အရေးပါသော စပါးအခြောက်ခံ နည်းပညာ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဆန်စပါးအများဆုံးထုတ်လုပ်သောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ၏ အဓိကအစားအစာမှာလည်း ဆန်စပါး ဖြစ်သည်။
ယခုအခါ လယ်လုပ်သားရှားပါးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်ကျရောက်မှုများ ကြောင့် အချိန်ကိုက်ဆောင်ရွက်ရသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖြစ်စဉ်တွင် စက်ကိရိယာများ ပိုမိုတိုးတက်သုံးစွဲနိုင်ရန် အရေးကြီးလာပါသည်။
သို့ပါ၍ ထွက်ရှိလာသောစပါးများ အလေအလွင့်နည်းပါးစွာ ထုတ်လုပ်သိမ်းဆည်း နိုင်ရေး၊ အရည်အသွေးကောင်းမွန်စွာဖြင့် စျေးကွက်သို့ တင်ပို့နိုင်ရေးတို့အတွက် စပါး အခြောက် ခံခြင်းဆိုင်ရာနည်းပညာအား ထိထိရောက်ရောက် အသုံးချရန် များစွာလိုအပ်ပါသည်။
စပါးအခြောက်ခံခြင်း
စပါးအခြောက်ခံခြင်းဆိုသည်မှာ စပါးကို သိုလှောင်သိမ်းဆည်းထားနိုင်ရန် စိတ်ချရသော အစိုဓါတ်သို့ ရောက်ရှိအောင် စပါး၏အစိုဓါတ်ကို လျော့ချပေးသော လုပ်ငန်းစဉ် ဖြစ် သည်။
အခြောက်ခံခြင်းသည် စပါးရိတ် သိမ်းပြီးလျင် အမှားအယွင်းမရှိစေရသော အလွန်အရေးကြီးသည့် လုပ် ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ရိတ်သိမ်းပြီးစ စပါးသည် အစိုဓါတ် ပါဝင်မှု 20% MC နှင့်အထက် ရှိသဖြင့် အခြောက်ခံရန် ကြန့်ကြာခြင်း၊ ပြည့်စုံလုံလောက်မှုမရှိသော (သို့)အကျိုး ကျေးဇူးမဖြစ်ထွန်းသော အခြောက် ခံခြင်းတို့ကြောင့် စပါးအရည်အသွေး ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုစသည့်ရလဒ်များကို ခံစားရမည် ဖြစ်သည်။ စပါးအစိုဓါတ်များလေလေ၊ အရည် အသွေး ပိုကျဆင်းလေဖြစ်ပါသည်။
ရိတ်သိမ်းပြီးစပါး၏အစိုဓါတ်ပါဝင်မှုရာခိုင်နှုန်းကိုလိုက်၍ အစိုဓါတ် 25 % နှင့်အထက်ဖြစ်လျှင် ရိတ်သိမ်းပြီး ၈ နာရီ အတွင်း၊ အစိုဓါတ် 23 % နှင့် 25 % ကြားဖြစ်လျှင် ရိတ်သိမ်းပြီး ၁၆ နာရီအတွင်း၊ အစိုဓါတ် 21 % နှင့် 23 % ကြားဖြစ်လျှင် ရိတ်သိမ်းပြီး ၂ ရက်အတွင်း၊ 20 % နှင့် 21 % ကြားဖြစ်လျှင် ရိတ်သိမ်းပြီး ၄ ရက်အတွင်း အခြောက်ခံသင့်ပါသည်။

ထားရှိသင့်သည့် အစိုဓါတ်ပါဝင်မှုရာခိုင်နှုန်းများ
အရည်အသွေးကောင်းမွန်သောစပါးအဖြစ် သိုလှောင်ထားလိုပါက မိမိတို့သိုလှောင်မည့် ကြာချိန်ကိုလိုက်၍ ဇယားပါအတိုင်း ရှိသင့်သော အစိုဓါတ်ပါဝင်မှုရာခိုင်နှုန်း ရရှိအောင် ဦးစွာအခြောက်ခံရပါမည်။
