ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသည့် ပင်လယ်လိပ်မျိုးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသည့် ပင်လယ်လိပ်မျိုးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း

turtle

ပင်လယ်လိပ်များသည် ဒိုင်နိုဆောများထက် စော၍ ပေါ် ပေါက်ခဲ့ပြီး ရှေးအကျဆုံးသတ္တဝါများ ဖြစ်ပါသည်။  ရေငန်ပိုင်းနေ သွေးနွေးတွားသွားသတ္တဝါများဖြစ်ကြသော ပင်လယ်လိပ်များသည် သက်တမ်းအားဖြင့် နှစ်  ၁၅၀ ခန့် နေထိုင်နိုင်ကြသော အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ပါဝင်ကြပြီး ပျှမ်းမျှ နှစ်(၅၀-၁၀၀)ထိ အသက်ရှည်နေထိုင်နိုင်ကြပါသည်။ ခန့်မှန်းအားဖြင့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၁၂၀၀၀ ခန့်ရှိကြပြီး ထိုအထဲမှာမှ မျိုးစိတ် ၁၀၀   ခန့်ကိုသာပင်လယ်တွားသွားသတ္တဝါ အဖြစ်သတ်မှတ်ကြပါသည်။

ပင်လယ်တွားသွားသတ္တဝါများမှာ အဆုတ်အစား ပါးဟက်ကိုသုံး၍ အသက်ရှူကြသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာအတွင်းရှိ တွားသွားသတ္တဝါများသည် ရေအောက်တွင် ပါးဟက်ဖြင့် အသက်ရှူနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင် အဆုတ်ကိုအသုံး ပြု၍ ရေမျက်နှာပြင်ပေါ်သို့ တက်ကာအသက်ရှူကြပါသည်။

ပင်လယ်လိပ်များသည် ဘဝသက်တမ်းတစ်လျောက် မိုင်ထောင်ပေါင်းများစွာ သွားလာကျက်စားနိုင်ပါသည်။ ပင်လယ်ကမ်းရိုးတန်းရေပြင်နှင့် သဲသောင်များသည် ပင်လယ်လိပ်များ သွားလာကျက်စား၊ဥချရာ ဒေသများဖြစ်ပါသည်။ ပင်လယ်လိပ်များသည်ယင်းတို့သားပေါက်ခဲ့သည့် နေရာတွင်ပြန်လည်ဥချလေ့ရှိ သည်။

ပင်လယ်လိပ်များအား မျိုးသုဥ်းလုနီးပါးမျိုးစိတ်(Endangered Species) အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ပင်လယ်လိပ်များသည် ပင်လယ်ဒီရေနီ(Red Tide)ဖြစ်ပေါ်စေသော သတ္တမျှောလှေး(Dinoflagellate)များကို အစာအဖြစ် စားသုံးသောကြောင့် ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသည့်သတ္တဝါများ ဖြစ်ပါသည်။ပင်လယ်လိပ် များကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ(Eco-tourism)ဖွံ့ဖြိုးလာခြင်းမှတဆင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် (၇) မျိုးရှိရာ မြန်မာနိုင်ငံတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရှိနိုင်ပါသည်။ ယင်းတို့မှာ-

  1. လိပ်စောင်းလျား   (Leatherback Turtle)

  2. လိပ်ကြက်တူရွေး (Hawksbill Turtle)

  3. လိပ်လှောင်း  (Olive Ridley)

  4. ပြင်သာလိပ် (Green Turtle)

  5. လိပ်ခွေး (Loggerhead) ဟူ၍  ဖြစ်ကြသည်။

၁။ လိပ်စောင်းလျား (Leatherback Turtle)

