မွန်ဘာဆာမြက်နှင့် အပင်ကြီး ပဲနွယ်ပင်များ ရောနှောစိုက်ပျိုးခြင်း

ယနေ့ခေတ်ကမ္ဘာ့တွင် လူဦးရေသန်း ၇၀၀၀ ရှိလာခဲ့ပြီးဖြစ်ရာ ယခုတိုးပွားနေသည့်အတိုင်း ဆက်လက်တိုးပွားနေပါက အစားအစာများပိုမိုထုတ် လုပ်ရန်မှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အကယ်၍ ထိုသို့ပြုလုပ်နိုင်ခြင်းမရှိပါက အစားအစာရှားပါးမှုပြဿနာ ကြုံတွေ့လာရနိုင်ပါသည်။ ထိုကြောင့် နိုင်ငံတကာသည် အစားအစာတိုးမြှင့်ထုတ်လုပ်ရန်အတွက် တွန်းအားပေးလာကြပါသည်။ Food security ဟုခေါ်သော အစားအစာလုံလောက်မှုရှိစေရန်မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင်ပါဝင်ပတ်သက်နေသူများ၏ အဓိကတာဝန် ဖြစ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်တွင်ဖွဲ့စည်းထားသည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ကျွန်တော်တို့သည်လည်း အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးပြုနေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာနတွင်ပြုလုပ်ခဲ့သော သုတေသနတစ်ခုကို စာဖတ်သူတို့အားတင်ပြလိုပါသည်။
စာရေးသူပြုလုပ်ခဲ့သော သုတေသနမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကိုပူးတွဲဆောင်ရွက်ထားခြင်းပင်ဖြစ်ပါသည်။ အကျဉ်းချုပ်အားဖြင့် တင်ပြရမည်ဆိုလျှင် စားကျက်မြက် (မွန်ဘာဆာမြက်) နှင့် မတူညီသောအပင်ကြီးပဲနွယ်ပင်များ (ပဲချယ်ရီပင်၊ ဘောစကိုင်းပင်၊ ပေါက်ပန်းဖြူပင်) တိုနှင့် (Intercropping method) သီးညှပ်စိုက်ပျိုးခြင်း နည်းပညာဖြင့်တွဲဖက်စိုက်ပျိုးပြီး မွန်ဘာဆာမြက်၏ အထွက်နှုန်းနှင့် အာဟာရတန်ဖိုးများတိုင်းတာ၍ စားမြုံ့ပြန်တိရစ္ဆာန်တို့၏ အစာချေဖျက်နှုန်းတို့ကိုလေ့လာခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ အပင်ကြီးပဲနွယ်ပင်များသည် နိုက်ထရိုဂျင်ဓာတ် များပြားစွာပါဝင်ပါသည်။ ထိုသို့များပြားစွာပါဝင်သော နိုက်ထရိုဂျင်များသည် မြေကြီးထဲရှိ ဘတ်တီးရီးယားပိုးများ၏လုပ်ဆောင်ချက်များအရ တွဲဖက်စိုက်ပျိုးသော သီးနှံ (သို့မဟုတ်) တစ်ခြားသောအပင်များအား နိုက်ထရိုဂျင် ဓာတ်အားကူးပြောင်းပေးပါသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းသည် တွဲဖက်စိုက်ပျိုးသောသီးနှံပင်များ၏ ပရိုတင်းဓါတ်မြင့်တက်လာပီး စားမြုံ့ ပြန်တိရစ္ဆာန်တို့အတွက် ကောင်းမွန် သောအာဟာရကိုရရှိစေနိုင်သည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ပါသည်။
၎င်းသုတေသနအား မြန်မာနိုင်ငံ၏ နွေရာသီကာလ အစာရှားပါချိန်တွင် မြေသြဇာနှင့် ရေသွင်းခြင်းပြုလုပ်မှုမရှိပဲ အလယ်ပိုင်းအပူပိုင်းဇုန်၊ မြင်းခြံမြို့နယ်တွင် စိုက်ပျိုးခဲ့ပါသည်။