စပါးစေ့အစိုဓါတ်တိုင်းကိရိယာ
စပါးစေ့၏ အစိုဓါတ်ပါဝင်မှုရာခိုင်နှုန်းကို အောက်ပါခေတ်မီအစိုဓါတ်တိုင်းကိရိယာ(Moisture Tester)ဖြင့်တိုင်းတာနိုင်သည်။
အခြောက်ခံ/သိုလှောင်နည်း လွဲမှားမှုကြောင့် တွေ့ကြုံရသည့် ပြသနာများ
နည်းစနစ်မမှန်သော အခြောက်ခံခြင်း(သို့) သိုလှောင်ခြင်းတို့ကြောင့် ထုတ်ကုန် ဆန်စပါးတွင် အောက်ပါပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။
(က) စပါးထုအတွင်းအပူချိန်မြင့်တက်လာခြင်း (စိုစွတ်သောစပါးများကို စုပုံထားလျင် အပူဓါတ်ဖြစ်ပေါ်ကာ မှိုနှင့်အင်းဆက်ပိုးမွှားများ ကြီးထွားလာနိုင်မှုကို တွန်းအားပေးစေ သည်။)
(ခ) မှိုတက်ခြင်း(စပါးများအတွင်း ရောဂါများပြန့်နှံ့စေသည်။ စပါးများအတွင်းသို့ အဆိပ်များ ထုတ်လွှတ် ပေးသောကြောင့် ဆန်ပျက်စီးစေ နိုင်သည်။)
(ဂ) အင်းဆက်များပျံ့နှံ့ကျရောက်ခြင်း (စပါးများသိုလှောင်ရာတွင် အင်းဆက်ပိုးမွှား အန္တရာယ်သည် အမြဲပင်ရှိရာ အစိုဓါတ်နည်းလျှင် အင်း ဆက်ပေါက်ပွားမှုနည်းပါးပါသည်။ လက်ခံနိုင်သော အင်းဆက်ပိုးမွှားတည်ရှိမှုမှာ တစ်ကီလိုဂရမ်လျှင် အင်းဆက် ၄ ကောင်ထိသာဖြစ် သည်။ စနစ်တကျ အခြောက်ခံခြင်းနှင့် စနစ်တကျသိုလှောင်ခြင်း ဖြင့် အရည်အသွေးအား ထိန်းသိမ်းနိုင်ပါသည်။)
(ဃ) အရောင်ပျက်ခြင်း(သို့) အဝါရောင်သမ်းခြင်း (အချိန်မီအခြောက် ခံခြင်းမပြုလုပ်နိုင်လျှင်စပါးထုအတွင်း အပူချိန်တိုးမြင့်လာခြင်း ကြောင့် အဝါရောင်ဆန် ဖြစ်ပေါ်စေပါသည်။ စျေးကွက်တွင် ဈေးကောင်းရရှိရန် ခက်ခဲစေပါသည်။)
(င) အပင်သန်စွမ်းမှုနှင့် အပင်ပေါက်နှုန်းလျော့ကျခြင်း(အစိုဓါတ်များသောစပါးများသည် အပင်ပေါက်နှုန်းလျော့ကျနိုင်ကာ ပေါက်လာမည့် အပင်သန်စွမ်းမှုကိုလည်း ထိခိုက်နိုင် သည်။မှိုနှင့်ရောဂါများကြောင့် အပင် ပေါက်နှုန်းကို လျော့ကျစေနိုင်သည်)
(စ) လတ်ဆတ်မှုနည်းပါးခြင်း (သို့) မကောင်းသောအနံ့အသက်များထွက်ခြင်း (စပါးထုအတွင်းအပူချိန်တိုးလာသည်နှင့်အမျှ ဆန်တွင် မှို တက်၍မကောင်းသောအနံ့ (အောက်နံ့) များ ထွက်ရှိကာ ဈေး ကောင်းရရန် ခက်ခဲမည်ဖြစ်သည်။ မှိုစွဲပြီး မှိုအဆိပ်သင့်မှုတိုးပွားလာခြင်းကြောင့် ဆန်အားစားသုံး၍ မရနိုင်အောင် ဆန်သား ပျက်စီးသွားနိုင်ပါသည်။)
