သဘာဝကပေး အစာနှင့်ဆေး ၊ အညာကုက္ကို

သဘာဝကပေး အစာနှင့်ဆေး ၊ အညာကုက္ကို

အညာကုက္ကို

အညာကုက္ကိုကို မြန်မာကုက္ကိုဟုလည်း ခေါ်ဆိုကြပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ  'Shak Shak Tree' ဟု လူသိများပြီး  siris, Indian siris, East Indian walnut, Broome raintree, lebbeck, lebbek tree, frywood, koko နှင့် woman's tongue tree ဟုလည်း ခေါ်ဆိုကြ၏။ အညာကုက္ကိုပင်၏ အသီးတောင့်အတွင်းမှ အစေ့လေးများ လေတိုက်သည့်အခါ ထွက်လာသည့်အသံလေးကြောင့်လည်း 'Shak Shak Tree' ဟုလည်း ခေါ်ဆိုကြခြင်းဖြစ်၏။ အညာကုက္ကိုပင်၏ ရုက္ခဗေဒအမည်မှာ Albizia lebbeck  ဟုခေါ်ဆိုပြီး မျိုးရင်းFabaceae တွင်ပါ၀င်၏။ 

အညာကုက္ကိုပင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယတိုက်ငယ်တို့တွင် စတင်ဖြစ်ထွန်းပြီး နောက်ပိုင်းတွင် ယင်းကို အပူပိုင်း‌နှင့် သြစတြေးလျနိုင်ငံအပါအဝင် အပူလျော့ပိုင်းဒေသများမှာပါ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြ၏။ မြန်မာနိုင်ငံတွင်  အညာကုက္ကိုဟု အမည်တွင်သည့်အတိုင်း  အညာဒေသတွင်အဓိကပေါက် ရောက်သည်ကို တွေ့ရှိရ၏။  ကုက္ကို ပင်တွင် ကုလားကုက္ကို (သင်္ဘောကုက္ကို)နှင့် မြန်မာကုက္ကို (အညာကုက္ကို) ဟူပြီး နှစ်မျိုးရှိ၏။ အညာကုက္ကိုရွက်နုနှင့် အဖူးလေးများကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပြီး ဆေးဖက်၀င်သဘာ၀ပေါက်ပင်အဖြစ်လည်း အသုံးများကြ၏။ အညာကုက္ကို၏ ပင်စည်မှာ မွဲပြာအဖြူရောင်ရှိ၏။ ပန်းပွင့်မှာ အစိမ်းနုရောင်သန်းသည့်အဖြူရောင် ဖြစ်၏။ 

အညာကုက္ကိုပင်၏ အစိတ်အပိုင်းများကို အာဖရိက၊ အာရှ၊ သြစတြေးလျနိုင်ငံတို့တွင် ၀ဲနာ၊ ၀ဲခြောက်ရောဂါ ကာကွယ်ခြင်း၊ အဆုတ်ကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်း၊လေပြွန်‌များရောင်ရမ်း ခြင်း၊ ပုံမှန်မဟုတ်သောအဖုအကျိတ် များဖြစ်ခြင်း၊ မျက်စိရောဂါများဖြစ်ခြင်း အစရှိသည့် ရောဂါများအတွက် ဆေးဝါးအဖြစ်ဖော်စပ်ကာ အသုံးပြုလေ့ရှိကြ၏။

အာယုဗေဒဆေးပညာရပ်အရ အညာကုက္ကိုကိုအသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ၊ အရေ ပြားဆိုင်ရာ ရောဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်  ခံတွင်းရောဂါများအတွက် ဆေးဝါးအဖြစ် အသုံးပြုကြ၏။   