သုတေသနအား စမ်းသပ်မှု ၄ ခု အနေဖြင့် (၁) မွန်ဘာဆာမြက်သီးသန့်စိုက်ပျိုးခြင်း၊ (၂) မွန်ဘာဆာမြက်+ပဲချယ်ရီပင် တွဲဖက်စိုက်ပျိုးခြင်း၊ (၃) မွန်ဘာဆာမြက် + ဘောစ ကိုင်းပင် တွဲဖက်စိုက်ပျိုးခြင်း၊ (၄) မွန်ဘာဆာမြက်+ပေါက်ပန်းဖြူပင် တွဲဖက်စိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။ မြက်များကို ၆ လကြာ စိုက်ပျိုးခဲ့ပြီး ၄၅ ရက်တစ်ကြိမ် ရိတ်သိမ်းခဲ့ပါသည်။ ရရှိလာသော မွန်ဘာဆာမြက်နမူနာများအား အထွက်နှုန်း၊ အာဟာရတန်ဖိုးနှင့် အစာခြေဖျက်နှုန်း ခန့်မှန်း တိုင်းတာခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ မွန်ဘာဆာမြက်+ဘောစကိုင်းပင် တွဲဖက် စိုက်ပျိုးခြင်းသည် မွန်ဘာဆာမြက်+ ပေါက်ပန်းဖြူပင် တွဲဖက် စိုက်ပျိုးခြင်းထက် အထွက်နှုန်းပိုမိုကောင်းမွန်ပါသည်။ အထွက်နှုန်းအနည်းဆုံးအား မွန်ဘာဆာမြက်သီးသန့်စိုက်ပျိုးခြင်းတွင်တွေ့ရှိခဲ့ရပါသည်။ မွန်ဘာဆာမြက် + ပဲချယ်ရီပင် တွဲဖက်စိုက်ပျိုးခြင်း နှင့် မွန်ဘာဆာမြက် + ဘောစကိုင်းပင် တွဲဖက်စိုက်ပျိုးခြင်းတို့သည် မွန်ဘာဆာမြက် သီးသန့်စိုက်ပျိုးခြင်းနှင့် မွန်ဘာဆာမြက် + ပေါက်ပန်းဖြူပင်တွဲဖက်စိုက်ပျိုးခြင်းထက် အစာချေဖျက်နှုန်းသိသိသာ သာကောင်းမွန်ပါသည်။ ဤသုတေသနရလာဒ်များအနေဖြင့် မွန်ဘာဆာမြက် + ပဲချယ်ရီပင် တွဲဖက်စိုက်ပျိုးခြင်းနှင့် မွန်ဘာဆာမြက် နှင့် ဘောစကိုင်းပင် တွဲဖက်စိုက်ပျိုးခြင်းတို့သည် တိရစ္ဆာန်များအတွက်ပိုမိုကောင်းမွန်သော အထွက်နှုန်းနှင့် အာဟာရတန်ဖိုးကိုရရှိစေပါသည်။ ထို့သို့သော ရလာဒ်များသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတောင်သူများအား အကျိုးပြုနိုင်သောသုတေသနများမှသည် မွေးမြူရေး လုပ်ငန်းဖွံဖြိုးတိုးတက်ပြီး အသားထုတ်လုပ်မှုပိုမိုကောင်းမွန်လာစေနိုင်ပါသည်။
တိုးပွားလာသောလူဦးရေများအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အသားထုတ်လုပ်မှုသည်ကမ္ဘာ့အသားထုတ် လုပ်မှု၏ ၆၆ ရာခိုင်နှုန်းနှင့် နို့ထုတ် လုပ်မှုသည် ၅၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ဖို့ရည်မှန်းချက်ထားရာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ထုတ်လုပ်မှုများသည် အထောက်အပံ့ ဖြစ်စေနိုင်လိမ့်မည်ဖြစ်ပါသည်။ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာတစ်ခွင်လုံးငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းစင်ရေးမျှော်မှန်းချက်ကိုပြည့်မီဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူများကကြိုးစားဆောင် ရွက်လျက်ရှိရာတွင် အထက်တွင်ဖော်ပြခဲ့သောသုတေသန ဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းတွင်နေထိုင်ကြသောပြည်သူများအားလုံး အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်သောလူနေမှုကျင့်စဉ်များ အတိုင်းနေထိုင်ကြပါစေဟုဆန္ဒပြုလျက် ယခုရေးသားမှုအား နိဂုံးချုပ်အပ်ပါသည်။
သက်နောင်