(ဆ) ဆန်အထွက်နှုန်းလျော့ကျစေနိုင်ခြင်း (စွတ်စိုနေသော စပါးစေ့နှင့် ခြောက်သွေ့နေသော စပါးစေ့များရောနှောထားခြင်းနှင့် ခြောက်သွေ့နေသော စပါးစေ့များအား စွတ်စိုသော လေနှင့်ထိတွေ့စေနိုင်ခြင်းတို့ ကြောင့် ခြောက်သွေ့သော စပါးမှာ ပြန်၍အစိုဓါတ်ရရှိစ သဖြင့် စပါးစေ့တွင်း အက်ကြောင်းများ ဖြစ်ပေါ်စေသည်။ စပါးစေ့အတွင်း အက်ကွဲခြင်းသည် ကြိတ်ခွဲသောအခါ ဆန်အကျိုးအကြေများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဆန်ရိုးကောင်း (လုံးပြည့်ဆန်) ရရှိစေနိုင်မှုအား လျော့ကျစေပါသည်။)
အခြောက်ခံနည်းများ
စပါးကို သမားရိုးကျ အခြောက်ခံခြင်းနှင့်စက်စွမ်းအားအသုံးပြု အခြောက်ခံခြင်း ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ သမားရိုး ကျအခြောက်ခံခြင်းတွင် နည်းလမ်းနှစ်မျိုးရှိသည်-
(က) လယ်ကွက်အတွင်း စုပုံအခြောက်ခံခြင်း
တစ်ရက်လျှင် အစိုဓါတ်ပါဝင်နှုန်း တစ်ရာခိုင်နှုန်းခန့်သာ လျော့ကျစေနိုင်ပါသည်။ ဆန်စပါး အရည်အသွေး ကျဆင်းလွယ်သည်။ ဆန်စပါး အရည်အသွေးကောင်း ရရှိရန်မှာ ဖြစ်နိုင်ချေ မရှိပေ။ ထို့ကြောင့် လယ် ကွက်အတွင်း စုပုံအခြောက်ခံခြင်းအား ရှောင်ရှားသင့်ပါသည်။
(ခ) နေပူလှန်းအခြောက်ခံခြင်း
စပါးစေ့များအား ဖျာ၊ ပလပ်စတစ် (သို့) မိုးကာဖျင်များပေါ်တွင် ဖြန့် ၍ အခြောက် လှန်းနိုင်သည်။ ခဲနှင့်အခြားအမှိုက်သရိုက်တို့ ရောနှောညစ်ပေစေမှုနည်းပါးစေသည်။ စပါးထုအား အထက်အောက်လှန်ပေးရန် လွယ်ကူသည်။ ရုတ်တရက်မိုးရွာပါ က အလွယ်တကူ သိမ်းဆည်းနိုင်ပြီး ကုန်ကျစရိတ် နည်းပါးသည်။
အားနည်းချက်များမှာ အလုပ်သမား များများလိုအပ်ပါသည်။ ဆန်အရည်အသွေး ကျဆင်းစေနိုင်သည်။
နေပူလှန်းအခြောက်ခံခြင်းအတွက် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သင့်သည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အစီအမံပြုလုပ်ခြင်း
စပါးထုအထူ ၄ စင်တီမီတာ(၁.၆ လက်မ)ခန့်သာထားရှိသင့်သည်။
မိနစ် ၃၀ လျှင် တစ်ကြိမ် အထက် အောက်လှန်မွှေပေးသင့်သည်။ အစိုဓါတ်ပါဝင်မှုရာခိုင်နှုန်းအား ပုံမှန်တိုင်းတာစစ်ဆေးကြည့်ရမည်။အပူချိန်ကို တိုင်းတာကြည့်ရမည်။
(၂) အကာအကွယ်ပြုလုပ်ခြင်း
အပူချိန် (၅၀~၆၀) ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာပါက စပါးပြန့်အားဖုံးအုပ်ကာကွယ်ထားရမည်။ မိုးမိမခံရပါ။ မိုးရွာလျှင် ဖုံးအုပ်ထားရမည်။ အမှိုက်သရိုက် အညစ် အကြေးများ မရောနှောစေရန် ဂရု စိုက်ရမည်။ တိရစ္ဆာန်များ ဝင်ရောက်ခြင်းမရှိစေရပါ။
စက်စွမ်းအားအသုံးပြုအခြောက်ခံခြင်း
