ရေဓာတ်ကြွယ်ဝစွာပါဝင်၍ အပူချိန်ကို လျော့ချပေးနိုင်သည့် ပိန္နဲသီး

ရေဓာတ်ကြွယ်ဝစွာပါဝင်၍ အပူချိန်ကို လျော့ချပေးနိုင်သည့် ပိန္နဲသီး

jack fruit

ပိန္နဲပင်က နှစ်ရှည်ခံသီးနှံပင်အမျိုးအစားမှာ ပါဝင်ပြီး အိန္နိယနိုင်ငံ တောင်ဘက်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့တာလို့ သိရပါတယ်။ အင်္ဂလိပ်လို  “Jack Fruit “ လို့ ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ပိန္နဲသီးကို အိမ်မာသီးနဲ့ အိမ်ပျော့သီးဆိုပြီး ၂ မျိုးရှိကြကာ အိမ်မာသီးက ဓားနဲ့စိပ်လို့ရတာမို့ “ပိန္နဲသီးဓားစိပ်”လို့ ခေါ်ကြပြီး အိမ်ပျော့သီးမှာ အမွှာလေးတွေကိုနှိုက်ရတာမို့” ပိန္နဲသီးအမွှာနှိုက်” ဆိုပြီးခေါ်ကြပါသေးတယ်။

ပိန္နဲသီးမှည့်ကို အချိုတည်းစရာသစ်သီးအဖြစ် စားလေ့ရှိ ကြသလို အသီးနုနုကိုအကွင်းလေးလှီးထား တဲ့ ပိန္နဲကွင်းကို ပြုတ်ကာ ငါးပိရည်နဲ့ အတို့အမြှုပ်လုပ်စားခြင်း၊ ချဥ်ရည်ဟင်းချက်စားခြင်းအပြင် မွန်ပြည် နယ်ဘက်မှာတော့ ပိန္နဲသီးနုနုကို ဆီပြန်ဟင်းအချိုချက်လေးချက်စားလေ့ရှိပြီးအရသာထူးလှတဲ့ ဟင်းတစ်မျိုးပါ။

အဲ့ဒီလို အမျိုးအမျိုးအဖုံဖုံပြုလုပ်စားလေ့ရှိတဲ့ ပိန္နဲသီးမှာ ပရိုတင်း၊ ဗီတာမင်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ် နဲ့သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဘေးဥပဒ် ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှု အလွန် နည်းပါးတာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

ပိန္နဲသီးရဲ့ ကျန်းမာရေကောင်းကျိုးတွေကတော့..

  1. ဗီတာမင်စီနှင့် ဗီတာမင်အီးကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားကိုကောင်းစေပြီး အသားအရေကို စိုပြည်ဝင်းပစေနိုင်ပါတယ်။
  2. ပိုတက်စီယမ်ဓါတ်လည်း ကြွယ် ဝတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက် သွေးတက်ခြင်း၊ ကျခြင်းတို့ ဖြစ် ပွားနိုင်မှုကို လျော့နည်းစေကာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
  3. ဒါ့အပြင် ပိန္နဲသီးထဲမှာ အသီးအနှံမှရတဲ့ ဖရက်တို့စ်နှင့် ဆူးခရို့စ်(ခေါ်) သဘာဝသကြားဓာတ်များပါရှိသောကြောင့် ခွန်အားတိုးပွားစေနိုင်ပါတယ်။
  4. သူ့မှာ သံဓာတ်လည်းပါရှိလို့ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
  5. မဂ္ဂနီဆီယမ်ဓာတ်လည်းပေါကြွယ် ဝတာကြောင့် ကယ်လ်စီယမ် စုပ်ယူခြင်းကို အားပေးတဲ့အတွက်အရိုးများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
  6. ဒါ့အပြင် ပိန္နဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျှော့ချပေးနိုင်ပြီး နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံထဲမှာ တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။
  7. အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

   သတိပြုရမှာတွေကတော့ …

  • ပိန္နဲသီးဟာ ပင်ကိုယ်သဘာဝ အရ ကြေညက်ခဲသောအစာဖြစ်တဲ့ အတွက် ညက်ညက်ဝါးစား ပေးရပါမယ်။
  • အစာအိမ်ရောဂါရှိသူ၊ဆီးချို ရောဂါရှိသူနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများပိန္နဲသီးကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
  • အစာအိမ်ရောဂါသည်တွေ ပိန္နဲသီးကို အလွန်အကျွံ စားသုံးမိပါက အစာကိုချေဖျက်ပေးတဲ့ Acid ဓာတ်ဟာ တဖြည်းဖြည်းတိုးလာပြီး အစာအိမ်သွေးကြောပေါက်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးကောင်း ကျိုး အများအပြားရှိပေမယ့် “တန်ဆေး၊လွန်ဘေး” ဆိုသလို ချင့်ချိန်စားသုံးသင့်ပါတယ်နော်။

မသန်းလှ(ပညာရေး)