လိပ်စောင်းလျားသည် ကမ္ဘာ့အကြီးဆုံးပင်လယ်လိပ်ဖြစ်ပြီး အလေးချိန် ပေါင် ၅၀၀ မှ ၂၀၀၀ ထိ ရှိကြသည်။လိပ်စောင်းလျား (Leatherback Turtle)၏ သိပ္ပံအမည်မှာ Dermochelys coriacea ဖြစ်သည်။ယင်း၏ပုံသဏ္ဍာန်မှာ ကျောခွံတွင် စောင်းလျားသီးပုံရှိပါ သည်။ခန္ဓာကိုယ်တွင်အလျားလိုက်စောင်း ၅ ခု ပါရှိပါသည်။ကျောခွံမှာ ထူထဲပျော့ပျောင်းပြီး အထူးသွေးလည်ပတ်မှုစနစ် ပါရှိသည်။အရေပြားတွင် အဆီများစွာပါရှိ     သည့် ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် အလွန်အေးသောရေထဲတွင် ပြုပြင်ပြောင်းလဲ ရှင်သန်နေ ထိုင်နေနိုင်ပါသည်။ကျောခွံအလျားမှာ ၂ မီတာအထိ ရှည်လျားပြီး ခန္ဓာကိုယ်အလေးချိန်မှာ တစ်တန်အထိရှိပါသည်။ရှေ့ရေယက်သည် အလွန်ရှည်လျားသန်မာပြီး ရေထဲ၌ ကူးခတ်သွားလာရာတွင် အလွန်လျင်မြန်ပါသည်။အစုံစား (Omnivore)သတ္တဝါဖြစ်ပြီး ရေခူနှင့် ပြည်ကြီးငါးများကို အဓိကအားဖြင့် စားသုံးလေ့ရှိပါသည်။တစ်ကြိမ်ဥချပါက ဥအလုံးရေ ၆၀ မှ ၁၂၀ လုံးအထိရှိပြီး မျိုးသုဥ်းပျောက်ကွယ်လုနီးပါးအဖြစ်ဆုံး မျိုးစိတ်တစ်ခုဖြစ်ပါသည်။

၂။ လိပ်ကြက်တူရွေး (Hawksbill Turtle)

လိပ်ကြက်တူရွေး(Hawksbill Turtle)၏သိပ္ပံအမည်မှာ Eret-mochelys imbricata ဖြစ်ပြီး  အပူပိုင်းဒေသတွင် တွေ့ရအများဆုံးဖြစ်သည်။လိပ်ကြက်တူရွေး၏ ပုံသဏ္ဍာန်မှာ ကျောခွံတွင် အလွန်လှပသောအကြေးကွက်များရှိသည်။ကျောခွံအကြေးကွက်များမှာ တစ်ခုနှင့် တစ်ခု ထပ်လျက် ရှိပါသည်။နှုတ်သီးမှာ ကြက်တူရွေး(သို့မဟုတ်) စွန်နှုတ်သီးပုံသဏ္ဍာန်ရှိသဖြင့် လိပ်ကြက်တူရွေး(သို့မဟုတ်)လိပ်စွန် ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။သန္တာ ကျောက်တန်း၊ကျောက်ခက်များအနီးတွင် နေထိုင်ကျက်စားလေ့ရှိပြီး ပင်လယ်သမုဒ္ဒရာအောက်ခြေကြမ်း ပြင်ရှိ ကျောရိုးမဲ့သတ္တဝါများကို အဓိ ကစားသုံးလေ့ရှိပါသည်။အပင်၊သက်ရှိသတ္တဝါငယ်များ၊ပင်လယ်မြက်၊ပင်လယ်ရေမှော်များ၊သန္တာကျောက်ခက်၊ကျောက်ပွင့်များ၊ဒီရေရောက်အပင်များ၏ အသီးများကို စားသုံးလေ့ရှိပါသည်။ယင်း၏ လှပသော ကျောခွံများအား လူသားများမှ လွန်ကဲစွာ သုံးစွဲလာမှုကြောင့် မျိုးသုဥ်းပျောက်ကွယ်လာသဖြင့် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်တစ်မျိုးအဖြစ်သတ်မှတ်ထားပါသည်။လိပ်ကြက်တူရွေးအခွံအား လက်ဝတ်ရတနာအဖြစ်အသုံးပြုရန် တိုက်တွန်းခြိမ်းခြောက်ခြင်း ခံနေရပါသည်။

၃။ လိပ်လှောင်း (Olive Ridley)

