သဘာဝကပေး အစာနှင့်ဆေး၊ ကဒက်ဥ

သဘာဝကပေး အစာနှင့်ဆေး၊ ကဒက်ဥ

ကဒတ်ဥ

အေးမြသည့် ယခုလို မိုးရာသီမှာပင်ရရှိနိုင်သည့် သဘာဝမှ ပေးသည့် လက် ဆောင်မွန်တစ်မျိုးမှာ ကဒတ်ဥ ဖြစ်၏။ ကျောက်ကပ်အားဆေးဟု လူသိများကြပြီး ခန္ဓာ ကိုယ်နှင့်ကိုယ်တွင်းအင်္ဂါများ၏ ကျန်းမာရေးအတွက် အထောက်အ ကူကောင်းပြုပေးနိုင်သည့် အပင်မျိုးဖြစ်၏။ 

ကဒတ်ဥဟု လူသိများကြသည့် အပင်ကို ရခိုင်လူမျိုးများက သင်္ဘောဥဟုလည်း ခေါ်ဆိုကြပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ Chinese Yum, Cinnamon-vine နှင့် Chinese Potato ဟု ခေါ်ဆိုကြ၏။  ယင်း၏ သိပ္ပံအမည်မှာ Dioscorea polystachya ဟုခေါ်ဆိုပြီး မျိုးရင်း Dioscoreaceae တွင်ပါဝင်၏။ ကဒတ်ပင်သည် နှစ်ရှည်နွယ်တက် ပင်မျိုးဖြစ်ပြီး အရှေ့အာရှနိုင်ငံများတွင်သဘာဝအလျောက်စတင်ပေါက်ရောက်၏။ကဒတ်ဥကို ဟင်း သီးဟင်းရွက်အဖြစ် စားသုံးနိုင်သကဲ့ သို့ ဆေးဖက်ဝင်အဖြစ် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာခဲ့ကြ၏။ အရှေ့အာရှတစ်ခွင်တွင် စိုက်ပျိုးဖြစ်ထွန်းလာခဲ့သည့် ကဒတ်ပင်သည် ဂျပန်နိုင်ငံသို့ ၁၇ ရာစုအစောပိုင်းတွင် လည်းကောင်း၊ အမေရိကန် ပြည် ထောင်စုသို့  ၁၉ ရာစုနှစ် အစောပိုင်းတွင်လည်းကောင်း စတင်ဝင်ရောက် လာပြီး နောက်ပိုင်းတွင်မူ ယင်းအပင်ကို ကျူးကျော်ဝင်ရောက်လာသည့်အပင်ဟု သတ်မှတ်လာကြ၏။ ဥရောပတိုက်တွင် ၁၉ ရာစုအတွင်း အာလူးစျေးကွက်ကျဆင်းနေချိန်တွင် ကဒတ်ပင်များကို စိုက်ပျိုးလာခဲ့ကြ၏။

ကဒတ်ပင်မျိုးစိတ်ပေါင်း ၆၀၀ ကျော်ရှိပြီး မျိုးစိတ်ပေါင်း ၉၀ကျော်ခန့်မှာအရှေ့အာရှနိုင်ငံများတွင် စိုက် ပျိုးဖြစ်ထွန်းလာကြ၏။ ဥအရောင်မှာလည်း အပြင်ပန်းတွင် အညိုဖျော့ဖြစ်ပြီး အတွင်းပိုင်းတွင် အဖြူ၊ အဝါ၊ ပန်း‌ရောင်၊ မရမ်းရောင် အစရှိသဖြင့် တွေ့ရနိုင်၏။ ကဒတ်ပင်မှာ နွယ်ပင်ဖြစ်ပြီး မြေအောက်ပင်စည်မှာ ရှည် လျားကြီးမားလှ၏။  

ကဒတ်ဥအစိမ်း ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၁၀၈ ကီလိုကယ်လိုရီပါဝင်ပြီး အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်းတို့ ကြွယ်ဝစွာပါဝင်၏။ သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ဖော့စ်ဖရပ်စ်၊ ဆီလီနီယမ်၊ သွပ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်၏။  

