေ့များသည် ရင်သား၊ မျက် လုံး၊ ဆီးအိမ်နှင့် လိပ်ခေါင်းတို့နှင့် ပတ်သက်သည့် ရောဂါဝေဒနာများကို ကုသရာတွင် ဆေးအဖြစ် အသုံး ပြုကြ၏။ ထို့အပြင် ဝမ်းပျော့ဆေး၊ မျက်နှာအကြောသေရောဂါ၊ အာရုံ ကြောစနစ်ရောဂါနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာတို့ကိုကုသရာတွင် လည်း ဆေးအဖြစ် အသုံးပြုကြ၏။ ထို့အပြင် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခါးနှင့်ပေါင်နာကျင်ခြင်းတို့ အတွက်လည်း ဆေးအဖြစ် အသုံးပြုကြ၏။ ကဆစ်ရွက်ကိုလည်း သွေး တိတ်ဆေးအဖြစ် အသုံးပြုကြ၏။
ကဆစ်ပင်မှ အစိတ်အပိုင်းများကို နူနာရောဂါ၊ အကြားအာရုံအားနည်းခြင်းနှင့် အသားဝါခြင်းဝေဒနာတို့ အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ အမျိုးသမီးများအတွက် ဒုတိယမျက် နှာဖြစ်သည့် ဆံကေသာ နက်မှောင်သန်စွမ်းစေရန်နှင့် ဆံပင်ဖြူခြင်းမှ နှေးကွေးစေရန် အသုံးပြုကြ၏။ နာတာရှည်ဝမ်းချုပ်ခြင်းဝေဒနာ ခံစားနေရသူများ၊ အူသိမ်အူမများ အားကောင်းစေရန်၊ အစာကြေစေရန်နှင့် အစာခြေရည်ထွက်ရှိမှုမျှခြေ ဖြစ်စေရန်တို့အတွက်လည်း ကဆစ်ပင် အစိတ်အပိုင်းများ၏ပြုတ်ရည်ကို ဆေးအဖြစ် အသုံးပြုကြ၏။
ကဆစ်ပင်သည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူဖြစ်ရုံမျှမကတိရစ္ဆာန်များ၏ကျန်းမာရေး အတွက်လည်း ဆေးဖက်ဝင်အဖြစ် အသုံးပြုရန် အဓိကထား စိုက်ပျိုးလာကြ၏။
ကဆစ်ပင်မှ ထုတ်ယူရရှိသည့် ဆေးကတ္တရာကို ကြက်မွေးမြူရေးလုပ်ငန်းများတွင် ကြက်အရေခွံပေါ်တွင် မှက်မွှားများ တွယ်ကပ်ခြင်းမှ ကာကွယ်ရန် အသုံးပြုကြ၏။
ဇင်ဘာဘွေနိုင်ငံတွင် ပြောင်းစိုက် ခင်းများအကြား ကဆစ်ပင်ကို သီး ညှပ်ပင်အဖြစ် စိုက်ပျိုးကြရာ ပေါင်းပင်ထကြွမှု ၅၀ ရာခိုင်နှုန်းကျော်ထိ သက်သာစေသည်ကိုတွေ့ရှိခဲ့ကြ၏။
အိန္ဒိယနိုင်ငံတွင် ကဆစ်သီးကို နွားစာထဲတွင် ထည့်သွင်းကျွေးရာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျစေသည် ကို တွေ့ရှိရ၏။
ကဆစ်သီး၏အစေ့များမှ ထုတ်ယူရရှိသောဆီ ၄၇ ရာခိုင်နှုန်းကို ဆပ် ပြာထုတ်လုပ်ရေးတွင်အသုံးပြုကြ၏။
ကဆစ်ပင်မှ ဇီဝဒီဇယ်ထုတ်လုပ်ယူရန်နိုင်သည့် သဘာဝ အရင်းအ မြစ် ကောင်းလည်း ဖြစ်၏။
ကဆစ်ပင်ကို မြန်မာနိုင်ငံအညာဒေသတွင်အလေ့ကျပေါက်ပင်အဖြစ် အများဆုံး တွေ့ရှိကြ၏။ ကဆစ်သီးတွင် အချိုနှင့် အခါး နှစ်မျိုးရှိရာ ချက်ပြုတ်ခြင်းမပြုမီ အသီးအရ သာကို မြည်းစမ်းပြီးမှ ချက်ပြုတ်ရန် ပြင်ဆင်ရမည်ဖြစ်၏။ အသီးကို လေးစိတ်ထိုးပြီး အတွင်းက နူးညံ့ ပျော့ပျောင်းသောအတွင်းသားများနှင့် အစေ့များကို ဖယ်ရှားနိုင်ရန် ဆားနှင့်နယ်၊ ရေဆေးပြီးမှသာ အသုံးပြုသင့်၏။

ချက်ပြုတ်ရန်အသင့်ပြင်ထားသော ကဆစ်သီးကို နှစ်သက်ရာ ငါးဆား နယ်/ ပုစွန်ခြောက်/ ကြက်သား/ ဝက်သား/ဆိတ်သား/အမဲသားတို့ နှင့် ဆီပြန်ဟင်း ချက်စားနိုင်၏။ များသောအားဖြင့် အမဲသားနှင့်အတူ ရောနှပ်ပြီး ချက်စားကြ၏။
ကဆစ်သီးကို မီးဖိုပြာထဲထည့်ကာ မီးဖုတ်ပြီးနောက် မညက်တညက်ထုကာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ နှင့် ရောကြော်ပြီး
စားလျှင်လည်း ထမင်းမြိန်စေ၏။ကဆစ်သီးကို မီးဖုတ်ပြီးနောက် ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကိုပါ လှော်ကာထောင်း၊ ကြိုက်တတ်လျှင် သံပရာရည်လေးညှစ်ပြီး တို့စရာအစုံနှင့် တွဲဖက်စားလျှင် အလွန်ထမင်းမြိန်စေလှ၏။
သတ်သတ်လွတ်စားသုံးလိုသူများအတွက် ကဆစ်သီးကို မျှစ်နှင့် ရောနှပ်ပြီး ချက်စားနိုင်သကဲ့သို့ မြေပဲဆံ မညက်တညက်ထောင်းပြီး ချက်စားလျှင်လည်း ကောင်းလှ၏။
ကဆစ်သီးကို မျှစ်၊ ချဥ်ပေါင်တို့နှင့် ရောကာ ချဥ်ရည်ဟင်းချက်စားလျှင်လည်း အလွန်ခံတွင်းမြိန်စေသော အရည်သောက်ဟင်းပွဲလေးရရှိနိုင်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ကဆစ်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်