ဧရာဝတီတိုင်းဒေသကြီး၏ လျာထားစိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ၏ လျာထား စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ၂၇ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့ ရှိ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးမှာကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုရှိခဲ့သည့် ဒေသများရှိ သီးနှံစိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှုမရှိသော်လည်း မြေဆီလွှာပြောင်းလဲမှု ရာသီဥတုပြောင်းလဲမှုများကြောင့် သီးနှံအထွက်နှုန်း အထိုက်အလျောက် ကျဆင်းနိုင်မှုအား ကာမိစေရန် ငလျင်ဒဏ်သက်ရောက်မှု မရှိသလောက်နည်းပါးခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီးတွင် နွေစပါးနှင့်သီးနှံများ ရိတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး နှင့် မိုးသီးနှံ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းကြရန် ဖြစ်ကြောင်း၊
တောင်သူအကျိုး ပြည်သူများအကျိုး၊ ဌာနနှင့် နိုင်ငံတော်၏ လိုအပ်ချက်အရ မြေမနား လူမအား သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးကို မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပြီး ကြိုးပမ်းဆောင်ရွက်သလောက် အကျိုးရလဒ်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီမံမှုနှင့် လျှပ်စစ်မီးတိုးမြှင့်ရရှိမှု အခြေအနေများကြာင့် စွမ်းအင် ဝန်ကြီးဌာနက ယခုနှစ် ယူရီးယားဓာတ်မြေဩဇာ လျာထားချက်ပြည့်မီစွာ ထုတ်လုပ် နိုင်လျက်ရှိရာ မိုးစပါးစိုက်ပျိုးရာသီ အချိန်မီ တောင်သူ့လယ်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး အတွက် ပထမ ၃ လပတ်တွင် တိုင်းဒေသကြီး ပြည်နယ်များသို့ ပေးဝေရမည့် ပမာဏကို သတ်မှတ်ထုတ်ပေးနိုင်ရန် အကြောင်းကြားထားပြီးဖြစ်၍ အချိန်မီထုတ်ယူဖြန့်ဝေရန် နှင့် အခြားလိုအပ်သော ဓာတ်မြေဩဇာများ လုံလောက်စွာသုံးစွဲနိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးခြင်းဖူလုံရေးအပေါ်မူတည်၍ ဆန်စပါးစိုက်ပျိုးထွက်ရှိမှုနှင့် ပြည်ပတင်ပို့မှုကို စိစစ်ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အောင်နိုင်တိုး စပါးမျိုးအပါအဝင် ပြည်တွင်းထုတ် စပါးမျိုးကို ဦးစားပေးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စနစ်တကျ လျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဈေးကွက်ဝေစုရရှိရန်လည်း ပံ့ပိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက် မ,တည်ငွေအဖြစ် ကော်မတီမှ ထုတ်ပေး ထားသော ချေးငွေများကို သတ်မှတ်ကာလအတွင်း အပြည့်အဝ ပြန်လည်ကောက်ခံ ရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း အသားစားသုံးမှုဖူလုံရေးနှင့်မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နယ်မြေဒေသအလိုက် စွမ်းအားပြည့်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စနစ်တကျစီမံ ဆောင်ရွက်နိုင်ရန် မြို့နယ် ခရိုင်အလိုက် တာဝန်ရှိသူများက ပကတိအခြေအနေမှန်ကို ပြုစုတင်ပြ ကြရမည်ဖြစ်ကြောင်း၊
တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှု သက်ဆိုင်ရာဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စနစ်ကျသော ငါး ပုစွန် ဖမ်းဆီးမှု ၊ စနစ်ကျသော ငါး ပုစွန် မွေးမြူ ထုတ်လုပ်မှုဖြစ်စေရေး စီမံဆောင်ရွက်ရန် လိုကြောင်း၊
ပြည်ပစျေးကွက်၏ တောင်းဆိုမှုနှင့်အညီ စျေးကွက်သို့တင်ပို့နိုင်ရန် ငါးမွေးကန်များ အားလုံး ကောင်းမွန်သောငါးမွေးမြူရေးကျင့်စဉ်ပါ စည်းကမ်းသတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရေး ပညာပေးစည်းရုံး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်ချထားပေးရာတွင် အာဟာရပြည့်ဝရေး နှင့် စားရေရိက္ခာဖူလုံရေးကို တိုက်ရိုက်အကျိုးပြုသည့် သီးနှံများစိုက်ပျိုးနိုင်ရေး ဦးစားပေး စီမံ ဆောင်ရွက်ရန် လိုကြောင်း၊ ကွမ်းသီးကဲ့သို့သော အာဟာရမဖြစ်သည့်အပင်များ စိုက်ပျိုးရန် အတွက် မြေအသုံးချခွင့်မပြုရန် လိုကြောင်း၊
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုရာတွင် ဒေသဝမ်းစာဖူလုံရေး နှင့် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးကို ဦးစားပေးစဉ်းစားပြီး တည်ဆဲ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း အလေးထားလိုက်နာကြပ်မတ်စေလိုကြောင်း၊
တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုအဖွဲ့ နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြား ချက်များ အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သီးနှံများ အလေအလွင့်မရှိ ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက် လိုအပ်သော စက်ကိရိယာအသုံးပြုနိုင်ရေး၊ နည်းပညာ အသိပညာပေရေးဆောင်ရွက်နေမှု ၊ နှစ်အလိုက် သီးနှံစိုက်ပျိုးထွက်ရှိမှု၊ စျေးကွက် အခြေအနေနှင့် တောင်သူ့အကျိုးအမြတ် တွက်ချက် စီမံဆောင်ရွက်နေမှု၊ အဓိကသီးနှံ ၁၀ မျိုး လျာထား ဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံပန်းတိုင်အထွက်ရရှိရေး အတွက် မျိုးစေ့၊ သွင်းအားစုနှင့် လိုအပ်သည့် ကြပ်မတ်ဖြည့်ဆည်းဆောင်ရွက်နေမှုများ၊ စားသုံးဆီဖူလုံရေး အတွက် သီးနှံအထွက်နှုန်းအပြင် ဆီထွက်နှုန်းမြင့်မားရေးစီမံဆောင်ရွက်နေမှု၊ ပျားမွေးမြူရေး လုပ်ငန်း ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရေး၊ ဧရာ ဝတီ တိုင်းဒေသကြီး၏ သားငါးမွေးမြူ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး အားပေးဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေး၊မွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ဆောင်ရွက် ရေး စီမံဆောင်ရွက် ထားရှိမှုများကိုရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးမွေးမြူသူ တောင်သူများအကျိုး နှင့် စားသုံးသူပြည်သူများ စားရေ ရိက္ခာဖူလုံစေရန်အတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ တာဝန် ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
MOALI