စပါးအခြောက်ခံစက်တစ်လုံးတွင် ပါဝင်သော အဓိကအစိတ်အပိုင်းများ အခြောက်ခံကန် (Drying Bin)၊ လေဖြန့်ဝေမှုစနစ် (Air Distribution System)၊ လေမှုတ်ပန်ကာ (Blower Fan)နှင့် အပူပေးမီးဖို (Furnace) တို့ ဖြစ်ပါသည်။ အထောက်အကူပြုကိရိယာများမှာ ကြိုတင် သန့်စင်ကိရိယာ (Pre-cleaner)၊ အစိုဓါတ်တိုင်းတာမှုကိရိယာ (Moisture Meter)၊ အပူတိုင်း ကိရိယာ (Ther-mometer)၊ သယ်ပို့စနစ် (Con-veyors and Elevator)နှင့် ဖုန်စုပ်စနစ် (Dust Collection System) တို့ ဖြစ်သည်။
အခြောက်ခံစက်၏ အခြောက်ခံနှုန်းကို တစ်နာရီအတွင်းလျော့နည်းသွားသော အစိုဓါတ် ရာခိုင်နှုန်းဖြင့် ဖော်ပြပါသည်။ စပါး၏ အတွင်းဆန်သားမပျက်စီးစေရန်အတွက် အခြောက်ခံစက် များ၏ အခြောက်ခံနှုန်းများမှာ (0.5~1)% MC / hr အတွင်းသာ ဖြစ်ရပါမည်။
စပါးအခြောက်ခံစက်အမျိုးမျိုး
စပါးအခြောက်ခံစက်များကို ၎င်းတို့၏ အလုပ်လုပ်ကိုင်ပုံကိုလိုက်၍ အဓိကအားဖြင့် အလျား လိုက် အခြောက်ခံစက် (Fixed Bed Dryer)၊ ဒေါင်လိုက်အခြောက်ခံစက် (Re-circulating Batch Dryer)၊ စပါးများစဉ်ဆက်မပြတ်ဖြတ်သန်းစေသောအခြောက်ခံစက် (Con-tinuous Flow Dryer)နှင့် အကြီးစား သိုလှောင်အခြောက်ခံစက် (Silo) ဟူ၍ ၄ မျိုးခွဲခြားနိုင်သည်။
အလျားလိုက် အခြောက်ခံစက် (Fixed Bed Dryer)
ဤအခြောက်ခံစက်မျိုးတွင် အခြောက်ခံကန်ရှိ လေဖြတ်စီးနိုင်သော အပေါက်လေးများ ပါသည့် ကြမ်းခင်းပေါ်သို့ စပါးများ ဖြန့်ခင်းထားရပြီး မီးဖိုဖြင့် အပူပေးထားသောလေကို အခြောက်ခံကန်၏ ကြမ်းခင်းအောက်ခြေသို့ ရောက်အောင် ပန်ကာဖြင့်မှုတ်ပေးပြီး လေပူများ ဖြတ်စီးစေခြင်းဖြင့် အခြောက် ခံရသည်။ စပါးတစ်ပြင်လုံး လေပေးအားနှင့် အပူချိန်တူညီရန် လိုအပ်သည်။ အောက်ခြေကြမ်းခင်းနှင့် နီးသောစပါးမှာ အခြောက်မြန်ပြီး အပေါ်ဘက်မှာ အခြောက်နှေးသောကြောင့် အစိုဓါတ်ကွာခြားနိုင်သည်။ ထို့ကြောင့် သတ်မှတ်ထားသော စပါးထုအမြင့်ထက် ပို၍အသုံးမပြုခြင်း၊ စပါးများအထက်အောက် မွှေပေးခြင်း များ ပြုလုပ်ပေးရမည်
ဤအခြောက်ခံစက်၏အားသာချက်များမှာ ကုန်ကျစရိတ်နည်းပါး၍ လုပ်ကွက်ငယ်တောင်သူများအတွက် သင့်တော်ခြင်း၊ ထုတ်လုပ်ရန် လွယ်ကူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် ကျွမ်းကျင်လုပ်သား မလိုအပ်ခြင်းတို့ ဖြစ်သည်။ အား နည်းချက်များမှာ လုပ်သားအင်အား များများ လိုအပ်ခြင်းနှင့် စပါးအစိုဓါတ်ကွာခြားနိုင်ခြင်းတို့ ဖြစ်သည်။
ဒေါင်လိုက်အခြောက်ခံစက်(Re-circulating Batch Dryer)