ကဒတ်ဥတွင် ဆီးချိုရောဂါကို ဆန့်ကျင်နိုင်စွမ်း၊ ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ကိုယ်လက်ရောင် ရမ်းနာခြင်းကို တိုက်ဖျက်နိုင်စွမ်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်နိုင်ခြင်း၊ သွေးဖိအားကို မျှခြေဖြစ်နိုင်စွမ်း၊ ကင်ဆာ ရောဂါကို ဆန့်ကျင်နိုင်စွမ်းတို့ ရှိသည့်အတွက် အစားအ စာအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လည်းကောင်း အသုံးပြုရန် အတွက် စိုက်ပျိုးလာကြ၏။

ယနေ့ခေတ်တွင် စားသုံးကြသည့် အစားအသောက်များထဲတွင် ဆိုဒီ ယမ်ပါဝင်မှုများခြင်း၊ အဆီပါဝင်မှု များခြင်း၊ သကြားပမာဏများခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ဆီးချိုအမျိုး အစား-၂ နှင့် ကင်ဆာရောဂါ ဖြစ်ပွားခံစားနေရသည့် ဝေဒနာရှင်ဦးရေ မြင့်တက်လာကြ၏။ အထက်ပါ   နာတာရှည် ရောဂါများအတွက် ကဒတ်ဥကို ဆေးဖက်ဝင်အဖြစ် စားသုံးကြ၏။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟူသော စကားရပ်အတိုင်း အာဟာရပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ကဒတ်ဥကိုကျန်းမာရေးအကျိုးကျေးဇူးကောင်းများ ရရှိစေရန်အတွက် စားသုံးပေးသင့်၏။
-  ကဒတ်ဥတွင် အာဟာရဓာတ် များ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သရက်ရွက်နှင့် အစာအိမ်ကို ကျန်း မာစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြင့်တက်စေခြင်းနှင့် အရွယ်တင်နုပျိုနိုင်စွမ်းတို့ကို ရရှိစေနိုင်၏။
- ကဒတ်ဥတွင် ပိုင်ရီ‌ဒေ့ါစင် Pyridoxine, သိုင်ရာမင် Thiamin, ရီဘိုဖလာဘင် Riboflavin, ဖိုလိပ် Folates, ပန်တိုသဲနစ် အက်စစ် Pantothenic acid နှင့်  နိုင်ရာစင် Niacin စသည်တို့ပါဝင်သည့် ဗီတာ မင်ဘီကွန်ပလက်စ် ကြွယ်ဝခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်   စဥ်များအတွက် အကျိုးပြုစေ၏။
-   ကဒတ်ဥတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါ၀င်သည့်အတွက် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို အ ထောက်အကူပြုစေ၏။ ဝမ်းမှန်စေခြင်း၊ အူမကြီးကင်ဆာဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ သွေးအတွင်း သကြားပမာဏကို ပုံမှန်အနေအထားရှိစေအောင် ထိန်းပေးနိုင်စွမ်းရှိ၏။
-  ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်း‌ကြောင့် အရိုးကျန်းမာသန် စွမ်းရေးကို အထောက်အကူပြု၏။
-  ပိုတက်စီယမ်နှင့် မဂ္ဂနိစ်တို့ ကြွယ် ဝစွာပါဝင်သည့် ကဒတ်ဥသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုစေ၏။
-   ဗီတာမင်စီကြွယ်ဝစွာပါ၀င်သည့် ကဒတ်ဥသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းရှိ၏။
-   ခန္ဓာကိုယ်အတွင်း သွေးနီဥထုတ်လုပ်ခြင်းနှင့် သံဓာတ်ကိုစုပ်ယူနိုင်စွမ်းအားကောင်းမွန်ရေးအတွက် ကော့ပါးဓာတ် ပါဝင်ခြင်းကြောင့် ကဒတ်ဥကိုစားသုံးပေးသင့်၏။

