ရေဓာတ်ကြွယ်ဝလို့ ခန္ဓာတွင်းအပူရှိန်ကို လျှော့ချပေးနိုင်တဲ့ပိန္နဲသီး

ပိန္နဲပင်က နှစ်ရှည်ခံသီးနှံပင်အမျိုးအစားမှာ ပါဝင်ပြီး အိန္နိယနိုင်ငံ တောင်ဘက်ပိုင်းမှာ စတင်ပေါက် ရောက်ခဲ့တာလို့ သိရပါတယ်။ အင်္ဂလိပ်လို “Jack Fruit “ လို့ ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ပိန္နဲသီးကို အိမ်မာသီးနဲ့ အိမ်ပျော့သီးဆိုပြီး နှစ်မျိုးရှိကြကာ အိမ်မာသီးကို ဓားနဲ့စိပ်လို့ရတာမို့ “ပိန္နဲသီးဓားစိပ်”လို့ ခေါ်ကြပြီး အိမ်ပျော့သီးမှာ အမွှာလေးတွေကိုနှိုက်ရတာမို့” ပိန္နဲသီးအမွှာနှိုက်” ဆိုပြီး ခေါ်ကြပါသေးတယ်။
ပိန္နဲသီးမှည့်ကို အချိုတည်းစရာသစ်သီးအဖြစ် စားလေ့ရှိ ကြသလို အသီးနုနုကို အကွင်းလေးလှီးထားတဲ့ ပိန္နဲကွင်းကို ပြုတ်ကာ ငါးပိရည်နဲ့ အတို့အမြှုပ်လုပ်စားခြင်း၊ ချဥ်ရည်ဟင်းချက်စားခြင်းအပြင် မွန်ပြည် နယ်ဘက်မှာတော့ ပိန္နဲသီးနုနုကို ဆီပြန်ဟင်းအချိုချက်လေးချက်စားလေ့ရှိပြီး အရသာထူးလှတဲ့ ဟင်းတစ်မျိုးပါ။
အဲဒီလို အမျိုးအမျိုးအဖုံဖုံပြုလုပ်စားလေ့ရှိတဲ့ ပိန္နဲသီးမှာ ပရိုတင်း၊ ဗီတာမင်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ် နဲ့သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဘေးဥပဒ် ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုအလွန်နည်းပါးတာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။
ပိန္နဲသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့..
- ဗီတာမင်စီနှင့် ဗီတာမင်အီးကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားကိုကောင်းစေပြီး အသားအရေကို စိုပြည်ဝင်းပစေနိုင်ပါတယ်။
- ပိုတက်စီယမ်ဓါတ်လည်း ကြွယ် ဝတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာရုတ်တရက်သွေးတက် ခြင်း၊ ကျခြင်းတို့ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေကာ နှလုံးကျန်းမာအတွက်အထောက်အကူပြုပါတယ်။
- ဒါ့အပြင် ပိန္နဲသီးထဲမှာ ဖရက်တို့စ်နှင့်ဆူးခရို့စ်(ခေါ်)သဘာဝသကြား ဓာတ်များပါရှိသော ကြောင့်ခွန်အားတိုးပွားစေနိုင်ပါတယ်။
- သူ့မှာ သံဓာတ်လည်းပါရှိလို့ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
- မဂ္ဂနီဆီယမ်ဓာတ်လည်းပေါကြွယ်ဝတာကြောင့် ကယ်လ်စီယမ် စုပ်ယူခြင်းကို အားပေးတဲ့အတွက်အရိုးများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
- ဒါ့အပြင် ပိန္နဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျှော့ချပေးနိုင်ပြီး နွေ ရာသီမှာ စားပေးသင့်တဲ့ အသီးအနှံထဲက တစ်မျိုးဖြစ်ပါတယ်။
- အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။
သတိပြုရမှာတွေကတော့ …
- ပိန္နဲသီးဟာ ပင်ကိုယ်သဘာဝအရ ကြေညက်ခဲတဲ့ အတွက် ညက်ညက်ဝါးစားပေးရပါမယ်။
- အစာအိမ်ရောဂါရှိသူ၊ဆီးချိုရောဂါရှိသူနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပိန္နဲသီးကို အလွန်အကျွံစားသုံးခြင်း မှ ရှောင်ကြဉ်သင့်ပါတယ်။
- အစာအိမ်ရောဂါသည်တွေ ပိန္နဲသီးကို အလွန်အကျွံ စားသုံးမိပါက အစာကိုချေဖျက်ပေးတဲ့ Acid ဓာတ်ဟာတဖြည်းဖြည်းတိုးလာပြီး အစာ အိမ်သွေးကြောပေါက်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးကောင်း ကျိုး အများအပြားရှိပေမယ့် “တန်ဆေး၊လွန်ဘေး” ဆိုသလို ချင့်ချိန်စားသုံးသင့်ပါတယ်နော်။
မသန်းလှ(ပညာရေး)