ငါးပုစွန် မွေးမြူရေးကဏ္ဍအပေါ် အယ်လ်နီညို၏ သက်ရောက်နိုင်မှုများကို ကာကွယ်ခြင်း

အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိပင်လယ်ရေပြင်အပူရှိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ယင်းနှင့် ဆက်စပ်နေသော လေထုနှင့် ရေစီး ကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင် ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေ သက်ရောက်သည့်ဖြစ် စဥ်ကို ခေါ်သည်။
၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက မှတ် တမ်းတင်ထားကြောင်း သိရသည်။နာဆာအဖွဲ့မှ လာမည့်နွေရာသီတွင် အခြားသောနှစ်များထက် ၀.၄၁° F ထက်ပိုပူမည်ဖြစ်ကြောင်းနှင့် ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ခုနှစ် နွေရာသီ ပျှမ်းမျှအပူချိန်ထက် ၂.၁ °F ပိုပူမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။လက်ရှိတွင် ကနေဒါနှင့် ဟာဝိုင်ရီ တို့၌ ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုနှင့် ကမ္ဘာတစ်ဝန်းအပူချိန် မြင့်မားမှုတို့ ဖြစ်ပေါ်နေသည့်အပေါ်မူတည်၍ လာမည့်နွေရာသီတွင် အပူချိန်မြင့်မားမှုကို တွက်ချက်ထားခြင်း ဖြစ်ပါသည်။
ရာသီဥတုဆိုင်ရာ မိုးလေဝသပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အပူချိန်ပြင်းထန်မှုကိုဖြစ်စေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ် ဖြစ်ပွားနေပြီး မုတ်သုန်အလွန်ကာလများတွင် အပူချိန်မြင့်မားမှုကို သတိပြု၍ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
အယ်လ်နီညိုဖြစ်ပေါ်နေသည့် နှစ်များတွင် ရာသီဥတု ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားမှု ပြဿနာများနှင့် ကြုံတွေ့ရခြင်း၊မုတ်သုန်မိုးနည်းခြင်း၊ မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေ စောထွက်ခြင်း၊ဘင်္ဂလားပင်လယ် အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း စသည့် မိုး လေဝသနှင့် ရာသီဥတု အပြောင်းအ လဲဖြစ်စဥ်များကြောင့် ရေချို/ရေငန် ငါးပုစွန်ထုတ်လုပ်မှုကို သက်ရောက်နိုင်မည် ဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်ရပ်ကြောင့် သမုဒ္ဒရာအပေါ်လွှာအား ပူနွေးစေပြီး ပင်လယ်ကြမ်းပြင်ရှိ အစာအာဟာရများသည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိရန် နှေးကွေးစေသောကြောင့် ရေသတ္တဝါများ၏ အစာအရင်းအမြစ်များ လျော့နည်းစေခြင်း၊ရေအရင်းအမြစ်များ၊ရေအရည် အသွေး၊ရေသတ္တဝါများ၏အစာကွင်း ဆက်များကို အကျိုးသက်ရောက်ထိခိုက်စေနိုင်သဖြင့် ကြိုတင်ကာကွယ်ပြင်ဆင်မှုများဆောင်ရွက်ထားရှိသင့်ပါသည်။
အယ်လ်နီညိုကြောင့်ရင်ဆိုင် ကြုံတွေ့နိုင်မည့် အခြေအနေများကို ကြိုတင်ကာကွယ်ခြင်း
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ နှစ်ဦးမှစ၍ အပူချိန် မြင့်တက်ခြင်း၊မုတ်သုန်ဝင်ရောက်မှုနောက်ကျခြင်း၊မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ မိုးဦးကာလ မိုးရေရရှိမှုနည်းခြင်းစသည့် လက္ခဏာများ ကြုံတွေ့နေရပြီဖြစ်၍ မိုးနှောင်းပိုင်းနှင့် နွေရာသီကာလများတွင် ရေခန်းခြောက်ခြင်း၊အပူချိန် မြင့်မားခြင်း၊ခြောက်သွေ့ခြင်းတို့ကြောင့် ငါးများ သေဆုံးခြင်း၊ ငါးနေငါးထိုင် ပျက် ယွင်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးအတွက် ငါး/ပုစွန်မွေးမြူသူများနှင့် ရေလုပ်သားများမှအောက်ပါအသိပညာပေးလုပ်ငန်းများကို သိရှိဆောင်ရွက်ထားရှိသင့်ပါသည်-