လိပ်လှောင်း(Olive Ridley)၏ သိပ္ပံအမည်မှာLepidochelys olivacea ဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်သည်။လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ လုံးဝန်းပြီး အညိုရင့်ရောင်(သို့မဟုတ်)အစိမ်းရင့်ရောင်ရှိပြီး သက်ငယ် ကောင်အဆင့်တွင် နီညိုရောင်ရှိပါသည်။ကျောခွံဘေးအကြေးကွက်မှာ တစ်ဘက်လျှင် ၄ခုစီပါရှိပါသည်။

ခန္ဓာကိုယ်အလေးချိန် ၃၀၀ ကီလိုဂရမ်အထက်ရှိပြီး ရေမှော်၊ပင်လယ်မြက်များကို အဓိကစားသုံးလေ့ရှိ ပါသည်။တစ်ကြိမ်လျှင် ဥလုံးရေ(၈၅)လုံးမှ (၂၀၀)လုံးအထိ တစ်နှစ်လျှင် ၇ ကြိမ်မှ ၈ကြိမ်အထိ ဥချလေ့ရှိပါသည်။မျိုးသုဥ်းပျောက်ကွယ်လုနီးပါးသတ္တဝါအဖြစ် သတ်မှတ်ထားပါသည်။ခြိမ်းခြောက်အန္တရာယ်များမှာ ငါးဖမ်းပိုက်များတွင် မတော် တဆဖမ်းမိခြင်း၊ ပင်လယ်ထဲကအမှိုက်များနှင့် ငြိတွယ်မိခြင်းတို့ကြောင့် ဖြစ်သည်။

၄။ ပြင်သာလိပ် (Green Turtle)

ပြင်သာလိပ်(Green Turtle) ၏ သိပ္ပံအမည်မှာ Chelonia mydas ဖြစ်ပြီး အရောင်မျိုးစုံရှိကြသည် ။ကျောခွံအလျှားမှာ ၃ပေထိရှည်ပြီး ကျောခွံအရောင်မှာ လေးညှင်းရောင် (သို့မဟုတ်)စိမ်းညိုရောင်နှင့် အဝါရောင်ရောယှက်လျက်ရှိပါသည်။ကျောခွံဘေးအကြေးကွက်မှာ တစ်ဘက်လျှင် ၆ခုမှ ၇ခုထိ ပါရှိပါသည်။ယင်း၏ထူးခြားချက်မှာ ဝမ်းဗိုက်ခွံ(Plastron)နှင့် အပြင်နားအကြေး (Marginal Scales)ကြားရှိ အတွင်းအကြေး(Inframarginal Scales)များတစ်ခုစီတွင်အပေါက်ငယ် (Inframarginal Pores)များ ၄ခုပါရှိသည်။သက်ကြီးကောင်များသည် တစ်ခုတည်းသောအရွက်စားပင်လယ်လိပ်ဖြစ်သည်။ထို့ကြောင့် အသီးအရွက်ပေါများသော ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်အော်များတွင်ကျက်စားကြသည်။ပြင်သာ လိပ်အမသည် တစ်ကြိမ်ဥချပါက ဥလုံးရေ ၉၀ မှ ၁၂၀ လုံးအထိရှိပြီး မျိုးသုန်းလုနီးပါးဖြစ်ရန် အလားအလာရှိသော မျိုးစိတ်တစ်မျိုး ဖြစ်ပါသည်။

၅။ လိပ်ခွေး (Loggerhead)