ရိုးရာတိုင်းရင်းဆေးပညာ ရပ်နှင့် လူမျိုးစုများ၏ ဆေးပညာရပ်များအရ အညာကုက္ကိုကို ပန်းနာရင် ကျပ်ရောဂါ ဖြစ်ခြင်း၊ လေပြွန်များရောင်ရမ်းနာဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်း လျှောဖြစ်ခြင်း၊ သွားဖုံးရောင်ခြင်း၊ ကပ်ပါးကောင်များကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများ၊ အဆိပ်ရှိသည့်သတ္တဝါများဖြစ်သည့် ကင်းမီးကောက်၊ မြွေအကိုက်ခံရခြင်း၊ ပြည် တည်နာဖြစ်ခြင်း၊ အနာကြီးရောဂါဖြစ်ခြင်း၊ အပူလောင်နာဖြစ်ခြင်း၊ အဖုအကြိတ်များဖြစ်ခြင်း၊ အဆစ်အမြစ်ရောင် နာဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ၀မ်းကိုက်ခြင်း၊ ကြက်မျက်သင့်ရောဂါဖြစ်ခြင်း၊ အဆိပ်သင့်ခြင်း အစရှိသည့် ‌ဝေဒနာများ အတွက် ဆေး၀ါးအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြ၏။  

အိန္ဒိယနိုင်ငံ၏ ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆစ်အမြစ် ရောင်နာဖြစ်ခြင်း၊  သွားဖုံးရောင်နာဖြစ်ခြင်း၊ သွားကိုက်ခြင်း၊ အရေပြားရောဂါများဖြစ်ခြင်း၊ အနာ ကြီးရောဂါဖြစ်ခြင်း၊ ငှက်ဖျားရောဂါဖြစ်ခြင်း၊ အရိုးကျိုးခြင်း၊ အရိုးအက်ခြင်း ဝေဒနာတို့အတွက် အညာကုက္ကိုပင်၏အခေါက်ကို ဆေးအဖြစ် အသုံးပြုကြ၏။ ကြက်မျက်သင့်ခြင်းနှင့် ကာလသားရောဂါများအတွက် အညာကုက္ကိုရွက်ကို ဆေးအဖြစ် အသုံးပြုကြ၏။ အပင်၏ အစိတ် အပိုင်းများအားလုံးကို အဆိပ်ဖြေ ဆေးအဖြစ်လည်းကောင်း၊ သွေးသွန်ခြင်းနှင့်သွားဖုံးရောင်ခြင်းတို့အတွက် ဆေးအဖြစ် လည်းကောင်းအသုံးပြုကြ၏။  အမြစ်ကို ထိခိုက်ရှနာများ သက်သာစေရန်အတွက် အသုံးပြုကြ၏။ ပန်းပွင့်ကြိတ်ရည်ကို ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ မျက်လုံး ရောဂါများဖြစ်ခြင်း၊ အဆိပ်သင့်ခြင်းတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ အစေ့ကိုမူ လိပ်ခေါင်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့အတွက် အသုံးပြုကြ၏။

မြန်မာနိုင်ငံ အထက်အညာ ဒေသတွင် နွေဦးရောက်ချိန် အညာကုက္ကိုပင်၏ ရွက်နုဖြာချိန်တွင် အရွက်နုများနှင့် အဖူးလေးများကို ခူးဆွတ်ကာ ဟင်းလျာများအဖြစ် ပြင်ဆင်ချက်ပြုတ်စားသုံးလေ့ရှိကြ၏။ အညာကုက္ကိုရွက်နုနှင့် အဖူးလေးများကို ရေနှင့် စင်ကြယ်အောင် ဆေးကြောပါ။ ပြီးလျှင် ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးအိုးထဲသို့ ဆားနှင့် ဆီအနည်းငယ်ထည့်ပြီး သန့်စင်ထားသော အရွက်များကို ၂ မိနစ်ခန့် ပြုတ်ပြီး ဆယ်ယူကာ ရေအေးထဲသို့ ထည့်ပြီး ၃ ကြိမ်ခန့် ရေဆေးပြီး စစ်ထားပါ။ ထိုသို့ပြုတ်လိုက်ခြင်းဖြင့် အရွက်တွင်ပါသည့် ပအာသည့်အရသာကို သက်သာစေ ၏။ ပြီးလျှင် အရွက်ပြုတ်များကို ရေ ကုန်သည်အထိ ညှစ်ယူပြီး ငှက်ပျော ရွက်/အင်ဖက်တို့ဖြင့် စနစ်တကျ ထုပ်ပိုးပြင်ဆင်ပြီး သိမ်းထားနိုင်၏။ အညာကုက္ကိုရွက်ပြုတ်များကို အညာ‌ဒေသထွက် စားသောက်ကုန်ရောင်းချသူများထံမှတစ်ဆင့် မြန်မာအနှံ့မှဝယ်ယူစားသုံးနိုင်နေပြီဖြစ်၏။

