ထိခိုက်သီးနှံ အချိန်မီကုစား ပေါင်းစည်းအားဖြင့်

၂၀၂၄-၂၀၂၅ ခုနှစ် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးကို ဧက ၁၅ သန်းကျော်လျာထားခဲ့ရာ စက်တင်ဘာ လကုန်အထိ ဧက ၁၄ ဒသမ ၆၇ သန်း စိုက်ပျိုးပြီးဖြစ်သည်။ မုတ်သုံရာသီကုန်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး မိုးစပါးရိတ်သိမ်းမှုများ စတင်လာပြီဖြစ်ရာ လက်ရှိ ဧက ၆ သောင်းကျော် ရိတ်သိမ်းပြီးကြောင်း သိရသည်။ မိုးသီးနှံများအနက် အစေ့ထုတ်ပြောင်းဧက ၁ ဒသမ ၃၇ သန်း၊ မြေပဲဧက ၁ ဒသမ ၉ သန်း၊ နှမ်းဧက ၂ ဒသမ ၇ သန်း၊ နေကြာ ၁ ဒသမ ၆၆ သိန်း၊ ဝါဧက ၅ သိန်းကျော်၊ ပဲမျိုးစုံဧက ၃ ဒသမ ၀၈ သန်းကျော် စိုက်ပျိုးပြီးဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း စက်တင်ဘာကုန်အထိ မိုးစပါးအပါအဝင် နှစ်ချင်းမိုး သီးနှံများ၊ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးပင်များနှင့် အခြား စုစုပေါင်း ၃၅ ဒသမ ၈ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း စာရင်းဇယားများအရ သိရှိရသည်။
စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အ နောက်ဘက်တို့ တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခု အရှိန်ကြောင့် ပြည် တွင်းဒေသအချို့၌ ထူးကဲသည့် မိုး ရွာသွန်းခဲ့ရာ တောင်ကျချောင်းရေ၊ မြောင်းရေ၊ မြစ်ရေ၊ ကွင်းရေများ ပြည့်လျှံပြီး ရေကြီး ရေလျှံခြင်း ဖြစ်ပေါ်ခဲ့သဖြင့် မိုးစပါးနှင့် သီးနှံစိုက်ကွင်းများ ရေကြီးနစ်မြုပ်၍ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည်။
အောက်တိုဘာ ၄ ရက်နေ့အထိ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးသီးနှံစိုက်ဧကပေါင်း ၄ ဒသမ ၉ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ၄ ဒသမ ၇ သိန်းကျော် ပြန်ပေါ်ကာ ဧက ၃ ဒသမ ၅ သိန်းကျော် ထိခိုက်ပြီး ဧက ၂ ဒသမ ၂ သိန်းကျော် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ မိုးသီးနှံများအနက် မိုးစပါးဧက ၂ ဒသမ ၈၉ သိန်းကျော် ထိခိုက်ပြီး ပျက်စီးဧကမှာ ၁ ဒသမ ၈၅ သိန်းဖြစ်သည်။ ထို့ပြင် မိုးစိုက် အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် အခြားသီးနှံဧက ၂ သောင်း ၃ ထောင်ကျော်လည်း ပျက်စီးမှု ရှိခဲ့ကြောင်း သိရှိရသည်။
ထိခိုက်မှုရှိသော သီးနှံစိုက်ခင်းများကို ရာသီအမီ ပြန်လည်ပြုစု ကု စားနိုင်ရေးမှာ အရေးကြီးသည့်အ တွက် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ထိခိုက်စပါးခင်းများအား သွင်းအားစုများ ထည့်သွင်းရန် ကြိုတင်ပြင်ဆင်မှု သရုပ်ပြခြင်း၊ ရေကြီးနစ်မြုပ်စပါးခင်းများ ပြန်လည်ကုစားရန် ရွက်ဖျန်း အားဆေးပက်ဖျန်းခြင်း၊ ဓာတ် မြေဩဇာနှင့်သဘာဝမြေဩဇာ ရော စပ်ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်မှသာ မျှော်မှန်းအထွက်နှုန်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင်ပျက်စီးသည့် သီးနှံစိုက်ခင်းများကိုလည်း အချိန်မီ ပြန် လည်ထွန်ယက်စိုက်ပျိုးနိုင်ကြရန် လိုအပ်သည့် ထွန်ယက်ရေးလုပ်ငန်းများ ကူညီပေးခြင်း၊ မျိုးပံ့ပိုးကူညီခြင်းစသည့် လိုအပ်သော ကူညီပံ့ပိုးမှုတို့ကို ဝန်ကြီးဌာနအောက်ရှိ စိုက် ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအပါအဝင် ဌာနအသီးသီးတို့က ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မိုးစပါးသီးနှံ ထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် အတိုးမဲ့ ချေးငွေနှင့် မိုးစပါးများ ပြန်လည် စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ၊ မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများစသည့်တောင်သူများ တွက်ခြေကိုက်သော အခြားသီးနှံများ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ကြစေရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြောင်းလဲနေသည့် ရာသီဉတုဖြစ်စဉ်များသည် သီးနှံစိုက်ပျိုးထုတ် လုပ်မှုအပေါ် များစွာ သက်ရောက်မှုရှိသည်ဖြစ်ရာ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် တောင်သူလယ်သမားများအနေဖြင့် ရာသီဉတုအခြေအနေများကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ခြင်း၊ ကြိုတင်သတိပေးမှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း၊ ရေမြေရာသီဉတုနှင့် လိုက်လျောညီ ထွေဖြစ်မည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး ပူးပေါင်းစီမံခြင်း၊ လို အပ်သည့် နည်းပညာနှင့် ပံ့ပိုးမှုအကူ အညီများကို ဆိုင်ရာဌာနအလိုက် တောင်သူထံဖြန့်ဝေခြင်း/တောင်သူက တောင်းခံရယူခြင်းတို့ကို ဆောင် ရွက်ကြခြင်းဖြင့်မျှော်မှန်းသီးနှံအထွက် ရရှိကြပြီး တစ်ဦးချင်းအကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွား ကောင်းစွာ ဖြစ်ထွန်းနိုင်ကြမည် ဖြစ်ပါကြောင်းတိုက်တွန်းရေးသားလိုက် ရပါသည်။
TTP