လိပ်ခွေး(Loggerhead)သည် ကြီးမားသောမျိုးစိတ်တစ်ခုဖြစ်ပါသည်။လိပ်ခွေး၏ သိပ္ပံအမည်မှာ Caretta Caretta ဖြစ်သည်။ကျောခွံ၏အရောင်မှာ နီညိုရောင်ရှိပြီး ကျောခွံဘေး အကြေးကွက်မှာ တစ်ဘက်လျှင် ၅ ခုစီရှိပါသည်။အခြားပင်လယ်လိပ်များနှင့် နှိုင်းယှဥ်ပါကဦးခေါင်းသည် လွန်စွာကြီးမားပြီး မေးရိုးများမှာအလွန်သန်မာပါသည်။ ခန္ဓာကိုယ်အလေးချိန် ၄၅၀ ကီလိုဂ ရမ်ထိ ရှိပါသည်။ အစုံစား သတ္တဝါဖြစ်ပြီး အဓိကအားဖြင့် ခရု၊ယောက် သွား၊ဂုံး၊သံပခြုပ်၊ကဏန်းနှင့် ရေခူများကို စားသုံးသည့်အလေ့အထ ရှိပါသည်။တစ်ကြိမ်ဥချပါကဥလုံးရေ ၇၀ မှ ၁၃၀ လုံးအထိ ဥချလေ့ရှိပါသည်။တစ်နှစ်လျှင် ၆ကြိမ်အထိ ဥချတတ်ပါသည်။လိပ်ခွေးများမှာ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေလုပ်ငန်း များကြောင့်ယင်းတို့၏ ဥချရာနေရာများ လျော့ပါးနှောင့်ယှက်ခြင်း ခံနေရပါသည်။မြန်မာနိုင်ငံတွင် ယခုအခါ လိပ်ခွေးကို မတွေ့ရှိရသလောက်ပင် ဖြစ်ပါသည်။

ပင်လယ်လိပ်များ၏ ဂေဟစနစ်ဝန်ဆောင်မှုများ
  • ရင့်ရော်နေသော ပင်လယ်မြက်များကိုစားပေးပြီး ယင်းတို့စွန့်ထုတ်လိုက်သောမစင်များမှ အပင်များအတွက် အာဟာရဖြစ်စေခြင်း၊

  • သားကောင် အရေအတွက်အား ထိန်းညှိပေးခြင်း၊

  • ပင်လယ်လိပ်၏ ဥ၊ ဥခွံ နှင့် သားပေါက်များမှ ဂေဟစနစ်အတွက် အာဟာရအရင်းအမြစ်များထောက်ပံ့ပေးခြင်း၊

  • ပင်လယ်လိပ်များသည် ဒေသအမွေအနှစ်တစ်ခုဖြစ်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ခြင်းတို့ ဖြစ်ကြသည်။

ပင်လယ်လိပ်များ မျိုးသုဥ်းရသည့် အကြောင်းရင်းများ
  • ပင်လယ်လိပ်များ၏ ဥနှင့်အသားများကို လူသားများမှ စားသုံးခြင်း၊

  • ငါးဖမ်းဆီးရာတွင် ငါးဖမ်းကိရိယာများတွင် မတော်တဆထိမိခြင်း၊

  • လိပ်သောင် လိပ်ကျွန်းများတွင် လူသားများမှ ကျူးကျော်ချဲ့ထွင် နေထိုင်လာခြင်း၊

  • စွန့်ပစ်အညစ်အကြေးများနှင့် ရေထုညစ်ညမ်းမှုများကြောင့် ပင် လယ်ပြင်ဂေဟစနစ်နှင့် မူရင်ဒေသ များ ပျက်စီးပျောက်ဆုံးရခြင်း၊

  • ပင်လယ်ရေပြင်အတွင်းသို့ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း၊

  • ရေလုပ်သားများမှ စွန့်သော ပျက်စီးနေသည့် ပိုက်စုတ်များတွင် ငြိတွယ်သေဆုံးခြင်း၊

  • ပင်လယ်လိပ်များ၏ အစာဖြစ်သည့် ပင်လယ်မြက်များနှင့်သန္တာ ကျောက် တန်းများ ဆုံးရှုံးပျက်စီးလျော့နည်းလာခြင်း၊

  • ပင်လယ်လိပ်များဥချရာ သဲသောင်ပြင်များ သဘာဝကြောင့် ပျက်စီးဆုံး ရှုံးခြင်း၊

  • ရေယာဥ်ပန်ကာ(ဒလက်)များကြောင့် ဒဏ်ရာရရှိမှု သေဆုံးခြင်း၊

  • ပင်လယ်လိပ်ခွံများဖြင့် အလှတန်ဆာဆင်ပစ္စည်းများနှင့် အမှတ် တရ ပစ္စည်းများအဖြစ် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဥ်းရပါသည်။

မေတ္တာရပ်ခံချက်
  • ပင်လယ်လိပ်များကို သတ်ဖြတ်ခြင်း၊စားသုံးခြင်းနှင့်ပင်လယ်လိပ်ဥ များကို တူးဖော်ခြင်း၊စားသုံးခြင်း မပြုလုပ်ရန်၊