အညာကုက္ကိုရွက်ပြုတ်များကို ငါးပိရည်ကျိုဖျော်၊ ခရမ်းချဥ်သီးချက်၊ ငရုတ်သီးစိမ်းချက်၊ ငါးပိချက် စသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ်လည်း စားသုံးတတ်ကြ၏။

အညာကုက္ကိုရွက်ပြုတ်လေးများကို  ဓားဖြင့် ပါးပါးလှီးပေးပါ။ အချို့ကလည်း ငရုတ်ဆုံထဲ ထည့်ကာ မညက်တညက်ထောင်းကြ၏။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန် နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံလှသည့် အညာကုက္ကိုရွက်သုပ်လေး ရပါပြီ။ ငရုတ် သီးစိမ်းလေးကိုက်၊ ကြက်သွန်ဖြူလေးကိုက်၊ ထမင်းဖြူပူပူလေးနှင့်  တွဲဖက်သုံးဆောင်နိုင်သကဲ့သို့ ရေနွေးကြမ်းပူပူလေးနှင့်လည်း လိုက်ဖက်လှ၏။ ရာသီစာလည်းဖြစ် ဆေးဖက်လည်းဝင်လှသဖြင့် တန်ဖိုးထားပြီး စားသုံးကြ၏။  မိသားစုထမင်းဝိုင်း၏ နှုတ်မြိန်စာ အသုပ်တစ်ပွဲဖြစ်စေ၏။

အချို့ကလည်း ကြက်သွန်ဖြူ၊ ပုစွန်‌ခြောက်မညက်တညက်ထောင်းနှင့် ဟင်းခါးရည်ချက်ကာ ဟင်းရည်ကျသည်အထိ တည်ပြီး  အညာကုက္ကိုရွက်နုလေးများကို ခပ်ကာ ဟင်းခါးချက်သောက်တတ်ကြသေး၏။

နောက်တစ်နည်းမှာ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီပူပူတွင် ဆီသတ်၊ ပုစွန်အစို/ပုစွန်ခြောက် မညက်တညက် ထောင်း/ နှစ်သက်ရာအသား/ကြက်ဥတို့ထည့်ကာ ဆီသတ်ပြီး ပြုတ်ထားသောအညာကုက္ကိုရွက်နုလေးများကိုထည့်ကာ ကြော်စားလျှင်လည်း ကောင်းလှပေ၏။

အညာကုက္ကိုပင်များကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ်လည်းကောင်း၊ ဆေးဖက် ဝင် အသုံးအဖြစ်လည်းကောင်း၊ သစ်သားအဖြစ်လည်းကောင်း အသုံးပြုကြ၏။ အမေရိကန် ပြည် ထောင်စု၏ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်ပါ အညာကုက္ကိုပင်များကို အရိပ်ရအပင်ဖြစ် စိုက်ပျိုးကြ၏။ အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် ယင်းအပင်၏ သိပ်သည်းဆ ကောင်းမွန်သည့်အတွက် သစ်သားထုတ်ယူရန် စိုက်ပျိုးကြ၏။ ဟောင်ကောင်တွင် အညာကုက္ကိုပင်ကိုအပင်စားတိရစ္ဆာန်များ၏ အစားအစာအရင်း အမြစ်အဖြစ် သတ်မှတ် စိုက်ပျိုးကြ၏။ လက်ဖက်၊ ကော်ဖီနှင့် ဖာလာစိုက်ခင်းများအကြားတွင်လည်း အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြ၏။ 

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှ ပေးသည့် လက်ဆောင်မွန် အညာကုက္ကိုပင်မှ ရရှိသည့် အစိတ်အ ပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်