ဘရာဇီးမတ်ပဲ တန်ချိန် ၅ သောင်းအထိ အိန္ဒိယ တိုးမြှင့်တင်သွင်းဖွယ်ရှိ

ဘရာဇီးမတ်ပဲ တန်ချိန် ၅ သောင်းအထိ အိန္ဒိယ တိုးမြှင့်တင်သွင်းဖွယ်ရှိ

မတ်ပဲကို ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာနေသည့်အတွက် အိန္ဒိယနိုင်ငံသည် အဆိုပါနိုင်ငံများမှ ပိုမိုတင်သွင်းလာဖွယ်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၉ ရက်နေ့က ဖော်ပြသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ မတ်ပဲ အဓိကတင်သွင်းသော နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။ 

 ဘရာဇီးနိုင်ငံတွင် မတ်ပဲကို စတင်စိုက်ပျိုးလျက်ရှိပြီး၊ ယခုနှစ် ဇွန်-ဇူလိုင်လလောက်မှ စတင် ၍ အိန္ဒိယနိုင်ငံသို့ မတ်ပဲ အနည်းဆုံး ၅၀၀၀၀ တန် တင်သွင်းဖွယ်ရှိကြောင်း အိန္ဒိယပဲမျိုးစုံနှင့် သီးနှံ အသင်း (India Pulses and Grains Association-IPGA) ဥက္ကဌ Bimal Kothari က ပြောကြားခဲ့ သည်။ ယမန်နှစ်က ဘရာဇီးနိုင်ငံမှ မတ်ပဲကို ၅၀၀၀ တန် ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။ Kothari ဦးဆောင်သော IPGA ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ဘရာဇီးနိုင်ငံသို့ သွားရောက်ပြီး ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၌ ပဲမျိုးစုံထွက်ရှိမှု ကျဆင်းခဲ့သည့် အတွက် မတ်ပဲတင်သွင်းမှုပိုမို မြင့်တက်လာခဲ့သည်။ ရာသီ ဥတုအခြေအနေ မကောင်းမွန်မှုကြောင့် ခါရစ် (မိုး) နှင့် ရာဘီ(ဆောင်း) ရာသီ နှစ်ရပ်စလုံးတွင် ပဲမျိုးစုံအထွက်နှုန်းကျဆင်းခဲ့သည်။ 

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ မတ်ပဲတင်သွင်းမှု တန်ချိန် ၆ ဒသမ ၂၃ သိန်းရှိကာ ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၃ ဒသမ ၄၄ သိန်းသာ တင်သွင်းခဲ့သည့်အတွက် ၁၉ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း Igrain India က ဖော်ပြသည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် မတ်ပဲတင်သွင်းမှု တန်ချိန် ၆ ဒသမ ၁၁ သိန်းရှိကာ ယခင်ဘဏ္ဍာနှစ်က ၃ ဒသမ ၄၄ သိန်းသာရှိခဲ့သည့်အတွက် ၇၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အိန္ဒိယအစိုးရသည် မတ်ပဲ အကောက်ခွန်လွတ်တင် သွင်းခွင့်အား ၂၀၂၅ ခု
နှစ်၊ မတ် ၃၁ ရက်နေ့အထိ အချိန်တိုးမြင့်သတ်မှတ်ခဲ့သည်။ 

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒုတိယအကြိမ် သီးနှံအထွက်နှုန်း ကြိုတင် ခန့်မှန်းချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲအထွက်နှုန်းမှာ ၂၀ ဒသမ ၅၅ သိန်းရှိကာ ယခင် နှစ်က ၂၆ ဒသမ ၃၁ သိန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း၊ ခါရစ်မတ်ပဲ အထွက်နှုန်းမှာ ယခင် နှစ်က ၁၇ ဒသမ ၆၁ သိန်းရှိခဲ့ရာမှ ယခုနှစ် တန်ချိန် ၁၅ ဒသမ ၅၀ သိန်းသာ ထွက်ရှိသည့်အတွက် ကျဆင်းခဲ့ကြောင်းနှင့် ရာဘီမတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်က တန်ချိန် ၆ ဒသမ ၃၃ သိန်းမှ ယခုနှစ် ၅ ဒသမ ၀၅ သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ 

ဘရာဇီးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် မတ်ပဲကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ် များအတွင်းက စုစုပေါင်း မတ်ပဲတန်ချိန် ၃ သောင်း မှ ၄ သောင်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း  Igrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲကို မြန်မာနိုင်ငံမှ တင်သွင်းလျက်ရှိသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါ အခြားဇစ်မြစ်တစ်ခု အနေဖြင့် အဆိုပါ တောင်အမေရိကနိုင်ငံများမှ တင်သွင်းနိုင်မည့် အလားအလာများထွက်ပေါ်လာလျက်ရှိ သည်ဟု ၎င်းကပြောကြားခဲ့သည်။

 ပြည်တွင်း၌ ပဲအထွက်နှုန်းကျဆင်းသော်လည်း ပြည်ပမှပုံမှန် တင်သွင်းလျက်ရှိသည့်အတွက် ပြီးခဲ့သည့် နှစ်လတာအတွင်း မတ်ပဲဈေးနှုန်း တည်ငြိမ်လျက်ရှိသည့် အနေအထားဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မတ်ပဲကို တန်ချိန် ၆ ဒသမ ၆ သိန်းခန့် ထုတ်လုပ်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ပြည်ပမှတင်သွင်းသော မတ်ပဲဈေးနှုန်းသည် ချန်နိုင်းမြို့တွင် မတ်ပဲ (SQ) ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၈၉၅၀ နှင့် မွန်ဘိုင်းနှင့် ကော်လ်ကတ္တားမြို့တွင် ယခုလ ၉ ရက်နေ့က မတ်ပဲ (FAQ) ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၉၁၀၀ ရှိကြောင်း သိရသည်။

ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် မတ်ပဲကို ပိုမိုတိုးမြှင့်စိုက်ပျိုးလာလျက်ရှိကာ လာမည့်နှစ်များအတွင်း အိန္ဒိယအနေဖြင့် ယင်းတို့ထံမှ ပိုမိုတိုးမြှင့်တင်သွင်းလာဖွယ်ရှိသည်ကို တွေ့ရှိရသည်။ ၎င်းအနေဖြင့် ပဲမျိုးစုံကို ကနေဒါ၊ ဩစတေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် အာဖရိကတိုင်းပြည်များမှ ဝယ်ယူတင်သွင်းလျက်ရှိပြီး၊ ယခုအခါ မတ်ပဲကို မြန်မာဈေးကွက်အပြင် အခြား အလားအလာရှိ ဈေးကွက်များမှ ဝယ်ယူတင်သွင်းနိုင်ရန် ဈေးကွက် အမျိုးမျိုးခွဲခြား ဆောင်ရွက်ရေးမူ (Market Diversification) ကို ကြိုးပမ်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါသည်။

ကောင်းထွဋ်အောင်