(က)အယ်လ်နီညိုကြောင့် အပူချိန် မြင့်တက်ခြင်း၊မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်း၊မုန်တိုင်းဖြစ်ပေါ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးများသေဆုံးပျက်စီးမှုမရှိစေရန်နှင့် ငါးမွေးကန်များတွင် မွေးမြူထားသောငါးများ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို နေ့စဥ်ထုတ်သတင်းစာများ၊ရေဒီယို၊ရုပ်မြင်သံ ကြားနှင့် သတင်းကွန်ယက် များတွင် ထုတ်ပြန်ကြေငြာနေသည့်အတွက် ထိုကြေငြာချက်များကို သိရှိထား ရန်လိုခြင်း၊
(ခ)ရာသီဥတု ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက် ထိခိုက်မှုမှာ ရေချိုရရှိမှုပြောင်းလဲခြင်း၊အပူချိန်ပြောင်းလဲခြင်း၊ပင်လယ်ရေ မျက်နှာပြင်အမြင့် ပြောင်းလဲခြင်း၊ရေကြီးနစ်မြုပ်ခြင်းတို့ကြောင့် ငါးများ သွားလာရာ ငါးတက်/ငါးဆင်းလမ်းကြောင်းပြောင်း လဲခြင်း၊ငါးနေငါးထိုင် ပျက်ယွင်းခြင်းများ ဖြစ်ပေါ်နိုင်၍ ထို့သို့ ဖြစ်ပေါ်ပါက ငါးတက်ငါးဆင်းလမ်းကြောင်း
များ ပြန်လည် ထိန်းသိမ်းပေးခြင်း၊
(ဂ)အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည် မွေးမြူထားသောငါးများ၏ အောက်စီဂျင်လိုအပ်မှုများနှင့် ဇီဝကမ္မဗေဒဆိုင်ရာများ ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေသဖြင့် ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ခြင်း၊
(ဃ)အပူချိန်မြင့်မားလွန်ကဲမှု ကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပျံပြီး ရေလျော့ နည်းကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏စွန့်ပစ်အညစ်အကြေးကြောင့် သော်လည်းကောင်း၊ငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်း စားကျန်များကြောင့်လည်းကောင်း၊ ရေထုညစ်ညမ်းခြင်းနှင့် ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျော့ချ ခြင်း၊
(င)နံနက်ပိုင်း မိုးအုံ့သောရက်၊နှင်းကျသောရက်များနှင့် နေထွက်နောက်ကျ သော ရက်များတွင် ငါးများခေါင်းထောင်လျက် ကူးခတ်ခြင်း၊ကမ်းစပ်သို့ စုပြုံလာခြင်းမျိုးရှိပါကငါးမွေးကန်သည် အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ရေပန်းချခြင်း၊ရေဒလက်များ မောင်း ပေးခြင်း၊မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း စသည့် နည်း လမ်းများဖြင့် ရေတွင်ပျော်ဝင်အောက်ဆီဂျင်မြင့်တက်စေရေးတို့ကို ဆောင်ရွက်ခြင်း၊
(စ)ငါးမွေးမြူရေးကန်များအပူချိန် လွန်ကဲမှုကြောင့် ရေခမ်းလာပါက သန့်ရှင်းသောရေသစ်များဖြည့်သွင်း ပေးခြင်း၊
(ဆ)ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ခြင်း
အချုပ်အားဖြင့် ဆိုရသော်-
ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဥ်သည် ကမ္ဘာ့လူ သားအားလုံးသို့အကျိုးသက် ရောက်မှုရှိမည်ဖြစ်၍ မိုးလေဝသဖြစ်စဥ်များကို အစဥ် သတိပြု ဆောင် ရွက်ရန်လိုအပ်ပြီး မိုးလေဝသရာသီ ဥတုတို့အပေါ် အမှီပြုနေကြရသည့် စိုက် ပျိုးရေး/မွေးမြူရေးတို့တွင် ရာသီ ဥတုပြောင်းလဲမှု၏ သက် ရောက်မှုများကို ကြိုတင်ကာကွယ်ပြင်ဆင် ဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဇော်ကြီး(ငါးဦးစီး)