ဂေဟစနစ်ကို ဖျက်ဆီးနိုင်သော စုပ်ခွက်ငါးများ

ဂေဟစနစ်ကို ဖျက်ဆီးနိုင်သော စုပ်ခွက်ငါးများ

စုပ်ခွက်ငါးများ

စုပ်ခွက်ငါးကို အင်္ဂလိပ်လို  "sucker mouth catfish" ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ “Hypo-stomus Plecostomus" ဟု အမည်တွင်ပြီး မြန်မာလို "ငါးခူမျိုးစိတ်" တစ်မျိုးဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ဒေသ တစ်ချို့တွင် စုပ်ခွက်ငါးကို ‘မြွေပွေးငါးခူ’ ဟုလည်း ခေါ်ကြပါသေးသည်။ထိုသာမက’သန့်ရှင်းရေးငါး၊ မှန်ကပ်ငါး၊ ချီးစားငါး၊သံချပ်ကာငါး’ ဟူ၍လည်း နာမည်အမျိုးမျိုးခေါ်ကြပါသည်။ပလီကို(plecos)ဟုလည်း လူသိများကြပြီး ရေညှိရေမှော်များကို စားသောကြောင့် အလှမွေးငါးကန်များကိုသန့်ရှင်းပေးသောငါးဟုလည်း ထင်ရှားသည်။

ပုံသဏ္ဍာန်နှင့် မူရင်းဒေသ

စုပ်ခွက်ငါး၏ ပုံသဏ္ဍာန်မှာ စုပ်ခွက်ပုံစံပါးစပ်၊ သံချပ်ကာပုံစံပါ ငါးခူမျိုးစိတ်တစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသ Family Loricariidae မှ ဆင်းသက်လာသော စုပ်ခွက်ငါးများကို အလှမွေးငါးအဖြစ် စီးပွားဖြစ်မွေးမြူကြသည်ကို တွေ့ရှိရသည်။ Plecos သို့မဟုတ် Algae eater အမည်ဖြင့် မူရင်းဒေသ တောင်အမေရိကနိုင်ငံမှ အခြားနိုင်ငံများသို့ လူကြိုက်အများဆုံး ရေချိုအလှမွေးငါးအဖြစ် ရောင်းဝယ်ခဲ့ကြပါသည်။ 

မျိုးရင်းအကြီးဆုံးဖြစ်သည့် Loricariidae(လူသိများသော သံ ချပ်ကာငါး သို့မဟုတ် စုပ်ခွက်ငါး)၏ အမည်ခံမျိုးစိတ် ၈၂၅ မျိုးခန့်တွင် ယနေ့အထိ စာရင်းဝင် ၇၀၉ ခု ရှိပါသည်။တောင်အမေရိကနိုင်ငံရှိ မျိုးရင်း၏ဝမ်းဘက်မျက်နှာပြင်သည်အမြင့်ထက်ကျယ်ပြန့်ပြီး ယင်း တို့၏ သံချပ်ကာကဲ့သို့ မာကြောသောအပေါ်ယံလွှာတစ်ခုလုံးသည် သံချပ်ကာသုံးတန်းသွား ကန့်လန့်ပုံစံဖြင့် ထူးခြားသောလက္ခဏာများကို တွေ့ရသည်။မျိုးစိတ်အားလုံးသည် အော်ဂဲနစ်ပစ္စည်းများနှင့် မြေ အောက်ကြမ်းပြင်အလွှာမှ ရေညှိ များ စုပ်ယူရန်အတွက် ကျယ်ဝန်း သော ပါးစပ်ပါရှိခြင်းကြောင့် စုပ်ခွက်ငါးအဖြစ်အမည်ပေးခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ 