ဤအခြောက်ခံစက်သည် အလျား လိုက်နိမ့်နိမ့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ဒေါင်လိုက် မြင့်မြင့် တည် ဆောက်ထားသည်။ အခြောက်ခံလိုသော စပါးကို ခပ်ခွက်တိုင် (Bucket Elevator) အဝင်တွင် ထည့်ပေးရပြီး ၎င်းခပ်ခွက်တိုင်ဖြင့် အပေါ်သို့ တင်ပေး၍ အခြောက်ခံကန်တွင်း ထည့်ပေးရသည်။ တစ်ကြိမ် အခြောက် ခံနိုင်သောပမာဏ ပြည့်သည်အထိ ထည့်ပေးရသည်။
အခြောက်ခံကန်၏ အောက်ပိုင်းတွင် လေပူများဖြတ်စီးစေသော အခြောက်ခံဇုံရှိသည်။ ၎င်းအခြောက် ခံဇုံသို့ ဖြည်းဖြည်းချင်း ဖြတ်သွားစေရန် လေးမြောင့်ဒလက်ဖြင့် လွန်ပေါ်သို့ ချပေးသည်။ ၎င်းကျလာသောစပါးများကို လွန်ဖြင့် သယ်ထုတ်ပေးပြီး ခပ်ခွက်တိုင်သို့ ပို့ပေး၍ ကန်အပေါ်ဘက်မှ ပြန်ထည့်ပေးသည်။ ဤနည်းဖြင့် အခြောက်ခံကန်ထဲရှိ စပါးများ အားလုံး အခြောက်ခံဇုံကို ဖြတ်၍ အကြိမ်ကြိမ် အခြောက်ခံစေပါသည်။ လိုချင်သော သိုလှောင်နိုင်သည့် အစိုဓါတ်သို့ ရောက်ရှိသောအခါ ခပ်ခွက်တိုင်ထိပ်မှ ကန်အတွင်းသို့ မထည့်ဘဲ ကန်အပြင်သို့ ထုတ်ပေးသည်။
ဤနည်းစနစ်သည် စပါးများကို မွှေပေးလိုက်သလို ဖြစ်၍ အစိုဓါတ် ကွာခြားမှုနည်းခြင်း၊ ကန်အပေါ်ပိုင်း အခြောက်ခံဇုံမရောက်မီအထိ အချိုး ကျထိန်းညှိ အအေးခံ နည်းစနစ် ဖြစ်ပေါ်နေသဖြင့် စပါးအတွင်း ဆန်သားနှင့် စပါးခွံတို့အကြား အစိုဓါတ် ကွာခြားမှုနည်းပါးစေသောကြောင့် ဆန်သားအက်ကြောင်းဖြစ်မှုလျော့ နည်းစေပါသည်။ထိုသို့ အထက် အောက်လှည့်ပေးခြင်းဖြင့် ဖုံမှုန်များ ထွက်လာနိုင်သဖြင့် အခြောက်မခံခင် စပါးသန့်စင်ကိရိယာဖြင့် သန့်စင်ထားသင့်သည်။
ဤအခြောက်ခံစက်၏အားသာ ချက်များမှာ စပါးထုအား ထက်၊ အောက်လှည့်ပေးနိုင်သဖြင့် စပါး အရည်အသွေး ပိုမိုကောင်းမွန်ခြင်း နှင့် များများအခြောက်ခံနိုင်ခြင်းတို့ ဖြစ်ပါသည်။ အားနည်းချက်များမှာ လုပ်ငန်းဆောင်ရွက်ရန် ကျွမ်းကျင်လုပ်သားလိုအပ်ခြင်း၊ ရင်းနှီးမြှပ်နှံမှု များခြင်းနှင့်ပြင်ဆင်ထိန်းသိမ်းစရိတ် ကြီးခြင်းတို့ ဖြစ်ပါသည်။
စပါးများ စဉ်ဆက်မပြတ်ဖြတ်သန်းစေသောအခြောက်ခံစက် (Continuous Flow Dryer)
ဤအခြောက်ခံစက်မျိုးကို လုပ်ငန်းပမာဏကြီးမားသော ဆန်စက်ကြီးများတွင် အသုံးပြုကြသည်။ ဤစနစ်တွင် အခြောက်ခံသည့်ကိရိယာအပိုင်းသာမကအအေးခံကန် (Tempering Bins) များ၊ စပါးသယ်ပို့ကိရိယာများနှင့်ပါ တွဲဖက်အသုံးပြုကြပါသည်။