  • ငါးဖမ်းကိရိယာများတွင် ဖမ်းဆီးထိမိမှုများဖြစ်ပေါ်ပါက ငါးဖမ်းကိရိ ယာများမှ ဂရုတစိုက်ဖယ်ရှား ပေးရန်နှင့် နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းအချက်အလက်များ(ထိမိသော ငါးဖမ်းကိရိယာ၊ ရက်စွဲ၊လိပ်အမျိုးအစား၊အရွယ် အစား၊ပင်လယ်လိပ်၏ အခြေအ နေ)နှင့် ပတ်သက်သော သတင်းများ ပေးပို့ရန်၊

  • ငါးဖမ်းကိရိယာများတွင် ထိမိခဲ့ပါက ပင်လယ်လိပ်များအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ကာ ရေပက်ဖြန်းပြုစု ပေးပြီး စိတ်ချရသည့် အခြေအနေတွင်ပြန်လည်လွှတ်ပေးရန်၊

  • တရွတ်ဆွဲငါးဖမ်းကိရိယာများတွင် ပင်လယ်လိပ်များ လွတ်မြောက်စေနိုင်သည့်ကိရိယာ(Turtle Excluder Device-TED)တပ်ဆင်အသုံးပြုရန်၊

  • အမှတ်အသားပါ သတ္တုပြား(Tag)ရိုက်နှိပ်ထားသော ပင်လယ်လိပ်များအား ငါးဖမ်းကိရိယာများတွင် ထိမိပါက(Tag)နံပါတ်များကို နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ သတင်းပေးပို့ရန်၊

  • Tag နှင့် လမ်းကြောင်းအချက်ပြကိရိယာ(Platform Transmitter Terminal) ရိုက်နှိပ်တပ်ဆင်ထား သည့် ပင်လယ်လိပ်များသေဆုံးပါက ဖြုတ်ယူသိမ်းဆည်း၍ နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ သတင်းပေးပို့အပ်နှံရန်၊

  • ပင်လယ်လိပ်အသေများ တွေ့ရှိပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများသို့ သတင်းပို့ရန်၊

  • ပင်လယ်လိပ်များအား သက်ရှိ ရတနာ သယံဇာတအမွေအနှစ်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်၊

မျိုးသုဥ်းရှားပါးရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးအတွက် ထုတ်ပြန်ကြေငြာပြဌာန်းထား သော တည်ဆဲဥပဒေ၊လုပ်ထုံးလုပ် နည်း၊ရုံးအမိန့်၊ကြော်ငြာစာများနှင့် နှိုးဆော်ချက်များကို အလေးထား လိုက်နာခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် လိပ်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး သတ္တဝါဖြစ်ပြီး ပင်လယ်လိပ်များမှာ မျိုးသုဥ်းရန်အန္တရာယ်ရှိနေသောမျိုးစိတ်များတွင် ပါဝင်နေပါသည်။ မြန်မာနိုင်ငံတွင် ပင်လယ်လိပ်(၅)မျိုးကို တွေ့ရှိရပြီး ယခုအခါ အချို့သောလိပ်မျိုးစိတ်များ မျိုးသုဥ်းပျောက်ကွယ်မည့်အခြေအနေသို့ကျရောက်နေပါ သည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနမှ လိပ်မျိုးထိန်းသိမ်းရေးကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် သမီးလှကျွန်း၊ဘိုကလေးမြို့နယ်တွင် ကတုံးကလေးကျွန်း၊ဂယက်ကြီးကျွန်း၊မစိန့်ယုံကျွန်း၊ငါးမန်းသောင်ကျွန်းစသည့်နေရာများတွင်လည်းကောင်း၊တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံမြို့၊လောင်းလုံဘုတ်ကျွန်း(သိုင်းသောင်စခန်း)တွင်လည်းကောင်း လိပ်မျိုးထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများမှလည်း ပူးပေါင်းပါဝင်ပါမှ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(1)Fish Base of Myanmar
(2)Inland Fisheries of Myanmar