ခန္ဓာဗေဒအချက်အလက်များ 

စုပ်ခွက်ငါး၏ ခန္ဓာကိုယ်သည် ရှည်မျောမျောရှိပြီး ကြမ်းတမ်းမာ ကျောသည့် အကြေးခွံများနှင့် ဖုံးအုပ်ထားသည်။ သံချပ်ဝပ်တန်ဆာကဲ့ သို့မာကျောသောကြေးခွံများကြောင့် လည်း ‘ချပ်ဝပ်ငါးခူ’ ဟုလည်းခေါ်ကြပါသေးသည်။ ထို့ပြင် စုပ်ခွက်ငါးများ၏ ကျောပေါ်တွင်ရှိသောဆူး တောင်မှာ မာကျောရုံသာမကပဲ အဆိပ်လည်းရှိပါသည်။ သို့သော်လည်း လူ့အသက်အန္တရာယ်ကိုထိခိုက်သည်အထိတော့ အန္တရာယ် မများကြပေ။

 စုပ်ခွက်ငါးများ၏ဝမ်းဗိုက်သည် ဖြူလွလွအရောင်ရှိပြီးကျန်ခန္ဓာ ကိုယ်တစ်ခုလုံးသည် အညိုရင့်ရင့်တွင် အဖြူအစက်အနက်စက်လေးများ ရှိတတ်ကြသည်။ အဖြူရောင်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်စသဖြင့် အရောင်ကွဲအနေနှင့်လည်း တွေ့မြင်နိုင်ပါသေးသည်။ ထို့အပြင် ပတ်ဝန်း ကျင်အနေအထားပေါ်မူတည်ပြီး အရောင်ပြောင်းလဲနိုင်စွမ်းလည်း ရှိကြပါသည်။

စုပ်ခွက်ငါး၏ပါးစပ်သည် ကြမ်းပြင် နှင့် တစ်ပြေးညီရှိနေပြီး ရေအောက်ကြမ်းပြင်ရှိ ရေညှိ၊ ရေမှော်များကို စုပ်ယူစားသောက်လေ့ရှိကြပါသည်။ မှန်ကဲ့သို့ချောမွေ့နေသော မျက် နှာပြင်မျိုးတွင်လည်း ယင်းငါးများသည် သေသေချာချာတွယ်ကပ်ပြီးနေနိုင်စွမ်း ရှိကြပါသည်။ 

နေထိုင်မှု

စုပ်ခွက်ငါးသည် ရေအရည်အသွေး အမျိုးမျိုးပေါ်တွင် ခံနိုင်ရည်ရှိပြီး ရေသွက်တွင် နေထိုင်ရန် နှစ်သက်ကြသော်လည်း ရေစေးသောနေရာများတွင်လည်း အလိုက်သင့်ပြောင်း လဲနေထိုင်နိုင်ကြပါသည်။အက်စစ်ဆန်သော ရေနှင့်ထုံးဓာတ်များသော (pH 5.5 to 8.0)ရေတွင် အသက်ရှင်နေထိုင်နိုင်သကဲ့သို့အငန်နှုန်းအနည်းငယ်ရှိသော နေရာများတွင်လည်း နေထိုင်နိုင်ကြသည်။

 ဤငါးများ၏ အစာချေလမ်း ကြောင်းလုပ်ငန်းစဥ်သည် အသက် ရှူအင်္ဂါတစ်ခုကဲ့သို့ တည်ရှိပြီး ညစ် ညမ်းသောပတ်ဝန်းကျင်တွင် ခံနိုင်စွမ်းရှိပြီး အသက်ရှင်နိုင်ကြသည်။      စုပ်ခွက်ငါးသည်အူနံရံများမှတစ်   ဆင့် အောက်ဆီဂျင်ထုတ်ယူရှူသွင်းနိုင်၍ စိုစွတ်သော တွင်းများနှင့် ရေမစီးသော ခြောက်သွေ့သည့် နေရာများ၌ပင် အသက်ရှင်နေထိုင်နိုင်ကြသည်။ ထို့အပြင် ခန္ဓာကိုယ် ဇီဝဖြစ်စဥ်ကို ထိန်းညှိပေးသကဲ့သို့ အောက်ဆီဂျင်အလုံအလောက်မရရှိနိုင်သောနေရာ သို့မဟုတ် မိုးခေါင်သောကာလအတွင်း ဆိုးရွားသော ပတ်ဝန်းကျင် အခြေအနေများတွင်လည်း ခံနိုင်ရည်ရှိကြသည်။ Loricariidae ငါးများ၏ ဇီဝ ကမ္မသည် အခြားခံနိုင်ရည်နည်းပါး သော ဒေသရင်း/တိုင်းရင်းငါးများထက် အားသာချက်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နေရာများတွင် အခြေချနေထိုင်ရန်အတွက် အခွင့်အရေး ကောင်းတစ်ခု ဖြစ်သည်။ 