Continuous Flow ဆိုသော်လည်း စပါးများကို အခြောက်ခံဇုံတွင် တစ်ကြိမ်တည်းဖြင့် ဖြတ်သန်း၍ အလိုရှိသော အစိုဓါတ်သို့ မရောက်ရှိပါ။ ထို့ကြောင့် စပါးသစ်များ စဉ်ဆက်မပြတ် ဖြတ်သန်းစေ၍မရပါ။ တစ်ကြိမ်အခြောက် ခံဇုံကို ဖြတ်သန်းပြီးစပါးများကို အအေးခံကန်တွင် ထားရှိခြင်းစနစ်အရ အအေးခံကန်များစွာထားရှိ၍ အလှည့်ကျ အကြိမ် ကြိမ်ဖြတ်သန်းစေခြင်းဖြင့်သို လှောင်နိုင်မည့် လိုချင်သောအစိုဓါတ်ရရှိစေရန် ဆောင်ရွက်ပေးပါသည်။
ဤအခြောက်ခံစက်၏အားသာ ချက်များမှာ စပါးပမာဏများများ အခြောက်ခံနိုင်၍ စီးပွားရေးအရ တွက်ချေကိုက်ခြင်း ဖြစ်ပါသည်။ အားနည်းချက်များမှာ နည်းပညာ မြင့်မား၍ ရင်းနှီးမြှပ်နှံမှုများစွာ လိုအပ်ခြင်းနှင့် အခြောက်ခံမည့်စပါး မျိုးတူအရေအတွက်များမျာအတွက် သာ သင့်တော်ခြင်းတို့ ဖြစ်ပါသည်။
အကြီးစားသိုလှောင်အခြောက်ခံစက်(Silo)
ဤအခြောက်ခံစက်မျိုးတွင် အစိုဓါတ် 18% MC နှင့်အောက်ရှိသော စပါးကိုသာ အခြောက်ခံသင့်သည်။ အဆောက်အဦကြီးမားသော သိုလှောင်ရုံကြီးများတွင် ကြမ်းပြင်မှ လေပေးမြောင်းများ ထည့်၍ တခါတည်းသိုလှောင်ပြီး အခြောက်ခံခြင်း ဖြစ်ပါသည်။ အပူချိန်နည်းနည်းဖြင့် တဖြည်းဖြည်းအခြောက်ခံခြင်းကြောင့် ဆန်ရည်ဆန်သား ပိုမိုကောင်း မွန်စေသည်။
ဤအခြောက်ခံစက်၏အားသာ ချက်များမှာ စပါးများစွာ သိုလှောင်အခြောက်ခံနိုင်ခြင်းနှင့် စပါးအရည်အသွေး အကောင်းဆုံးရရှိစေခြင်းတို့ ဖြစ်ပါသည်။ အားနည်းချက်များမှာ အစိုဓါတ် ပါဝင်မှုမြင့်မားသော စပါးများအတွက် ကြိုတင်အခြောက်ခံရန် လိုအပ်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ရှိပါက စပါး ပျက်စီးဆုံးရှုံးမှုများနိုင်ခြင်းတို့ ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် တောင်သူ လယ်သမားများအနေဖြင့် မိမိတို့၏ ထုတ်ကုန် ဆန်စပါးအား အရည်အ သွေးကောင်းမွန်စွာဖြင့် သိုလှောင်သိမ်းဆည်းနိုင်ရေးနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် စပါးအခြောက်ခံခြင်း နည်းစနစ်များအား ထိထိရောက်ရောက် အသုံးချရန် လိုအပ်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။
ဇော်ဇော်ထက်(စက်မှုလယ်ယာ)
၁။ စက်မှုလယ်ယာဦးစီးဌာန၊ မိရိုးဖလာလက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက်ချက်များ၊ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ။
၂။ Paddy Drying Systems by http://www.knowledgebank.irri.org/training/fact-sheets/postharvest-management/drying-fact-sheet-category/paddy-drying-systems-fact-sheet (18.10.2018)