ကဒတ်ဥကို တစ်နှစ်ပတ်လုံး ရရှိနိုင်သော်လည်း ယခုလို မိုးရာသီကာလတွင် စျေးထဲတွင် အလွယ် တကူ ဝယ်ယူရရှိနိုင်၏။ ကဒတ်ဥ၏အပြင်ဘက်တွင်ရှိသည့် အမျှင်များကို ဖယ်ရှားပြီးမှ ချက်ပြုတ်ရန် ပြင်ဆင်သင့်၏။ စျေးထဲတွင်လည်း ကဒတ်ဥနှင့်အတူ ပင်စိမ်းရွက်ကို တွဲဖက်ရောင်းချတတ်ကြ၏။
-   ငယ်တုန်းက မိုးတွင်းချိန်ခါဆိုလျှင် အဖွားချက်ကျွေးနေကျ ဟင်း လေးဖြစ်၏။ ထမင်းပူပူပေါ် ကဒတ်ဥဟင်းရည်လေးဆမ်း၊ငါးပိထောင်း စပ်စပ်နဲ့ မထိတထိလေးရောနယ်၊ သခွားသီးတို့စရာလေးကိုက်နှင့် အလွန်ပင် ထမင်းမြိန်လှ၏။ ပုစွန်အစို/ပုစွန်ခြောက်/ငါးမီးအုံး/ငါး ကျည်းကြပ်တိုက်တို့ကို ကြက်သွန် ဖြူ၊ ငရုတ်ကောင်း မညက်တညက် ထောင်းနှင့်အတူ ငါးပိစိမ်းစားခပ်ကာ ဟင်းရည်ကျအောင် တည်ပါ။ ပြီးလျှင် ကဒတ်ဥကို မထူမပါးလှီးပြီး ခပ်ပါ။ ပင်စိမ်းရွက်များများ အုပ်ပါ။  အပေါ့အငံအရသာညှိပြီးလျှင် ချိုချိုချွဲချွဲလေးနှင့်ပင်စိမ်းနံ့သင်းသော ပန်းနီရောင်သမ်းသော ဟင်း ချိုရည်လေး ရရှိနိုင်၏။ ငပိထောင်းစပ်စပ် ရှောက်ရည်ညှစ်/ ငါးချဥ်/ပုစွန်ချဥ်သုပ်/ ရှောက်သီးသုပ်တို့နှင့် လိုက်ဖက်ညီလှပေ၏။  
-    မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဘုရားတွင်လည်း ကဒတ်ဥများကို ပါးပါးလှီးပြီးအနည်းငယ်ထုကာ အခြောက်လှမ်းပြီး ကြော်ကာ တစ်နှစ်ပတ်လုံး စားသုံးနိုင်အောင်ပြင်ဆင်သိမ်း ဆည်းတတ်ကြ၏။ ပျဥ်းတော်သိမ်ရွက်၊ ကြွက်သွန်ဖြူကြော်တို့နှင့် ရောပြီး စားသုံးတတ်ကြသကဲ့သို့ မီးကင်၊ ဆီဆမ်းပြီးလည်းစားသုံးတတ်ကြ၏။ မိတ်ဆွေများကို ဒေသထွက် အမှတ်တရလက်ဆောင်အဖြစ် ပေးနိုင်၏။
-   ကဒတ်ဥကို ငါး/ပုစွန်တို့ခပ်ကာ အခြားသော ဟင်းသီးဟင်းရွက်များနှင့် ရောစပ်ကာ မန်ကျည်းနှစ်လေးအုပ်ကာ ချဥ်ရည်ဟင်းလည်း ချက်စားနိုင်၏။
-   ကဒတ်ဥကို ကြိတ်ပြီး အနှစ်ပြုလုပ်ကာ ဆန်နှစ်နှင့်ရောပြီး ထန်း လျက်/ သကြား/ ကြံသကာ နှစ် သက်ရာဖြင့် ရောစပ်ပြီး ဖက်နှင့်ထုပ်ပြီး ပေါင်းစားတတ်သည့် ကရင်လူမျိုးတို့ရိုးရာ ဖြစ်သည့် ကဒတ်မု့န်ပြုလုပ်စားသုံးနိုင်၏။

ရာသီချိန်ခါနှင့်အညီ ကဒတ်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်