မျိုးပွားခြင်းနှင့် အစာစားခြင်း

စုပ်ခွက်ငါးမများသည် မျိုးပွားချိန်တွင် ရေအောက်ကြမ်းပြင်ကို ကျင်းအဖြစ်တူးကာ ဥ ချတတ်ကြပြီး သားငယ်များအားထိန်းသိမ်းစောင့်ရှောက် တတ်ပါသည်။ စုပ်ခွက်ငါးမတစ်ကောင်သည် ဥတစ်ကြိမ်ဥလျှင် ဥပေါင်း ၂၀၀၀ ခန့် ဥ ဥလေ့ရှိပြီး စုပ်ခွက်ငါးများ၏ သက်တမ်းမှာ၂၀-၃၀ နှစ်အထိ အသက်ရှည်ကြပါသည်။

 စုပ်ခွက်ငါးများသည် ရေညှိ၊ ရေမှော်ပင်၊ ကြာပင်နှင့် ကန်စွန်းရွက်ကဲ့သို့အရွက်များကိုလည်းနှစ်ခြိုက် စွာ စားသုံးလေ့ရှိပါသည်။ ထို့ပြင် အခြားရေသတ္တဝါငယ်လေးများ၊ အင်းဆက်သားလောင်းများနှင့် ငါးသားလောင်းလေးများကိုလည်း စားသောက်ပစ်ကြပါသည်။ အကျိအချွဲများကိုအလွန်နှစ်သက်သဖြင့် အခြားငါးများ၏ခန္ဓာကိုယ်တွင် ကပ်နေသည့် အကျိအချွဲများကိုလည်း အတင်းတွယ်ကပ်ပြီး စုပ်ယူစားသောက်တတ်ကြသဖြင့် စုပ်ခွက်ငါး၏ စုပ်အားကြောင့် တခြားငါးများမှာ ဒဏ်ရာအနာတရဖြစ်ကြသလို စူးရှမာကျောသောဆူးတောင်များ၊ အကြေးခွံများနှင့်ထိုးမိသည့်အတွက် လည်း ဒဏ်ရာရတတ်ကြပါသည်။

စုပ်ခွက်ငါးသည် အရွယ်အစားအားဖြင့် အထီး ၁၆ လက်မ၊အမ ၁၈ လက်မခန့်ရှိပြီး သဘာဝရေပြင်တွင် (လက်မ ၂၀-၂၄) အထိ ကြီးထွားနိုင်ကြသည်။ အလေးချိန် ၃ပေါင်အထိ ရှိနိုင်ပါသည်။

စုပ်ခွက်ငါး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း အကြောင်းအရင်း

စုပ်ခွက်ငါးများသည် မြန်မာ့ဒေသရင်းမျိုးစိတ်များ မဟုတ်ဘဲ ပြည်ပမှတင်သွင်းလာသော မျိုးစိတ်များဖြစ်သည်။ အဓိကအားဖြင့် အလှမွေးငါးလုပ်ငန်းရှင်များသည်ပြည်ပနိုင်ငံများမှစုပ်ခွက်ငါးမျိုးစိတ်များအား ပြည်တွင်းအလှမွေးငါးမြူသူများသို့ တစ်ဆင့်ရောင်းချပြီး မွေးမြူသူများထံတွင် အကောင်ကြီး ဖြစ်လာပြီး ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘဲ နီးစပ်ရာမြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းကြောင့် လည်း ကောင်း၊ ဘာသာရေးဓလေ့ထုံးစံအရ ငါးလွှတ်ခြင်းများတွင် ယင်းငါးများအား မြစ်ချောင်းများ၊ရေကန်များအတွင်း လွှတ်ချမှုတို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

စုပ်ခွက်ငါးနှင့် ဂေဟစနစ်

မြန်မာနိုင်ငံတွင် ၂-၃ နှစ်ကြာမှ တစ်ကြိမ် ရေခန်းငါးထုတ်ဖော်ခြင်းရာသီဥတုပြောင်းလဲခြင်းတွင်အပူ ချိန်မြင့်မားလာခြင်းကြောင့် ငါးကန်အောက်ခြေတွင် ရေညှိရေမှော်များ၊အော်ဂဲနစ်အဆွေးများ ပိုမို၍ အစုအ ပုံ ဖြစ်နေစေခြင်းမှာ စုပ်ခွက်ငါး (plecos) များ ရှင်သန်ပေါက်ပွားရန် အခြေအနေကောင်းများကို ဖြစ်ပေါ်စေပါသည်။

စုပ်ခွက်ငါးသည်အစားသောင်းကျန်း လွန်းပြီး တွေ့ကရာအကုန်စားပစ်တတ်သည့် အလေ့အထရှိသော ကြောင့် အခြားရေနေသတ္တဝါများအတွက် အစာဂေဟစနစ်ကို ပျက်စီးစေနိုင်ပါသည်။ ငါးသားလောင်းများကိုလည်း ဖမ်းယူစားသောက်တတ်သကဲ့သို့ အပင်များတွင် ကပ်ပြီး ဥချထားသော ဥများကိုလည်းစားသောက်ပစ်ကြသည့်အတွက် တချို့သော ငါးမျိုးစိတ်များကိုလည်း မျိုးတုံးစေနိုင်ပါသည်။

ရေပေါ်နှင့် တခြားအင်းဆက်အပင်များ၊ ရေအောက်ရှိအပင်အမျိုးမျိုးကိုလည်း စားသောက်ပစ်တတ်သောကြောင့်ရေဝပ်ဒေသ၏ ရေအရည်အသွေးကို ကျဆင်းစေပြီးတခြားငါးများအတွက်လည်း အစာကွင်း ဆက်ပြတ်ကာ အစာရေ စာရှားပါးမှုကိုဖြစ်ပေါ်စေသည်။

စုပ်ခွက်ငါးများသည် နေရာဒေသအမျိုးမျိုး၌ အံဝင်ခွင်ကျနေနိုင်ပြီး ခံနိုင်ရည်မြင့်မားလှသည်။ နောက်ကျိလွန်းသော ဗွက်ရေထဲတွင်လည်း ရှင်သန်နိုင်ကြသကဲ့သို့ မာကျောသည့်အကြေးခွံများကြောင့် ငါးဖမ်း စားလေ့ရှိသော အသားစားကြူးသည့် တခြားငါးမျိုးစိတ်များကပင် စုပ်ခွက်ငါးကို ဖမ်းမစားကြပေ။ စုပ်ခွက်ငါးများသည်မျိုးပွားနှုန်းမြန် သောကြောင့် ရေချိုသယံဇာတအတွက်မူ အန္တရာယ်ရှိလှပေသည်။

စုပ်ခွက်ငါးများကြောင့် မွေးမြူရေးငါးများ အစာလုံလောက်မှု မရှိခြင်း၊မွေးမြူရေးငါးများ၏ နေရာကို ခွဲဝေယူထားသဖြင့် ရေရှည် အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။

ဆက်လက်ဖော်ပြပါမည်။

ပင်လယ်ပြာ(ငါးဦးစီး)